ငြိမ်သက်ခြင်း၏ အခြားတစ်ဖက်မှာ
(ရုပ်ပုံလွှာအမှတ်တရ)
နိုင် ဝင်း သီ
(မိုးမခ) ဇူလိုင် ၈၊ ၂၀၁၈
” ဟား ..ဟား..ဟား..ဟား “
ရယ်မောသံဟာ မခိုးမခန့်ရယ်မောလိုက်တဲ့ရယ်သံမျိုး။ ဘယ်သူ့ကိုမှ စာရင်းဇယားထဲထည့်မထားတဲ့ရယ်သံမျိုး။
ခပ်အုပ်အုပ်ရယ်မောလိုက်တာဖြစ်ပေမဲ့ အဲဒီတိုးတိတ်တဲ့ရယ်မောသံကပဲ မတ်လရဲ့နေ့လယ်ခင်းကြီးထဲကို မိုးခြိမ်းသလို ထစ်ချုန်းစီးဆင်းသွားခဲ့။ အိကျနေတဲ့ဓာတ်ကြိုးပေါ်က အရောင်မွဲမွဲ မြို့ပြခိုသုံးလေးကောင်ဟာ တောင်ပံတဖျပ်ဖျပ်ခတ်ပြီး တိုက်ခေါင်မိုးတခုပေါ် ထပျံသွား။
” ကောင်းတာပေါ့ကွာ ..သိပ်ကောင်းတာပေါ့ကွာ “
ထူထူပွပွသူ့ရဲ့ဆံပင်အုံကြီးဟာ ခပ်ငေါ့ငေါ့ပြောနေတဲ့သူ့နှုတ်ဖျားက စကားလုံးတွေကြားမှာ တချက်တချက်လှုပ်ခါသွား။
မွန်းတည့်နေဟာ ၄၅ လမ်းအထက်ဘလောက်မှာ ရပ်တန့်ငြိမ်သက်လို့။
ပူလောင်အိုက်စပ်နေတဲ့ နေ့လယ်ခင်းဟာ သူ့ရဲ့ ရယ်မောသံကြီးအောက်မှာ ပိုပြီးတော့ ပူလောင်အိုက်စပ်သွားခဲ့။
မဟေသီကဆုတ်ခွာလာကတည်းက စိတ်ဟာ ဆွဲတင်လို့မရလောက်အောင် ထိုးကျသွားခဲ့တာ။ နှစ်ဆယ့်ခွန်နှစ်ဆယ့်ရှစ်လောက်ဆို မဂ္ဂဇင်းထွက်ပြီကွ… အဲဒီရက်လောက်ကို စာအုပ်နဲ့စာမူခနဲ့ လာယူလိုက်ပေါ့ကွာ။
မဟေသီအယ်ဒီတာ ကိုဝင်းသူရဟာ လွန်ခဲ့တဲ့ဆယ့်လေးငါးရက်လောက်ထဲက ပြောထားခဲ့ပေမယ့် သေချာသွားအောင် လဆန်းရက်မှပဲ တိုက်ကို ကျွန်တော် ရောက်သွားခဲ့တယ်။
တိုက်ကိုရောက်တော့လည်း ကိုဝင်းသူရရဲ့စကားလုံးတွေဟာ ပူလောင်အိုက်စပ်နေပြန်တယ်။
မင်းဝတ္ထုကို တပုဒ်လုံးဖြုတ်လိုက်ရတယ်ကွ။ ဘာတတ်နိုင်မလဲကွာ။ ဖြုတ်ဆိုတော့လည်း ဖြုတ်လိုက်ရတာပေါ့ကွာ။
ကိုဝင်းသူရဟာ ဖိုင်တွဲတွေကြားထဲမှာ အသေအချာသိမ်းဆည်းထားတဲ့ စာမူလေးတစုံကိုလှမ်းပေးလိုက်တယ်။
မဟေသီမဂ္ဂဇင်းထဲမှာ ကျဆုံးသွားခဲ့တဲ့ ကျွန်တော့်ရဲ့ဝတ္ထုလေးပါပဲ။
ဝတ္ထုရဲ့နာမည်က ” ငြိမ်သက်ခြင်း၏အခြားတစ်ဖက်မှာ”
