ဥုံဖွ – “နာဠာဂီရိအား မျက်ရည်ခံထိုးခဲ့ရသော”
(မိုးမခ) ဇူလိုင် ၁၉၊ ၂၀၁၈
ဒီကောင်ကြီးနဲ့ ရေစက်ဆုံပဲ ဆုံနိုင်လွန်းတယ်။ သူ ကျောင်းစရောက်ရောက်ခြင်း သိပ်မခင်သေးဘူး။ အရေးတော်ပုံအပြီး သံဃာတွေကို “သင်္ကန်းဝတ်” ဆိုပြီး ခေါ်ဝေါ်သုံးနှုန်းတာကို မကျေနပ်လို့ မန္တလေးသံဃာတွေစုပြီး တိုက်ဟောင်းထဲမှာ ကန့်ကွက်တဲ့အခမ်းအနားကစပြီး အတူတွဲဖြစ်သွားတာ။ ပွဲတွေ စာပေဟောပြောပွဲတွေ သွားတော့လဲ အတူတူ၊ ကျောင်းသားအခမ်းအနားတွေ လိုက်စောင့်ရှောက်တော့လဲ အတူတူ၊ ဂျာနယ်တွေထုတ်ပြီး ပွဲစားတန်းတို့ ကျောက်ဝိုင်းတို့မှာ လိုက်ရောင်းကြတော့လဲ အတူတူ၊ နောက်ဆုံး မြတောင်ထဲမှာ ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်ပွဲ အပြီး ထွက်ပြေးကြတော့လဲ အတူတူ။
စာထဲမှာတော့ “ပုဗ္ဗေ၀ သန္နိဝါသေန၊ ပစ္စုပ္ပန္နဟိတေန ၀ါ။ ဧ၀ံ တံ ဇာယတေ ပေမံ၊ ဥပ္ပလံဝ ယထောဒကေ လို့ ရေးထားတယ်။ ရှေးဘ၀စဉ်ဆက် အတူနေခဲ့ ထိတွေခဲ့ဘူးတဲ့ သံယောဇဉ်ရယ်၊ လက်ရှိပစ္စက္ခဘ၀မှာ ဖြစ်တဲ့ အကျိုးစီးပွားရယ်ကြောင့် ချစ်ခြင်းတရားဟာ ရေမှာပွင့်တဲ့ကြာလို ငွါးငွါးစွင့်စွင့် ဖြစ်ပေါ်လာ သတဲ့။ အဲလိုချစ်ကြရအောင်လဲ သူလဲယောင်္ကျား၊ ကိုယ်လဲ ယောင်္ကျားဆိုတော့ ဒါလဲမဖြစ်နိုင်ဘူး။
သေချာတာကတော့ အရင်ဘ၀တွေက နှစ်ယောက်အတူတူ “ငှက်ဖြစ်ရင်လဲ တဂိုဏ်းထဲ၊ ငါးဖြစ်ရင်လဲ
တအိုင်ထဲ၊ ကြက်ဖြစ်ရင်လဲ တဘိထဲ၊ အရက်ဖြစ်ရင်လဲ တပုလင်းထဲ၊ အရက်သောက်ရင်လဲ တ၀ိုင်းထဲ သောက်ရပါစေလို့ ဆုတောင်းခဲ့မိလေသလား မသိဘူး။
လူ့ဘ၀ရောက်လို့ မိန်းမခိုးပြေးတော့လဲ သူ့ရွာခိုးပြေးခဲ့တာ။ အဆိုးရွားဆုံးသော တိုက်ဆိုင်မှု တခုကတော့
နှစ်လုံးထီ ရောင်းလို့ ရဲတွေရှာဖွေပြီး လက်ထိပ်ခပ်ပြီးတဲ့အချိန်မှာ ဖုန်းဝင်လာတယ်။ မကိုင်ရဲဘူး။ ရဲက
ကိုင်လိုက်ပါ ဆိုလို့ ကိုင်လိုက်တော့ သူ့ဖုန်း ဖြစ်နေတယ်။ ဒါနဲ့ ကိုယ်က ဦးအောင် “အရှင်ဘုရား … အမိန့် ရှိပါဘုရား၊ ဘာ ညာ နဲ့ဆရာတော်တပါးနဲ့ ပြောနေတဲ့ပုံစံ ဖန်တီးလိုက်ပြီး အသံနားထောင်လိုက်တော့ သူအမေဆုံးကြောင်း သိလိုက်ရတဲ့အချိန်မှာ ကိုယ်က ဦးအောင် … “တင်ပါ့ဘုရား၊ တပည့်တော်မလာနိုင်တော့ဘူး ဘုရား။ ဒီမှာ တပည့်တော်ကို ရဲတွေဖမ်းထားပြီဘုရား … ” လို့ပြောပြီး အမြန်ဖုံးချလိုက်တယ်။
