သမိုင်းနဲ့ အစဉ်အလာ ဖြစ်ရပ်များ၊ အမှတ်တရများ မြန်မာပြည်တွင်း

မြတ်လှိုင်း- ကြိုးကြာငှက်တို့ရဲ့အပြန်လမ်း

ကြိုးကြာငှက်တို့ရဲ့အပြန်လမ်း
(ဒေါက်တာစိန်ဝင်း)
မြတ်လှိုင်း
(မိုးမခ) ဇူလိုင် ၂၁၊ ၂၀၁၈

ပြောမယ်ဆိုရင်ကျွန်တော်တကယ်မသိခဲ့ပါ။ ဒီအမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) ကိုမတရားအသင်းကြေညာခဲ့တာ၊ အကြမ်းဖက်သူများလို့ သတ်မှတ် ခဲ့တာ ဘယ်တုန်းကလဲဆိုတာ။ ကျွန်တော်သိခဲ့တာက အမျိုးသားညွန့်ပေါင်းအစိုးရရဲ့ဝန်ကြီးချုပ်က ဒေါက်တာစိန်ဝင်း ဆိုတာရယ်၊ ၂၀၁၂ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်အမေရိကားမသွားခင်မှာ အမျိုးသားညွန့်ပေါင်းအစိုးရ(NCGUB) ကိုဖျက်သိမ်းလိုက်ပြီဆိုတာ လောက်ပဲ သိခဲ့ရပါတယ်။၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အင်အယ်ဒီအနိုင်ရပြီး အစိုး ရဖွဲ့ခွင့်ရတော့ ဒေါက်တာစိန်ဝင်းတယောက် အမိမြန်မာပြည်ကိုပြန်လာနိုင်တော့မယ်ဆိုပြီး ဝမ်းသာမျှော်လင့်နေမိပါသေးတယ်။
ဒေါက်တာစိန်ဝင်းဟာ ၁၉၉၀ ခုနှစ်က အင်အယ်ဒီအထွေထွေရွေးကောက်ပွဲအနိုင်ရတဲ့အချိန်မှာ ရွေးကောက်ခံလွှတ်တော်ကိုယ်စား လှယ်တဦးဖြစ်နေပါတယ်။ အင်အယ်ဒီပါတီကနေ ဝင်အရွေးခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်မဟုတ်ပေမယ့် တကယ်လို့ အင်အယ်ဒီ ပါတီကိုမတရားအသင်းကြေညာလိုက်ရင်ဆိုတဲ့အတွေးနဲ့ သက်ကယ်ပါတီတခုအနေနဲ့ ”အမျိုးသားဒီမို ကရေစီပါတီ” အဖြစ်ဖွဲ့ပြီး အထွေထွေရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်ထားခဲ့တာပါ။ အဲဒီ ”အမျီုးသားဒီမိုကရေစီပါတီ” ရဲ့ဥက္ကဋ္ဌကို ဒေါက်တာစိန်ဝင်း တာဝန်ယူခဲ့ရတာပါ ။ အတွင်းရေးမှူးကိုမြင့်ဆွေ(ကဗျာဆရာတင်ဆွေမိုး)အလုပ်အမှုဆောင်တွေကတော့ ကိုစိုးဝင်း(အဖြူလေး)နဲ့ ကိုသိန်းဦးတို့ ပါဝင် ခဲ့ပါတယ်။ ဒေါက်တာစိန်ဝင်းက အဲဒီအမျိုးသားဒီမိုကရေစီပါတီကနေ ရွေးကောက်ပွဲအနိုင်ရခဲ့တဲ့ ၉၀ ခုနှစ် လွှတ်တော်ကိုယ်စားလှယ်တယောက်ဖြစ် နေတာပါ။ 

ဒေါက်တာစိန်ဝင်းဟာ အမျိုးသားခေါင်းဆောင်ကြီး၊ အာဇာနည်ဗိုလ်ချုပ်အောင်ဆန်းရဲ့အစ်ကိုရင်းဖြစ်တဲ့ အာဇာနည်ဦးဘဝင်းရဲ့သားဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်ရဲ့အစ်ကိုတစ်ဝမ်းကွဲဖြစ်ပါတယ်။ 