ပန်းချီသရုပ်ဖော်ပုံက ကိုကိုနိုင်ရဲ့လက်ရာ။ အလင်းရောင်တွေ ပါးလျမှုန်ရီနေတဲ့ အခန်းကျဉ်းလေးထဲမှာ အသက်ရှင်လျက်နဲ့သေဆုံးနေကြတဲ့လူတွေ။ ချောက်ချားစရာ လူတွေ။ အလင်းမှုန်မှုန်ထဲမှာ အတုံးအရုန်းအိပ်စက်နေကြတဲ့လူတွေ။
တချို့က ပက်လက်။ တချို့က ဘေးစောင်း။ တချို့က ထိုင်လျက်အနေအထား။
တချက်ချက်မြည်အော်နေတဲ့ အသံဗလံတွေဟာ မြို့ပြညထဲက တစ္ဆေနာရီတွေရဲ့နာကျင်အော်ဟစ်သံတွေ။ ခေတ်ကြီးဟာ သွေးဆာနေတဲ့ Combat Boot တွေအောက်မှာ ဝပ်စင်းငြိမ်သက်နေတယ်။
လင်းနို့တွေဟာသန်ခေါင်ညထဲမှာ ရှုပ်ထွေးလှုပ်ခတ်လို့။ ခြေသံလုံလုံနဲ့ ပျံသန်းလာတဲ့လင်းနို့တွေဟာ ညဘက်ရောက်တာနဲ့ လူတွေကို တယောက်ပြီးတယောက် ဆွဲသွားတော့တာပဲ။
ဒီညမှာ ဘယ်သူ့အလှည့်လဲ။ လူတွေဟာ ကိုကိုနိုင်ရဲ့ လိုင်းတွေ မျဉ်းကွေးတွေအောက်မှာ အေးစက်တောင့်တင်းနေတဲ့အလောင်းကောင်တွေလို
တိတ်ဆိတ်ငြိမ်သက်လို့။
မဟေသီထဲကနေပြီး လမ်းတဖက်ဆီလှမ်းကြည့်လိုက်တော့ မောင်စိမ်းနီတို့ရဲ့ပိတောက်ပွင့်သစ်ရုံးခန်းကျဉ်းကျဉ်းလေးကို လှမ်းမြင်နေရတယ်။ နေ့လယ်ခင်း ကြီးဖြစ်နေပေမယ့် ပိတောက်ပွင့်သစ်ဟာလည်း အမှောင်ငွေ့ငွေ့ထဲမှာ အသံဗလံတခုမှမကြားရအောင် ငြိမ်ဆိတ်လို့။
စိတ်ပျက်လက်ပျက်နဲ့ ပိတောက်ပွင့်သစ်ထဲကိုဝင်သွားတော့ မောင်စိမ်းနီဟာ သူ့ရဲ့ဆံပင်အုံလိုပဲ ထူထူပွပွကြီးဖြစ်နေတဲ့ စာရွက်ပုံတွေကြားမှာ စိတှ်ုပ်ထွေးနေပုံရ တယ်။ ဘေးစားပွဲက မောင်တင်ဆင့်ကတော့ ဂျာနယ်တစောင်ပေါ်မှာ အာရုံကပ်ငြိလို့။ ဇော်မိုးလွင်က အစီခံနားရောက်လုလု ဖြစ် နေတဲ့ဆေးပေါ့လိပ်တိုကို မီးညှိဖွာရှိုက်ပြီး တစုံတယောက်ယောက်ကိုမျှော်စောင့်နေတဲ့ပုံ။ နေရောင်အောက်က လမ်းတိုလေးကိုပဲ မီးခိုးငွေ့မျှင်တွေကြားမှာ ငေးမော မင်သက်နေတယ်။
စာရေးဆရာ ကဗျာဆရာတွေဝင်ထွက်နေတဲ့လမ်းတိုလေးကတော့ တံလျပ်တွေအောက်မှာ ပူလောင်ဝင်းပလို့။