သူကတော့ ကိုယ့်ကို ကြောင်တောင်တောင် လုပ်တယ်လို့ ထင်သွားပေမဲ့ ကိုယ်က ရဲတွေကို တကွက်ကျော်ပြန်ပြီး ရိုက်လိုက်တဲ့ရိုက်ချက်ပါ။ ဒီနေရာမှာ တရားခံတယောက်လို့ သတ်မှတ်ပြီး လက်ထိပ်ခပ်ထားတဲ့ လူတယောက်ကို ရဲက ဘယ်လိုသဘောကောင်းပြီး ကိုင်ခိုင်းတယ်ဆိုတာကိုတော့ … မပတ်
သက်ဖူးသူ၊ ရဲနဲ့ မဆက်ဆံဖူးသူတွေ သိကြမှာမဟုတ်ပါဘူး။
ဖုံးကိုင်လိုက်တဲ့အချိန်မှာ တစုံတယောက်ကဖြစ်ဖြစ်၊ ဒိုင်ကဖြစ်ဖြစ် ၂ လုံး ထီနဲ့ ပတ်သက်တဲ့စကားပြောလိုက်ရင် ဒီဖုံးကို သက်သေခံအဖြစ် သိမ်းမယ်၊ တဘက်က ပြောတဲ့သူကိုလဲ မေးပြီး ဖမ်းချင်ဖမ်းမယ်။ ငွေညှစ်ချင်လဲ ညှစ်မယ်။ ဒီလို ‘ရဲ သနားတာ ငါ သိပါတယ်ကွာ’ ဆိုတဲ့ အဖြစ်မျိုးကို ကြားဖူးနားဝ ရှိမထားရင် လ ပေး လေးနဲ့ ၀ယ်ထားတဲ့ ဒီဖုံးလေး ပါသွားပြီပေါ့။
ရဲတွေ သနားတတ်တဲ့အကြောင်းကို လယ်ဝေးမှာနေတုန်းက ကြုံတွေ့ ကြားသိခဲ့ရဘူးတဲ့ အဖြစ်အပျက်ကလေးနဲ့ ရှင်းပြအုံးမယ်။ လယ်ဝေးမှာ နှာနီကျော်ဝင်း ဆိုတဲ့ ရဲတယောက် ရှိခဲ့ဘူးတယ်၊ သူက သိပ်ပြီး သနားတတ်တယ်၊ ညပိုင်း ပတ္တရောင်လှည့်တဲ့အချိန်မှာ ညဥ့်ငှက်ကလေးတွေကို
တွေ့လို့ရှိရင် မဖမ်းဘူး၊ ဘာလုပ်တယ်မှတ်လဲ၊ ပျော်ပါးပြီး လွှတ်ပေးလိုက်တယ်၊ နောက်တနေရာမှာ အခြားတယောက်ကို တွေ့ပြန်ရင်လဲ ထိုနည်းအတိုင်းပဲ သနား လိုက်တယ်။ ကြာလာတော့ ညဥ့်ငှက်ကလေးတွေတိုင်းက သူ့ကို မြင်လိုက်တာနဲ့ “သနားတတ်တဲ့ လူကြီး လာနေပြီ” ဆိုပြီး ဆိုတတ်ကြတယ်။
နောက် ရဲတွေနဲ့ခင်လာတော့ သူတို့ ခံခဲရတဲ့အကြောင်းလေးတွေကို ပြန်ပြောပြတာလဲ သိခဲ့ရတယ်။ တခါက နှစ်လုံးထီရောင်းတဲ့ အမကြီးတယောက် သူ့ကို ဖမ်းတော့မယ်လို့ သိလိုက်တဲ့အချိန်မှာ ထမိန်ကိုချွတ်ချပြီး လယ်ဂျာစာရွက်တွေ၊ ဘောက်ချာစာအုပ်တွေ စိမ်ပြေ နပြေ အေးအေးဆေးဆေး ရဲတွေရှိတဲ့ဘက်ကို ဖင်ကုန်းပြီး မီးရှို့နေလို့ အဖွဲ့လိုက် ပြန်ပြေးလာရသတဲ့။ နောက်တခါ သတင်းရလို့ဆိုပြီး သွားကြည့်တော့ အသက် ၄၀ ကျော် မိန်းမ၀၀ကြီးတယောက် ရောင်းနေတာ တွေ့ရသတဲ့။ သူရောင်းတဲ့ပုံစံက သူ့ပေါင်ကြီးကို လှန်၊ ထိုးလိုသူ ပြောတဲ့ဂဏန်းကို ရေးမှတ်နေပြီး ဘောက်ချာလဲ မပေးဘူးတဲ့။ မောင်ဥုံဖွရယ် တကယ်လို့ ဖမ်းလိုက်ပါပြီတဲ့ တရားရုံးကို ဘာသက်သေခံပစ္စည်းနဲ့ တင်မလဲ အဲဒ့ါနဲ့ မြင်သာမြင်ပြီး မဖမ်းလိုက်ရဘူး … တဲ့။