အစ်ကိုတွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အားအကိုးဆုံးအစ်ကိုတယောက်ကိုပြပါဆိုရင် ဒေါက်တာစိန်ဝင်းကို ပြရပါလိမ့်မယ်။ သင်္ချာဘာသာနဲ့ ပါရဂူဘွဲ့ယူခဲ့သူပါ။ ဒေါက်တာစိန်ဝင်းဟာ ဂျာမနီနိုင်ငံ ဟမ်းဘတ်တက္ကသိုလ်က မဟာသိပ္ပံဘွဲ့နဲ့ ပါရဂူဘွဲ့ကိုရခဲ့ပါတယ်။


၁၉၉၀ ခုနှစ်မှာ ဒေါက်တာစိန်ဝင်းက အင်အယ်ဒီရဲ့ဗဟိုတတ်သိအဖွဲ့ဝင်ဖြစ်သလို မှတ်တမ်းလွှာရဲ့ဘဏ္ဍာရေးမှူးတာဝန်/wbr>ယူခဲ့ရပါတယ်။
၉၀ ခုနှစ်က အင်အယ်ဒီကထုတ်ဝေတဲ့မှတ်တမ်းလွှာရဲ့အယ်ဒီတာတွေအဖြစ် ကျွန်တော်နဲ့ကိုအောင်ကျော်ဦး(ကိုပိန်ပိန်)တို့ကတာဝန်ယူခဲ့ရတဲ့အချိန်မှာ ဒေါက်တာစိန်ဝင်းက ဘဏ္ဍာရေးမှူးတာဝန်ယူနေရတော့ အမြဲထိတွေ့ဆက်ဆံနေရပါတယ်။ အလွန်ခင်မင်ခဲ့ကြရပါတယ်။ ဒေါက်တာစိန်ဝင်းကို ကျွန်တော်တို့ နောက်ရယ်ပြောင်ရယ်နဲ့ နေခဲ့ကြတာပါ။ ကျွန်တော်တို့ နောက်ပြောင်တာကို ပြုံးပြုံးကြီးနဲ့ကြည်နေတတ်ခဲ့သူဖြစ်ပါတယ်။

အမှတ်တရကတော့ ကိုစိုးဝင်း (အဖြူလေး) အိမ်အပေါ်ထပ်မှာပေါ့။ ဒေါက်တာစိန်ဝင်းက သူ့တပည့်မ မိန်းမငယ်ငယ်လေးယူလို့ စားရင်းသောက်ရင်းနဲ့ နောက်ပြောင်နေခဲ့တာကို အမှတ်ရနေဆဲပါ။