မောင်စိမ်းနီဟာ စာရွက်ထပ်လေးကိုင်ပြီးဝင်လာတဲ့ ကျွန်တော့်ကိုမြင်လိုက်တာနဲ့ဘာမှပြောမနေတော့ဘူး။ ကျွန်တော့်လက်ထဲက စာရွက်တွေကို ဆတ်ခနဲ
ဆွဲယူ လိုက်တယ်။ ဘာတွေလဲကွ။ မဟေသီမှာအဖြုတ်ခံ လိုက်ရတဲ့ဝတ္ထုလေ။
ဟား…ဖြုတ်မှာပေါ့ကွာ စိစစ်ရေးက။ ငြိမ်သက်ခြင်း၏အခြားတဖက်မှာတဲ့။
နာမည်ကိုက ဖြုတ်ချင်စရာကောင်းနေတာ။ ကိုကိုနိုင်ဆွဲထားတဲ့ ပုံကလည်းဖြုတ်ချင်စရာ။
ပုံနဲ့စာကို ဖျတ်ခနဲကြည့်လိုက်ရုံနဲ့တင် သူ့ရဲ့မျက်နှာကြီးဟာ ညိုမှောင်တွန့်ခေါက်သွားခဲ့ပြီ။ ပြီးတော့ ကောင်းတာပေါ့ကွာ…သိပ်ကောင်းတာပေါ့ကွာ။ သူ့ဟာသူ တယောက်တည်းပွစိပွစိနဲ့ ပြောနေခဲ့ပြန်။ ပြီးတော့ တဟားဟားနဲ့ မခိုးမခန့်ရယ်မောနေခဲ့ပြန်။
ပြီးတော့ ဟေ့ကောင်.. မဟေသီမှာ အဖြုတ်ခံရပေမယ့် ပိတောက်ပွင့်သစ်ထဲမှာထည့်မယ်ကွာ… ဒီလဖောင်မပိတ်ရေ
သးဘူးကွ။
တိုတောင်းပြတ်တောက်တဲ့ စကားသံအဆုံးမှာသူ့ရဲ့မျက်လုံးတွေဟာ သူ့ရှေ့က စာရွက်ပုံကိုပဲပြန်ရောက်သွားခဲ့။ ထပ်ပြီးဖြုတ်လိုက်ရင် ဘယ်လိုလုပ်မလဲ။ ဖြုတ်ဖြုတ်ကွာ… ငါ့ဟာငါ ထည့်ချင်လို့ထည့်တယ်ကွာ။
အဲဒီအချိန်တုန်းက စာပေစိစစ်ရေးဆိုတာ အလုံးစုံသောအနုပညာဖန်တီးမှုမှန်သမျှကို တနေရာမဟုတ်တနေရာရာမှာ ဆွံ့အမည်းမှောင် သွားစေ တဲ့နေရာ ဒေသတခုပေါ့။ အဲဒီအချိန်တုန်းက ကဗျာဆရာ၊ စာရေးဆရာ၊ အယ်ဒီတာတွေထဲမှာဆိုရင် စာပေစိစစ်ရေးနဲ့မငြိဘူးတဲ့ လူဆိုတာ
ခပ်ရှားရှားပါပဲ။
ဒါပေမဲ့ ကျွန်တော်တို့ဟာ မွန်းကြပ်မှုတွေကြားကပဲ စိတ်ပျက်လက်ပျက်နဲ့ ပျော်ရွှင်ခဲ့ကြပါတယ်။
အဲဒီလိုခြစ်ရှရာတွေ တခုပြီးတခုရနေတဲ့ကြားကပဲ လေးလံထိုင်းမှိုင်းနေတဲ့ရက်စွဲတွေကို တရက်ပြီးတရက် ဆန်တက်လာခဲ့ကြတယ်။ ညနေစောင်းပြီဆိုရင် ပုဇွန်တောင်သုခမြို့တော်ထဲက ဆိုင်နံပတ် ၁၇ လား။
ဒါမှမဟုတ်ရင် ၄၂ လမ်းထဲက အမားတို့ရဲ့ဆိုင်လေးကိုလား။ စစ်ပြန်မဂ္ဂဇင်းနားမှ
ာဖွင့်ထားတဲ့ မင်းသားကြီးရဲ့တိုက်ခန်းထဲကို