“ဘာ … လိုင်းကြေးမပေးလို့ အဖမ်းခံရတာလား” ။ ဟုတ်လား၊ ဟင်း … ပေးလိုက်ရတဲ့လိုင်းကြေး၊ အပိုင်နယ်ထိန်း၊ နယ်ထိန်းအင်ချပ်၊ မြို့နယ်ရုံး၊ ခရိုင်ဒန၊ တိုင်းဒန၊ စီအိုင်ဒီ၊ ရဲကင်း စတဲ့ အဖွဲ့ပေါင်းစုံကိုပေးရတာ၊ မပေးမိတာက ရဲတွေရတာထက် ပိုပြီးလိုချင်တဲ့ “ရဲထက်ဆိုး အင်ဖော်မာ” ဆိုတဲ့ ကောင်တွေကို။ ဒီကောင်တွေက သူတို့ကိုယ်တိုင်သာ လမ်းသစ်ထွင်ပြီးဖြစ်မြောက်အောင် လုပ်မစားချင်ကြတာ၊ သူများတွေ အဆင်ပြေလာရင် ဟိုလူ့မျက်စောင်းထိုး၊ ဒီလူ့မျက်စောင်းထိုး လုပ်ချင်ကြတဲ့ကောင်တွေ၊ ရပ်ကွက်တကာလှည့် ဒိုင်တကာလှည့်ပြီး အခြေအနေသိပ်မကောင်းဘူး ဘာညာ သာဓကာ ပြောပြီး မသဒ္ဓါရေစာ တောင်းစားတတ်တဲ့ကောင်တွေ၊ နောက်ပြီး နယ်ထိန်းအင်ချပ် မသိတဲ့ စာရင်းပျောက် လိုင်း
ပျောက်တွေဆီက ပိုက်ဆံတွေယူပြီး ခြေပုန်းခုတ်တဲ့ကောင်တွေ၊ တောင်းလို့ မပေးလို့ကတော့ မပေးမိတဲ့ မိသားစုတွေကို ရှင်ကွဲ ကွဲအောင် လုပ်တတ်ကြတာ သူတို့ သဘာဝ။
အဲလို သူများ မိသားစုတွေကို ရှင်ကွဲကွဲအောင် လုပ်တဲ့ဝဋ်ကြွေးတွေကို နောင်ဘ၀ထိ မကူးပဲ ဒီဘ၀မှာတင်
၂ ကောင်လုံး ခံသွားရပါတယ်။ တကောင်က ရဲနဲ့ခင်တယ်၊ ရဲကိုပိုင်တယ် ဆိုပြီး ဆေးပြား အရောင်းအ၀ယ်လုပ်လို့ ထောင် ၁၅နှစ် ကျော် ကျသွားသလို၊ နောက်တကောင်ကြတော့ နောက်မိန်းမယူလို့ လက်ရှိ မိသားစုနဲ့ ကွေကွင်းသွားပါတယ်။
ပြောချင် ရေးချင်တာက ဒေါသကုမ္မာရအကြောင်း၊ နွှယ်ပြီး ပြောမိရေးမိတာက ရဲတွေ၊ အင်ဖော်မာတွေ အ
ကြောင်း။
သပိတ်မှောက်ကံဆောင်ပွဲအပြီးမှာ ထွက်ပြေးကြရင်း မင်းကွန်းဆရာတော်ဘုရားကြီးရဲ့ မိုးမိတ်ကုန်းမြေ
ကို ရောက်သွားကြတယ်။ ရောက်တဲ့နေ့ ညပိုင်းတီဗီအစီအစဉ်မှာ “ဦးကုသလ၊ ဦးလာဘတို့နဲ့ ဆက်နွယ်ပြီး မစိုးရိမ်တိုက်သစ်ကို ၀င်ရောက်ရှင်းလင်း” ဆိုတဲ့ သတင်းကြေငြာတယ်။ သတင်းကြေငြာအပြီး နောက်၂ရက် အကြာမှာတော့ ဆရာတော်ကြီးဆီကို ဦးစောမောင်ကိုယ်တိုင် ရောက်လာပြီး ‘မလွှဲမရှောင်သာလို့ မြို့ပေါ်က ကျောင်းတိုက်ကြီးတွေကို ၀င်ရကြောင်း’ စသဖြင့် လေပြေထိုးပါလေရော။