ကျွန်တော်တို့တွေ အမေရိကန်သံရုံးကအခမ်းအနားတခုခုလုပ်လို့ဖိတ်ရင် အတူတူသွားခဲ့ကြပါတယ်။ အခမ်းအနားမှာ ဘီယာဗူးတွေလိုက်ပေးရင်ယူထားပြီး ကျွန်တော့်ကို အမြဲပြန်ပေးလေ့ရှိတာကိုလည်း သတိရနေပါတယ်။ ဒေါက်တာစိန်ဝင်းက ဆေးလိပ်၊ ကွမ်း၊ အရက် သောက် တတ်သုံးတတ်သူမဟုတ်ပါဘူး။ ပြောတာဆိုတာလည်း ပြုံးပြုံးလေးနဲ့ပဲ ပြောတတ်ဆိုတတ်ပါတယ်။
ဒါပေမဲ့ အလုပ်လုပ်တဲ့နေရာမှာတော့ ပြတ်ပြတ်သားသား တိတိကျကျလုပ်ကိုင်တတ်သလို အလုပ်နဲ့ပတ်သက်ပြီးပြောရင်လည်း တိတိကျကျပြောတတ်ပါတယ်။ ကျွန်တော်နဲ့ ကိုပိန်ပိန်နဲ့ပတ်သက်ရင်တော့ တော်တော်လိုက်လျောပါတယ်။ ဥပမာအနေနဲ့ပြောရရင် မှတ်တမ်းလွှာထုတ်လုပ်မှုစရိတ်တွေ စာရင်းရှင်း ကြတဲ့အခါ ကျွန်တော်နဲ့ကိုပိန်ပိန်က ညနေတိုင်းအရက်သောက်တဲ့စာရင်းကို ထည့်ရေးပါတယ်။ 
ကျွန်တော်တို့ နှစ်ယောက်ထဲအရက်သောက်တတ်တာက မြေနီကုန်း၊”အလင်းရောင်” နဲ့ မြေနီကုန်းညဈေးထဲက” ရွှေပုဇွန်”ခေါက်ဆွဲကြော်ဆိုင်မှာ ဘီအီး(အရက်ဖြူ)သောက်တတ်ပါတယ်။ ကျွန်တော်တို့မှတ်တမ်းလွှာထုတ်လုပ်တဲ့အသုံးစရိတ်မှာ အရက်သောက်တဲ့စာရင်းကိုကြည့်ပြီး ဒေါက်တာ စိန်ဝင်းက ရီ(ရယ်) ပါလေရော။
”နေ့စဉ်ထမင်းစရိတ်ကထားပါတော့၊ အရက်သောက်တာကိုစာရင်းထဲထည့်တင်တာ တရားမဝင်ဘူးကွ” လို့ ပြောပါတယ်။

”သွားတဲ့လာတဲ့ကားခတော့မတင်ပဲနဲ့ အရက်ဖြူသောက်တာကျတော့တင်ရတယ်လို့ကွာ” လို့ပြောတော့ ကျွန်တော်က ”ကျွန်တော်တို့ဘယ် သွားသွား ကိုစောလှိုင်က သူ့ကားနဲ့လိုက်ပို့တာဆိုတော့ ကားခမကုန်ဘူးလေ” လို့ ပြောလိုက်ပါတယ်။ ကိုစောလှိုင်ဆိုတာက ဒဂုံမြို့နယ် ယောမင်းကြီးလမ်းမှာနေတဲ့ မြို့နယ်အင်အယ်ဒီတာဝန်ခံပါ။ ကျွန်တော်နဲ့ကိုပိန်ပိန်ကို ခင်လို့ နေ့စဉ်ကားတစီးနဲ့ လိုက်ပို့နေတတ်ပါတယ်။ ”ကိုစောလှိုင်ကစေတနာနဲ့လိုက်ပို့ပေမယ့်၊ ထုတ်လုပ်စရိတ်ထဲမှာသွားလာစရိတ်တင်ရတယ်၊ အဲဒီ သွားလာစရိတ်နဲ့အရက် သောက်ပေါ့၊ ပိုရင်တောင်ပိုဦးမယ်” လို့ ဒေါက်တာစိန်ဝင်းက ပြုံးပြုံးကြီးနဲ့ လမ်းညွှန်ပြပါတော့တယ်။