လား။
ကျွန်တော်တို့ဟာ ကိုယ့်အုပ်စုနဲု့ကိုယ် အောင်လံတော်တလူလူလွှင့်ထူပြီး တက်ညီလက်ညီ ချီတက်သွားကြပြီ။ ညနေခင်းတွေဟာ ကျွန်တော်တို့အတွက် အရသာ ရှိသွားခဲ့ပြီ။
မဂ္ဂဇင်းတခုမှာ ဝတ္ထုလေးတပုဒ် သေဆုံးသွားတယ်ဆိုတာကျွန်တော်တို
့အတွက်တော့ အဆန်းတကျယ်မဟုတ်တော့ဘူး။ အဲဒီမဂ္ဂဇင်းမှာ သေဆုံး သွားခဲ့တဲ့ဝတ္ထုလေးကို အခြားမဂ္ဂဇင်းတခုခုကို ပို့ရပါတယ်။ အဲဒီလိုပို့လိုက်တဲ့မဂ္ဂဇင်းထဲမှာလည်း ထပ်ပြီးချေမှုန်းခံရရင် အခြားတိုက်တခုကိုပြောင်းပြီး ပေးရတာပေါ့။
ဒီလိုနဲ့ပဲ ကျွန်တော်တို့ဟာ အမှောင်ခေတ်ကြီးထဲမှာ မမြင်မကန်းဟိုစမ်းဒီစမ်းနဲ့ ကိုယ့်အနုပညာ ကိုယ်ချွန်မြနေအောင် သွေးခဲ့ကြရတာမဟုတ်လား။
ဖြစ်ချင်တော့မောင်စိမ်းနီထည့်မယ်ဆိုပြီး ယူထားလိုက်တဲ့စာမူဟာလည်း ဟိုနေရာဖြတ်၊ ဒီနေရာဖြတ်။ ဟိုစာပိုဒ်ကိုကျော်၊ ဒီစာပိုဒ် ကျော်နဲ့ တပုဒ်လုံးရစရာမရှိအောင် စိစစ်ရေးကလုပ်ချလိုက်ပြန်ပါတယ်။ ကျွန်တော့် စာမူမှမဟုတ်ဘူး။ ဒီ့ပြင့်စာမူတွေ တော်တော်များများလည်း မင်နီတားလွှတ်လိုက်တယ်။ လမ်းဆုံမှာ ကမ်းကုန်အောင်မိုက်ရိုင်းတော့လည်း ချမ်းတုန်မယ်လို့ထင်ရင် မှားသွားမှာပေါ့ကွာ။
ခပ်တင်းတင်းစေ့ထားတတ်တဲ့ သူ့ရဲ့နှုတ်ဖျားကထွက်ကျလာတဲ့ ခပ်ငေါ့ငေါ့လေသံပါ။
မောင်စိမ်းနီဟာ ကျွန်တော့်စာမူအပါအဝင်စိစစ်ရေးက မင်နီတားပြီးဖြုတ်ခိုင်းထားတဲ့ စာမူတော်တော်များများထဲက တချို့လည်း နည်းနည်းပါးပါးဖြုတ်။ တချို့ကျတော့လည်း မဆိုစလောက်လေးဖြုတ်။
တချို့ကိုတော့ ခပ်တည်တည်နဲ့ မူလအတိုင်းပြန်ထည့်ပြီး သူ့ရဲ့ပိတောက်ပွင့်သစ်ကို ၄၅ လမ်းထိပ်မှာ အချိန်အခါမဲ့ ပွင့်ဖူးနေတဲ့ပိတောက်ပွင့်တွေနဲ့အပြိုင်
သင်းရီဖူးပွင့်စေခဲ့ပါတယ်။
အဲဒီလက နရီပျက်ပိတောက်တွေနဲ့အတူ သူလည်းပဲ စိစစ်ရေးကိုပြေးဟယ်လွှားဟယ်နဲ့အတော်လေး ရှင်းလိုက်ရပါသေးတယ်။