ဒီအချိန်မှာ ဒေါသတွေ တအားထွက်ပြီး မုန်ယိုနေတဲ့ မောင်ကုက ဦးစောမောင်ကို သူသေ ကိုယ်သေ ဓားနဲ့ဝင်ထိုးပါမယ် တကဲကဲနဲ့ ခါးကြားက ဓားကို ဆွဲထုတ်ပါလေရော။ တကယ်တန်း လုပ်ကြံမယ်ဆို သူသေ ကိုယ်သေ လုပ်ကြံလို့ရတဲ့အနေအထား၊ သံဃာတွေနဲ့ သူတို့ပဲရှိကြတာ၊ နောက်ပြီး သူတို့က သပိတ်ကို မြို့ပေါ်သံဃာတွေပဲ မှောက်ကြပြီး မိုးမိတ်မှာနေတဲ့ သံဃာတွေက သဘောမတူဘူးလို့ ထင်နေကြတာ၊ လုံခြုံရေးကလဲ ခပ်ရော့ရော့။
မစိုးရိမ် နှစ်တိုက်ကနေ နိကာယ်ကျက်နေတဲ့နောင်တော်ကြီးတွေရော၊ တောင်ငူ မြစည်းခုံစာသင်တိုက်
ကနေလာပြီး နိကာယ်ကျက်နေကြတဲ့ နောင်တော်ကြီးတွေကပါ မောင်ကုကို ၀ိုင်းချုပ် မျက်ရည်ခံထိုးပြီး …
“ဒီမှာ ညီလေး၊ ညီလေးတို့တတွေ ညီညီညွတ်ညွတ်နဲ့လုပ်ကြတဲ့ပွဲကို အကိုကြီးတို့ကိုယ်တိုင် မတက်ရောက်မပါဝင်ရလို့ သဘောမတူဘူး … ဒီလိုစိတ် မရှိဘူး … ထင်နေလား၊ တကယ်တော့ ငါ့ညီတို့လုပ်တဲ့ သတင်းတွေကို မပြတ်နားထောင်ပြီး ငါတို့ကိုယ်စား အားလုံးအတွက် ငါ့ညီလေးတွေ တက်တက်ကြွကြွ လုပ်နေကြပါလားဆိုပြီး ၀မ်းသာပီတိဖြစ်နေရတာပါ ညီလေးရာ။ နောက်တခုက” ဒီဆရာတော်ကြီးဆိုတာ ဗမာပြည်တင်မက ကမ္ဘာကပါ လေးစားကြည်ညိုတန်ဘိုးထားရတဲ့ ဆရာတော်ကြီး၊ ဒီလို ဆရာတော်ကြီး သီတင်းသုံးတဲ့နေရာမှာ သွေးမြေကျအောင်လုပ်လိုက်ရင် ငါ့ညီရဲ့သမိုင်းဟာ ဘယ်လို့မှ လှပနိုင်တော့မှာ မဟုတ်ဘူး” ဆိုပြီး နားချ မျက်ရည်ခံထိုးတော့မှ ဆင်မိုက်ကြီးမှာ ဒူးတုပ်ရရှာဖြစ်ပြီး လက်ထဲကဓားကို နောင်တော်ကြီးတွေဆီ အပ်လိုက်ပါတော့တယ်။
နောက်တနေ့ကြ ဦးသောင်းထွန်းရောက်လာပြီး … “ဦးဇင်းတို့ နေရာပြောင်းကြတော့၊ သတင်းပေါက်သွားပြီ …” လို့လဲပြောရော နာဠာဂီရိကြီး မိုးမွန်အောင် ဆဲတော့တာပဲ။
“ဘယ်သူ့ကို ဆဲရမှာလဲ၊ ရုပ်ဆိုးသလောက် သဘောကောင်း စိတ်ထားကောင်းမိတဲ့ ကိုယ့်ကို ပေါ့။”
ဖြစ်ပုံက ဦးစောမောင်လာမယ်ဆိုလို့ မနက်လေးနာရီလောက်ထဲက ကင်းစောင့်နေတဲ့ စစ်သားလေးတွေကို ဗိုက်ဆာနေရှာမှာပဲဆိုပြီး ငှက်ပျောဖီးတွေ သွားပေးမိတဲ့အဖြစ်ရယ်၊ ထောက်လှမ်းရေးက အသွင်ပြောင်း
ပြီး သူတောင်းစားယောင်ဆောင်ထားတဲ့သူကို ငှက်ပျောသီးတွေ သွားပေးမိတဲ့ ကိစ္စရယ်ကြောင့် ဖြစ်ပါ
ကြောင်း” ။ ။
ဥုံဖွ