ဟုတ်တော့လည်း ဟုတ်ပါတယ်။ ကျွန်တော်တို့နေ့စဉ်သွားလာနေရတဲ့လမ်းကြောင်းတွေကမနည်းပါဘူး။ ဘားလမ်းကဦးတင်စိုးရဲ့စပယ်ဦးပုံနှိပ်တိုက်၊ ၄၈ လမ်းက ကိုကျော်ဝင်းရဲ့သုခဝတီပုံနှိပ်တိုက်၊ ကျောက်မြောင်းက ဖလင်မောင်မျိုး (ပန်းချီတင်လှဝင်းထင် သား)၊ ကျောက်မြောင်းက ကိုမောင်မောင်နိုင်ရဲ့ မေတ္တာမိုး အော့ဖ်ဆက်၊ လမ်း ၃၀ က ဒေါ်မြင့်မြင့်တင်ရဲ့ မြင့်သီဂီအောဖ့်ဆက် တွေကို နေ့စဉ်သွားလာနေရတဲ့ ခရီးတွေမနည်းပါဘူး။ ဒီခရီးစဉ်တွေအတွက်တက္ကစီကားငှားတဲ့စရိတ်ကိုစာရင်းပြပြီးတင်ရင် ကျွန် တော်နဲ့ ကိုပိန်ပိန်အတွက် ညနေတိုင်းဘီအီးသောက်နိုင်နေပါတယ်။ အဲဒီအချိန်တုန်းက ညနေဖက်ကိုစားသောက်ဆိုင်ကြီးတွေမှာ လိုက်ဒကာခံကြ မယ့်သူတွေကလည်း အမြဲလိုပေါ်လာတတ်ပါတယ်။ ကျွန်တော်တို့အတွက် အသုံးစရိတ်ကဘာမှမရှိပါဘူး။ ကျွန်တော်နဲ့ကိုပိန်ပိန်ကိုတစ်လလေးရာ ကျပ်ပေးထားပါသေးတယ်။ ကိုယ်လုပ်ချင်တဲ့မှတ်တမ်းလွှာကိုလုပ်ခွင့်ရနေတာကိုပဲ နှစ်သက်ပျော်ရွှင်နေတတ်ကြတာပါ။ ကျွန်တော်တို့ပြန်ကြားရေး က အုပ်စုလေးတအုပ်စုလိုဖြစ်နေပြီး စိတ်တူကိုယ်တူလက်တွဲပြီးပျော်ရွှင်စရာကောင်းခဲ့ပါတယ်။
ဒေါက်တာစိန်ဝင်းဟာ ကျွန်တော်တို့ပြန်ကြားရေးအုပ်စုနဲ့နေရတာပျော်ရွှင်နေတတ်ပါတယ်။ ပြုံးပြုံး ပြုံးပြုံးနဲ့ စကားသိပ်မပြောတတ်ပါဘူး။ ဒါပေမဲ့ စစ်အာဏာရှင်တွေအပေါ်ကိုတော့ ပြတ်ပြတ်သားသား ဆန့်ကျင်တတ်တဲ့လူတယောက်ပါ။ အပြောပြတ်သားသလို စိတ်လည်း ရဲရင့်ပြတ် သားပါတယ်။

အင်အယ်ဒီအနိုင်ရလွှတ်တော်ကိုယ်စားလှယ်များရဲ့ပထမအကြိမ်အစည်းအဝေး(ဂန္ဒီခန်းမ)မှာ ကျင်းပတော့ ဒီဂန္ဒီခန်းအစည်းအဝေး ကနေပြီး လွှတ်တော်အဖြစ်ကြေညာဖို့ ဒေါက်တာစိန်ဝင်း တက်ဖတ်တဲ့စာတမ်းဟာ စစ်အာဏာရှင်ကို တင်းမာပြတ်သားစွာစိန်ခေါ်မှုပါပဲ။ ဂန္ဒီခန်းမမှာထက်ရောက်နေတဲ့အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်က ၈၀ ရာခိုင်နှုန်းကျော်ရှိတဲ့အတွက် ဒီဂန္ဒီခန်းမကနေ လွှတ်တော်အဖြစ်ကြေညာ လိုက်ပြီး အစိုးရဖွဲ့ဖို့ဆိုတဲ့အဆိုကိုတင်ခဲ့တာပါ။ ဒီဂန္ဒီခန်းမစာတမ်းက ဒေါက်တာစိန်ဝင်းကို စစ်အာဏာရှင်အစိုးရအနေနဲ့ ပိုပြီးသတိပြုမိသွားစေပါ တယ်။