ပြောကြစတမ်းဆိုရင်တော့ ဒါသည်ပင် သူ့ရဲ့တင်ဆက်မှုအနုပညာပါပဲ။
သူလိုလူမျိုးအတွက် စာပေစိစစ်ရေး နဲ့ ငြိစွန်းတယ်ဆိုတာမျိုးဟာ သိပ်ပြီး အဆန်းတကျယ်တော့မဟုတ်လှပါဘူး။
သူတို့ဟာ လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ခေတ်ကြီးကို မကြောက်မရွံ့နဲ့တော်လှန်ပုန်ကန်ခဲ့ကြတဲ့ ကဗျာဆရာတွေမဟုတ်လား။
ကျွန်တော် ရန်ကုန်ကိုရောက်သွားလေတိုင်း ရန်ကုန်လမ်းမတွေပေါ်မှာ သူ့ကို အမြဲတမ်းလိုလို မြင်ရတွေ့ရ တတ်ပါတယ်။ တခါတခါမှာ သူဟာတယောက်တည်း။ တခါတခါ သူ့အပါးမှာ ကဗျာဆရာလေးတွေ စာရေး ဆရာလေးတွေ ပါလာတတ်တယ်။
တခါတခါမှာ သူဟာ ပလက်ဖောင်းပေါ်မှာ တစုံတခုခုကိုမျှော်စောင့်နေတဲ့ပုံ။။ တခါတခါတော့ သူ့ကို မဂ္ဂဇင်း/ဂျာနယ်တိုက်တွေထဲမှာ မြင်တွေ့ရပြန်တယ်။
သူ့ရဲ့မျက်နှာသွင်ပြင်ကတော့ ဘယ်အချိန်ကြည့်လိုက်ကြည့်လိုက် သုန်လို့မှုန်လို့။ သူ့ရဲ့ပခုံးပေါ်မှာ ချိတ်ဆွဲထားတဲ့လွယ်အိတ်ကြီးကလည်း သူ့လိုပဲ မှုန်မှုန်မှိုင်းမှိုင်းနဲ့
လမ်းသွားလမ်းလာတွေကိုငေးကြည့်ရင်း ပင့်သက်တွေ တချက်ပြီးတချက် ရှိုက်လို့။
လမ်းပေါ်မှာတွေ့တဲ့ တစုံတယောက်ယောက်က ပိတောက်ပွင့်သစ်အတွက်စာမူပေးလိုက်ရင် အဲဒီစာမူကို လွယ်အိတ်ကြီးထဲ သူ ပစ်ထည့်လိုက်တာပဲ။ ဂျာနယ်မဂ္ဂဇင်းနဲ့ စာအုပ်လေးတွေလက်ဆောင်ရလာခဲ့ရင်လည်း အဲဒီလွယ်အိတ်ကြီးထဲကိုပဲ သူ ပစ်ထည့်လိုက်တာပဲ။ ဝမ်းသာပျော်ရွှင်စရာ သတင်းစကားတခုခု ကြားရ ရင်လည်း အဲဒီလွယ်အိတ်ကြီးထဲပဲ ပစ်ထည့်လိုက်တာပဲ။ သူ့ရဲ့မိသားစုအတွက် တစုံတခုခုဝယ်ခြမ်းသွားခဲ့ရင်လည်း အဲဒီလွယ်အိတ်ကြီးထဲကိုပဲ စိတ်ချလက်ချ
ပစ်ထည့်လိုက်တာပါပဲ။ အဲဒီလွယ်အိတ်ကြီးကို သူ့အမည်တပ်ပြီးတော့ ခေါ်ကြည့်လိုက်ရင် ဘာလဲကွလို့များ ပြန်ထူးနေမလားမဆိုနိုင်ဘူး။
ဖောင်းကားပြောင်တင်းနေတဲ့ အဲဒီလွယ်အိတ်ကြီးကို သွန်ချလိုက်ရင် ခေတ်ကြီးငါးခေတ် ထွက်ကျလာလိမ့်မယ်။