အဲဒီ့ဂန္ဒီခန်းမအစည်းအဝေးပြီးနောက်ပိုင်းမှာ စစ်ထောက်လှမ်းရေးက အင်အယ်ဒီမှာ တင်းမာတဲ့တတိယအုပ်စုတခု ပေါ်ပေါက်လာ တယ်လို့ သတ်မှတ်လိုက်တာပါ။ အင်အယ်ဒီမှာအုပ်စုနှစ်အုပ်စု အားပြိုင်နေတဲ့အချိန်ပါ။ မျိုးချစ်တပ်မှူးဟောင်းများအုပ်စုနဲ့ တတ်သိအုပ်စုပါ။ ဂန္ဒီအစည်းအဝေးနာက်ပိုင်းမှာ ကြေညာချက် ၅/၉၀ ထွက်ပြီး တတ်သိအုပ်စုကို ပျော့ပြောင်းသွားတယ်လို့ ထင်မှတ်ခံခဲ့ရပါတယ်။

ဂန္ဒီအစည်းအဝေးမှာဆုံးဖြတ်ခဲ့တဲ့လုပ်ငန်းစဉ်မှာ လွှတ်တော်ခေါ်ယူရေးကို အဓိကထားခဲ့ပါတယ်။ လွှတ်တော်ခေါ်ယူပြီး လွှတ်တော်ကဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲမယ်ဆိုတဲ့သဘောထားပါ။ ၅/၉၀ ကို ကြေညာချက်အဖြစ်ထုတ်ပြန်လိုက်တော့ ဖွဲ့စည်းပုံကိုအရင်ရေးဆွဲပြီး ဒီဖွဲ့စည်းပုံအရ လွှတ်တော်ခေါ်ယူမယ်ဆိုတဲ့ သဘောထားဖြစ်သွားခဲ့ပါတယ်။ အဲဒီ ၅/၉၀ ကြေညာချက်ကြောင့် အင်အယ်ဒီပါတီတွင်းမှာ ပြဿနာ တွေဖြစ်ပြီး တတိယအုပ်စုပေါ်လာခဲ့ပါတယ်။ ဒီစစ်အာဏာရှင်စနစ်အပေါ် တင်းမာတဲ့သဘောထားရှိသူ တတိယအုပ်စုကိုဦးဆောင်သူ တွေကတော့ ဒေါက်တာစိန်ဝင်း၊ ဦးတင်မောင်ဝင်း(ခရမ်း)၊ ဒေါက်တာမောင်မောင်စော၊ ဦးသိန်းတင်၊ ဦးမြဝင်း(အင်္ဂပူ)၊ ပီတာလင်းပင်၊ ဒေါ်စန်းစန်း(ဆိပ်ကမ်း) တို့ပါပဲ။

ဒီအုပ်စုက အမရပူရအပါအဝင် လျှို့ဝှက်အစည်းအဝေးပြုလုပ်ပြီး စင်ပြိုင်အစိုးရကိုဖွဲ့စည်းနိုင်ဖို့ ပြင်ဆင်ပါတယ်။ ဒါကိုစစ်ထောက် လှမ်းရေးကသိသွားပြီး စတင်ဖမ်းဆီးပါတော့တယ်။ 

ဦးတင်မောင်ဝင်းတို့အဖမ်းခံလိုက်ရပေမယ့် ဒေါက်တာစိန်ဝင်းတို့က တဖက် ထိုင်းနယ်စပ်ကို ထွက်သွားပါတယ်။ အင်အယ်ဒီရဲ့အမာလိုင်း တတိယအုပ်စုကိုဖမ်းပြီးတော့ ဦးကြည်မောင်၊ ဦးကျော်မင်း(ပိသုကာ)၊ ဦးခင်မောင်ဆွေတို့ဦးဆောင်တဲ့တတ်သိအုပ်စုကိုပါ ဖမ်းလိုက်ပါတော့တယ်။ 

အင်အယ်ဒီပါတီတွင်းအားပြိုင်နေတဲ့ မျိုးချစ်တပ်မှူးဟောင်းအုပ်စုနဲ့ တတ်သိအုပ်စုနှစ်အုပ်စုမှာ၊ ဦးအောင် ရွှေဦးဆောင်တဲ့မျိုးချစ် တပ်မှူးဟောင်းအုပ်စုတခုထဲသာ ကျန်နေပါတော့တယ်။ ၁၉၉၀ ဒီဇင်ဘာလလောက်ရောက်တော့ လွတ်မြောက်နယ်မြေလို့ဆိုကြတဲ့ မာနယ်ပလော မှာ ဒေါက်တာစိန်ဝင်းကိုဝန်ကြီးချုပ်တင်ပြီး ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရ ဖွဲ့လိုက်တယ်ဆိုတဲ့သတင်း ကြားလိုက်ကြရပါတယ်။

မာနယ်ပလောနယ်မြေမှာ တပ်ပေါင်းစုနဲ့အတူ ဒေါက်တာစိန်ဝင်း -(Google)
၂၀၁၅ ခုနှစ်မှာ ဒေါက်တာစိန်ဝင်းရဲ့ညီမ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့အစိုးရတရပ်ကိုဖွဲ့စည်းနိုင်တော့ ဒေါက်တာစိန်ဝင်း မြန်မာပြည်ကိုပြန်လာနိုင်ပြီလို့ ထင်ခဲ့ပါတယ်။ အများကြီးလည်း မျှော်လင့်ခဲ့မိပါတယ်။ ဒေါက်တာစိန်ဝင်းလို ပီဘိပညာရှင်စစ်စစ်တယောက်လည်းဖြစ်၊ နူးညံ့တဲ့စိတ်သဘောထားရှိသူလည်းဖြစ်၊ နိုင်ငံရေးမှာလည်း စိတ်ခိုင်မာပြတ်သားတဲ့သူတယောက်သာရှိနေခဲ့မယ်ဆိုရင် နိုင်ငံရေး ဦးဆောင်မှုအပိုင်းမှာ သူတကယ်ယုံကြည်တဲ့ သူ့ညီမကို အများကြီးကူညီနိုင်လိမ့်မယ်လို့ ထင်ပါတယ်။

ဒေါက်တာစိန်ဝင်းဟာ မြန်မာပြည်ကို တကယ်ချစ်တဲ့သူတယောက်ပါ။ သူ့ဖခင် အာဇာနည်ဦးဘဝင်းနဲ့ သူ့ဦးလေး ဗိုလ်ချုပ်အောင်ဆန်းတို့လို မြန်မာပြည်အတွက် ဘဝတခုလုံးကို မြှုပ်နှံထားမယ်လူမျိုးဖြစ်တယ်ဆိုတာ လုံးဝသံသယဖြစ်စရာမလိုတဲ့သူပါ။

ဒေါ်အောင်ဆန်းစုကြည်အစိုးရဖွဲ့နိုင်တော့ သူမြန်မာပြည်ကိုပြန်လာဖို့ ဆောင်ရွက်ခဲ့ပါသေးတယ်။ ဒါပေမဲ့ သူထင်သလိုဖြစ်မလာခဲ့ပါဘူး။ ဒေါက်တာစိန်ဝင်း မြန်မာပြည်ကိုပြန်လာချင်လို့ဆိုတဲ့စကားလေးကို မိုးမခမဂ္ဂဇင်းမှာဖတ်မိပြီး တော်တော်စိတ်မကောင်း ဖြစ်လိုက်ရပါသေးတယ်။


သူပြောသွားတာက …
”နေကောင်းပါတယ်ခင်ဗျ၊ ကောင်းတယ်ဆိုသော်လည်း ဆေးတွေတော့စားနေရတာပေါ့။ ကျွန်တော်က နှလုံးရောဂါတော့ ရှိတယ်လေ၊ သည်တော့ဆေးတွေစားနေရတာပေါ့” ။

မြန်မာပြည်ပြန်ဖို့ဆိုတာကိုဖြေတဲ့နေရာမှာတော့ …
 ”ကျွန်တော်တို့ကလျှောက်တော့ အဲသည်တုန်းက ပြဿနာက ခံဝန်ချက်တွေထိုးရတာ၊ နိုင်ငံရေးမလုပ်ပါဘူးတို့ဘာတို့၊ ခံဝန်ချက်ထိုးရတယ်။ အဲဒါကို ကျွန်တော်မကြိုက်ဘူး”။