အနီနဲ့အပြာ ထွက်လာလိမ့်မယ်။
ဗလာဒီမာပူတင် ထွက်လာလိမ့်မယ်။ ဆင်မြူယယ်ဟန်တင်တန် ထွက်လာလိမ့်မယ်။
အောင်ဘညို ထွက်လာလိမ့်မယ်။ မင်းနွယ်စိုးထွက်လာလိမ့်မယ်။
တော်လှန်ကဗျာထွက်လာလိမ့်မယ်။ ဆူးလေလမ်းက
လေနုအေးရယ် ထွက်လာလိမ့်မယ်။
စစ်ပွဲတွေထွက်လာလိမ့်မယ်။
အမွေးအတောင်တွေ ကျွတ်ထွက်နေတဲ့ ချိုးငှက်တွေ
ထွက်လာလိမ့်မယ်။ ရှောင်ဇေလီဇေလမ်းထွက် လာလိမ့်မယ်။
မာန်ပြေ(၁၁)လမ်း ထွက်လာလိမ့်မယ်။
နှစ်လိုဖွယ်ကောင်းတဲ့ ဆဲရေးသံလေးတွေ ထွက်လာလိမ့်မယ်။ သူနဲ့ဆက်နွယ်ပတ်သက်ခဲ့တဲ့ လူတွေ၊ ဘဝတွေ၊ သက္ကရာဇ်တွေ တခုပြီးတခု အလုအယက် ခုန်ထွက်လာကြလိမ့်မယ်။
အဲဒီလွယ်အိတ်ကြီးကိုလွယ်ပြီးတော့ပဲ အေးစက်မည်းမှောင်နေတဲ့ခေတ်တွေကို တခေတ်ပြီးတခေတ် ဖြတ်သန်းလာခဲ့တာမဟုတ်လား။
အဲဒီလွယ်အိတ်ကြီးကိုလွယ်ပြီးတော့ပဲ သူ့အနုပညာနဲ့သူချစ်တဲ့မိသားစု၊ ပြီးတော့ သူ့ဘဝရဲ့အစိတ်အပိုင်းတခုလိုဖြစ်နေခဲ့တဲ့ ပိတောက်ပွင့်သစ်ကို ရန်ကုန်ရဲ့လမ်းမတွေပေါ်မှာ ထွန်းသစ်ဝင်းပစေခဲ့တာမဟုတ်လား။ အဲဒီလွယ်အိတ်ကြီးကို လွယ်ပြီးတော့ပဲ ၁၉၇၀ ဝန်းကျင်လောက်က ဆိပ်ဖလူးပန်းရနံ့
မွှေးဝေနေတဲ့ နေရာတနေရာမှာ သူ အထိမ်းအသိမ်းခံခဲ့ရတာမဟုတ်လား။
ပြောမယ်ဆိုရင်တော့ သူဟာလည်းပဲ ဇာတ်ဝင်ခန်းတွေများပြားခဲ့တဲ့ ပြဇာတ်တပုဒ်ပါပဲ။
( ၃ )
၂၀၁၇ ဇန်နဝါရီလရဲ့နောက်ဆုံးပတ်မှာ သူရယ်၊ ကျွန်တော်ရယ်၊ မောင်ကျော်သာ(ပဲခူး)ရယ် ပန်းဆိုးတန်းက Super King မှာ မမျှော်လင့်ဘဲနဲ့ ဆုံတွေ့ခဲ့ကြ တယ်။ ပန်းဆိုးတန်းလမ်းမကြီးဟာ ရက်ရက်စက်စက်ပူပြင်းနေတဲ့ မွန်းလွဲပိုင်းနေရောင်အောက်မှာ ပျော့တွဲအိကျလို့။ ကားရောင်စုံဟာ လိမ္မော်ရောင်မီးလျှံတွေ ကြားမှာ တဝီဝီနဲ့။ လမ်းမပေါ်ဖြတ်တိုက်သွားတဲ့လေဟာ မီးလေတွေ။ Leo Sayer ရဲ့ When I Need You သီချင်းသံကို တစချက်တချက် သဲ့သဲ့ညင်ညင်လေး ကြားနေရတယ်။
လေထန်ကုန်းအလွန် ဒီဘက်ခေတ်ထဲကို ရောက်လာတော့စာရေးဆရာ ကဗျာဆရာ၊ ထုတ်ဝေသူ၊ အယ်ဒီတာတွေနဲ့သက်ဝင်လှုပ်ရှားနေတဲ့ Super King ဟာ ရိုတွန်းကဖေးနဲ့တူလာသလားလို့ တခါတခါ ကျွန်တော်တွေးနေမိတတ်တယ်။
အဲဒီနေ့က သူဟာ ဘဝအမောတွေကြားက ပိတောက်ပွင့်သစ်အကြောင်းကို ပြောပြတယ်။
ဘဝအမောတွေကြားက စာတွေရေးနေတဲ့အကြောင်းပြောပြတယ်။ ဘဝအမောတွေကြားက
သူ့မိသားစုအကြောင်း ပြောပြတယ်။ ဘဝအအမောတွေကြားက ပြောင်းလဲချိန်တန်ပြီဆိုပြီး ဘာမှပြောင်းလဲ မလာသေးတဲ့အကြောင်း ပြောပြတယ်။ ပြီးတော့ ဘဝအမောတွေကြားကပဲ ကျွန်တော်တို့ကို ချစ်စရာကောင်းအောင် ဆဲဆိုသွားဖို့လည်း သူမမေ့လျော့ခဲ့ပါဘူး။
မြစ်ရေအလျဉ်ဟာ တံတားအောက်မှာ တရွေ့ရွေ့။ ပျော်ရွှင်မှုတွေ..ဝမ်းနည်းကြေကွဲမှုတွေ..ချစ်သူ မုန်းသူ တွေ.. မူးယစ်ဝေသောနွေဦးညတွေ..မသေချာမရေရာမှုတွေ..ဘရုတာ့စ်ရဲ့ဓားချက်တွေ…ရူးနှမ်းနေတဲ့မိုး တိမ်တွေ။
နောက် သုံးလေးရက်အကြာ ဖေဖော်ဝါရီတစ်ရက်နေ့ ညဥ့်နက်ပိုင်းမှာတော့ တရွေ့ရွေ့ မြစ်ရေအလျဉ်နဲ့အတူ သူလည်းပဲ အဝေးတနေရာကို သစ်ရွက်ကြွေတရွက်လို တရွေ့ရွေ့။
သူနဲ့တွေ့ခဲ့တဲ့ နောက်ဆုံးနေ့လယ်ခင်းက နေ့ထုတ်သတင်းစာတစောင်ကို ဟိုလှန်ဒီလှန် လှန်နေရင်းနဲ့ သူပြောသွားခဲ့တဲ့စကားတခွန်းကို ကျွန်တော် အသေအချာမှတ်မိနေသေးတယ်။
ရန်ကုန်ဟာ ပျော်စရာမကောင်းတော့ဘူးတဲ့။
သူထွက်ခွာသွားခဲ့တာ တစ်နှစ်ကျော်ကျော်ရှိသွားပြီ။
ရန်ကုန်ဟာ
အခုချိန်အထိလည်း ပျော်စရာမကောင်းလှသေးပါဘူး။ အရူးတွေများပြားနေတဲ့ မြို့ကြီးတမြို့ဟာ ဘယ်လိုလုပ်ပြီးတော့ ပျော်ရွှင်စရာကောင်းလာနိုင်မှာလဲ။
ဒါဖြင့်ရင် ရန်ကုန်ဟာ ဘယ်တော့လောက်မှ ပျော်ရွှင်စရာကောင်းလာမှာလဲ။
ရန်ကုန်ဟာ ရန်တွေကုန်သွားတဲ့အချိန်လောက်ဆိုရင် ပျော်ရွှင်စရာကောင်းလာနိုင်တာပေါ့လို့
အရူးအနှမ်းတယောက်လို ကျွန်တော် တွေးနေမိပါ တယ်။ ။
နိုင် ဝင်း သီ
၆ ၊ ၇ ၊ ၂၀၁၈
—————–