အင်မတန်ဝမ်းနည်းစရာကောင်းတာက ”ဗမာပြည်မှာ အခြေအနေကပြောင်းနေပြီ။ ဒေါ်အောင်ဆန်းစုကြည်တို့ ရွေးကောက်ပွဲအနိုင်ရတယ်။ ဒီမိုကရေစီသွားနေပြီ။ ဒါဆိုရင် လွယ်လွယ်ကူကူဖြစ်ရမှာပေါ့ဗျာ။ တိုင်းပြည်ထဲဝင်တယ်ဆိုရင် တိုင်းပြည်ရဲ့ ဥပဒေတွေနဲ့ မကျေနပ်ရင် ပြန်မောင်းထုတ်လို့ရတယ်”။ 

”ကျွန်တော်တို့ကိုနိုင်ငံသားဟောင်းဆိုပြီးလုပ်တာကျတော့ ကျွန်တော်တို့က နိုင်ငံသားအဟောင်းလဲမဟုတ်ဘူးဗျ။ နိုင်ငံသားအသစ်လည်းမဟုတ်ဘူး ဗျ။ မြန်မာပြည်နိုင်ငံသားပဲ။ အဲဒါကိုတော့ ကျွန်တော်တို့မလျှော့ဘူး။ ဘယ်တော့မှမလျှော့ဘူး။ အဲဒါပါပဲ” တဲ့။
ဒေါ်အောင်ဆန်းစုကြည်၏အမေရိကန်ခရီးစဉ်တခုတွင်  ဒေါက်တာစိန်ဝင်းနှင့်အတူဆုံခဲ့ကြ
ပြောမယ်ဆိုရင် ဒေါက်တာစိန်ဝင်းက မြန်မာပြည်ကိုတကယ်ချစ်ပြီး မြန်မာပြည်အတွက် ကျရာနေရာကနေ အလုပ်အကျွေးပြုချင်သူပါ။ အခုဒေါက်တာ စိန်ဝင်းတို့ဖျက်ထားပြီးဖြစ်တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရ (National Coalition Govenment of Union of Burma-NCGUB) ကို မတရားအသင်းကနေဖျက်သိမ်းပြီး အကြမ်းဖက်သမားတွေမသတ်မှတ်တော့ဘူးဆိုတဲ့ကြေညာစာထွက်လာပါပြီ။ ဒီအမိန့်ကြေ ညာချက်နဲ့ ဒေါက်တာစိန်ဝင်းဟာ မြန်မာပြည်ထဲကိုပြန်ရင် ပြန်လာနိုင်ပါလိမ့်မယ်။
ဒေါက်တာစိန်ဝင်းပြန်ရောက်လာရင်တော့ မြန်မာနိုင်ငံအတွက်ရော သူ့ညီမ ဒေါ်အောင်ဆန်းစုကြည်အတွက်ပါ အားထားရာ အင်အားဖြစ် လာမယ်လို့ ယုံကြည်မိပါတယ်။
ကျွန်တော်တို့ရဲ့ပျော်ရွှင်စရာနှစ်ကာလများကတော့ ၁၉၉၀ ခုနှစ်မှာကျန်ခဲ့ပါပြီ။

မြန်မာ့စစ်အာဏာရှင်တွေရဲ့ကမ္ဘာကျော်လိမ်လည်မှုနဲ့အတူ နာမယ်ကြီးခဲ့တဲ့ မြန်မာပြည်ရဲ့ ၉၀ ခုရွေးကောက်ပွဲကိုပြန်တွေးမိရင် ပြန်မှတ်မိနေဦးမှာပါ။ 

မကြာခင်ရောက်လာတော့မယ့် “ကြိုးကြာငှက်တို့ရဲ့အပြန်လမ်းမထက်” ဆီကိုတင်ကြိုမျှော်လင့်ပြီး ကြိုဆိုချင်နေမိပါတော့တယ်။

မြတ်လှိုင်း



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts