ခိုင်မျိုး – ကျနော် ဖြန့်ချိရေးသမား (အခန်းဆက်များ)
(မိုးမခ) ဇူလိုင် ၆၊ ၂၀၁၈
(၁)
ဖိုးရှုတ်ဆိုတဲ့ငနဲက ဘာကောင်လဲ။ စာပေလောကမှာ ဝင်အလုပ်လုပ်ပြီး အသက်မွေးဝမ်းကြောင်း အလုပ်တွေကို ဝင်ရှုတ်ထွေးအောင် လုပ်နေသူလား။ သူ့ဆိုင်မှာ တင်ထားလိုက်မိတဲ့ စာအုပ်ကို ခြောက်လအကြာမှာ ပြန်သိမ်းဖို့ သူပေးထားတဲ့ဘောက်ချာကိုင်ပြီးသွားတော့ တင်ထားတဲ့ စာအုပ်နမူနာ ယူလာပြပါဆိုလို့ စာအုပ်နမူနာလေး အိမ်ပြန်ယူပြီး နောက်နေ့မှာ နောက်တခေါက်ထပ်သွားရပြန်တယ်။
ဖိုးရှုတ်ဆိုင်က ပန်းပဲတန်းမြို့နယ်ထဲမှာ၊ ကိုယ်နေတာကအလုံမြို့နယ်ထဲမှာ ဆိုတော့ အသွားအပြန် တစ်နာရီကျော် အချိန်မပေးရင် သွားလို့မရဘူး၊ ကားတွေ မတန်တဆသွင်းထားလို့ လမ်းနဲ့ကား မမျှတော့ ရန်ကုန်လမ်းတွေပေါ် နေ့ဆို ကားတွေ လိပ်လိုသွားနေတာကြာပြီ။ ထားပါ … ဒါက သပ်သပ်ရေးရမယ့် ဇာတ်လမ်းရှည်ကြီးတပုဒ်ပဲ။
နောက်နေ့ ဖိုးရှုတ်ဆိုင်ရှိရာ ထရိတ်ဒါးဟော်တယ်ကြီးရဲ့နောက်က လမ်းဆီ စာအုပ်နမူနာလေးကိုင်ပြီး ထပ်သွားခဲ့ပြန်ပါတယ်။ သည်စာအုပ်လေးပါ၊ ဆယ်အုပ်တင်ထားပါတယ်၊ ရှင်းဈေး ဘယ်လောက်ပါ၊ ရာခိုင်နှုန်း ဘယ်လောက် သူတို့ရောင်းပေးခ ယူတယ်ဆိုတာတွေကတော့ စာအုပ်ဆိုင်ဖွင့်ရောင်းသူတွေတိုင်း သိပြီးသားတွေပါ။
ဖိုးရှုတ်ဆိုင်က မြေညီထပ်တိုက်ခန်းငယ်တစ်ခန်းပါ။ မျက်နှာစာ ဆယ်ပေလောက်တော့ ရှိမယ်ထင်ပါရဲ့။ ဆိုင်ထဲက ခပ်ဝဝလူတယောက်ထွက်လာပြီး ကိုယ်ပြတဲ့ဘောက်ချာကို ယူကြည့်ရင်း စနေနဲ့ ဗုဒ္ဓဟူး တစ်ရက်ရက် ပြန်လာပါလို့ဆိုပြန်ပါတယ်။ ကိုယ်လာမိတဲ့ရက်က တနလာင်္ဖြစ်နေတာကိုတော့ အစတည်းက သိပါတယ်။ ဒါပေမယ့် သူ့ဘောက်ချာမှာ ဘယ်နေ့လာပါ ဆိုတဲ့ လာရန်ရက်မှ မပါတာ။
လူငယ်က ဘာစကားမှဆက်ပြောစရာမရှိသလိုဟန်နဲ့ ပြန်လှည့်ထွက်လိုက်တဲ့ မျက်နှာကြောင့် ဆိုင်ခန်းဝ သံဘာဂျာတံခါးကိုကိုင်ရင်း တွေ ရပ်နေ့မိတဲ့ ကိုယ်ဟာ သူ့ဆိုင်က ပြန်လှည့်ထွက် လာခဲ့ပါတော့တယ်။
တတိယအခေါက် ဗုဒ္ဓဟူးနေ့ သူ့ဆီ ကိုယ် ပြန်လာရဦးမယ်လေ။
(၂)
ဖိုးရှုတ်ချိန်းတဲ့ ဗုဒ္ဓဟူးနေ့ကတော့ ရောက်လာပါပြီ။ ကိုယ်ဟာ ဖိုးရှုပ်ဆိုင်ကပေးထားတဲ့ ဘောက်ချာစာရွက်ကို မပျောက်မပျက်ရအောင် တယုတရစောင့်ရှောက်ခဲ့ရတာလည်း ခြောက်လကျော်ပါပြီ။ ဘာလို့လည်းဆိုတော့ ဘောက်ချာမရှိတော့ရင်၊ ဘောက်ချာ ပျောက်ဆုံးသွားရင်
စာအုပ်အရောင်းဆိုင်တွေက ဘာတာဝန်မှမယူ၊ ဘာမှမရှင်းပေးတော့တာ သူတို့ချမှတ်ထားတဲ့ စည်းကမ်းလို ဖြစ်နေပါပြီ။ သည်တော့ စာအုပ်ဖြန့်ပေးသူတွေဟာ ဘောက်ချာတွေကို သေသေချာချာ ထိန်းသိမ်း ရတော့တာပေါ့။
ဆရာတစ်ယောက်ဆို စာအုပ်ဖြန့်ထားတဲ့ဘောက်ချာတွေပါတဲ့ပိုက်ဆံအိတ် ကားပေါ်မှာ ခါးပိုက်နှိုက်ခံရပြီး စာအုပ်ရောရမယ့်ငွေတွေပါ ဆုံးခဲ့ဘူးတယ်။ ဒါတောင် အဲ့သည့်ဆရာဖြန့်တဲ့ဆိုင်ရှင်က အဲ့သည့်ဆရာနဲ့ လူချင်းသိနေတာ၊ ဘောက်ချာမရှိရင် မရှင်းပေးဘူးဆရာ ဆိုပြီး အငြင်းခံ အဆုံးခံခဲ့ရတယ်။ ဘောက်ချာမွှေနဲ့ မြန်မာစာပေ ဆိုပြီး ပြောရမလိုပါပဲ။
အဲ့သည့်နေ့ ဖိုးရှုပ်ဆီသွားမယ့်အလုပ်ကိုလုပ်နိုင်မယ့် လူငယ်အကူသမားတစ်ယောက်ကိုရှာတော့ ရန်ကုန်တက္ကသိုလ်မှာ ဒီပလိုမာတန်းတက်နေတဲ့ ကူညီတတ်တဲ့ လူငယ်လေးတစ်ဦးကို လှမ်းအကူအညီ တောင်းရတယ်။ ကောင်လေးက ဘောက်ချာလေးကိုင်၊ စာအုပ်ကလေးပြတော့ နောက်တပတ်မှ ပြန်လာဖို့ ချိန်းပြန်ရော။ ကောင်လေးက မွန်မွန်ရည်ရည်လေးဆိုတော့ နောက်တပတ်မှ ပြန်လာဖို့ ချိန်းတယ်အကိုဆိုပြီး ကိုယ့်ကို ပြန်အကြောင်းကြားတယ်။
စာအုပ်ထုတ်ဝေသူတွေဟာ စိတ်ရှည်မှု၊ သည်းခံမှု၊ လုံလ၊ ဝီရိယ ဇွဲ ရှိမှု ကျင့်စဉ်တွေကို ကျင့်နေရသလိုပါပဲ။ တခေါက်နဲ့ ပြီးမယ်ပြတ်မယ် ဆိုတဲ့ခရီးကို သုံးခေါက် လေးခေါက် စိတ်ရှည် သည်းခံ ဖြတ်သန်းကြရတယ်။ နောက်တစ်ခေါက် ထပ်ချိန်းတဲ့အချိန်မှာ နောက်တပတ်ပေါ့ ကောင်လေးက ထပ်သွားပြန်ပါတယ်။
ညနေ သုံးနာရီခွဲလောက် ဖိုးရှုပ်ဆိုင်ကို အရောက်ပေါ့၊ ကောင်လေးက ဘောက်ချာပြတဲ့အခါ ဖိုးရှုပ်ဟာ အလုပ်အလွန်များနေတဲ့ဟန်နဲ့ ဘောက်ချာကိုဆွဲယူကြည့်ပြီး ဘောက်ချာပေါ်မှာ တစုံတရာရေးပြီး ကောင်လေးကို ပြန်ပေးလိုက်ပါတယ်။ ပြီးမှ သူပိုက်ဆံအိတ်ကို ဆွဲထုတ်ရင်း ပိုက်ဆံ တထပ်ကြီး ထည့်ထားတဲ့အိတ်ထဲက ငါးထောင်တန်အနွမ်းလေးတစ်ရွက်ကို ဆွဲထုတ်ပေးရင်း နောက်တစ်ပတ် ပြန်လာခဲ့ကွာ လို့ ဆိုလိုက်ပါတော့တယ်။
ဖိုးရှုတ်ဟာ ပြောစရာစကားကုန်သွားသလိုဟန်နဲ့ ဟိုဟာလုပ်သလို သည်ဟာကိုင်သလို ဟန်ဖမ်းပြီး ကောင်လေးကို မျက်နှာလွှဲလိုက်ပြီလေ။ ကောင်လေးဟာ ငါးထောင်တန်အနွမ်းတစ်ရွက် ကိုင်ရင်း ရှေ့အပတ်ထပ်လာခိုင်းတယ်အကို လို့ စာအုပ်ဖိုးငွေအပ်ရင်း ကိုယ့်ကို လာသတင်းပို့ရှာပါတယ်။
စာအုပ်ဖြန်ချီရေးသမားနဲ့ စာအုပ်ဆိုင်ဖွင့်ရောင်းသူဆိုတာ တရားသူကြီးရက်ချိန်းပေးတာကို တရားခွင် ဝက်ခြံလေးထဲက စောင့်နေရတဲ့ တရားခံနဲ့ တရားသူကြီးလို ဘဝ မဟုတ်ပါဘူး။ ဒါကိုတော့ စာအုပ်ဆိုင်ဖွင့်ရောင်းနေသူတွေ သိဖို့လိုပါတယ်။ ကောင်လေးဟာ ဖိုးရှုပ်ရေးလိုက်တဲ့ ဘောက်ချာပေါ် ကြည့်လိုက်တော့ သည်ဘောက်ချာပေါ်ပဲ ငါးထောင်လို့ ရေးလိုက်တာပါ။
ရှေ့တပတ် ဗုဒ္ဓဟူးနေ့ ကောင်လေးနဲ့ ဖိုးရှုပ် တွေ့ရဦးမယ်။ ကိုယ့်ပိုက်ဆံနဲ့ကိုယ်ထုတ်ပြီး ဆိုင်ပေါ်အရောက်ပို့ လက်တင်ရောင်းပြီးမှ ရောင်းဈေးထက် လျော့ရှင်းရတဲ့ စာအုပ်ဆိုင်ရှင်ကြီးတွေရဲ့ရှေ့ ဖြန့်ချီရေးသမားတစ်ယောက်ဟာ သူတောင်းစားတစ်ယောက် အလှုလာခံတာကိုကြည့်တဲ့ မျက်လုံးမျိုးတွေနဲ့ ရင်ဆိုင်ရဦးမယ်လေ။
(၃)
သည်နေ့ စာတိုက်ဖွင့်ပြီတာနဲ့ ညထဲက ကြိုပြင်ထားတဲ့ မိုးမခမဂ္ဂဇင်းခြောက်အုပ်နဲ့အတူ ပုဇွန်တောင်က ရှေးဟောင်းစာတိုက်ကလေးထဲကို စတင်ချီတက်ပါတော့တယ်။ မိုးမခကို မအူပင်တက္ကသိုလ်သတ္တဗေဒဌာနက ဆရာကိုဇော်က လှမ်းမှာပြီလေ။ ဒါ အီလက်ထရွန်နစ်ကွန်ယက်ရဲ့ အကျိုးကျေးဇူးပါပဲ။ ကောင်းကွက်ပါပဲ။ မက်စင်ဂျာကနေတဆင့် သူက သူ့လိပ်စာကိုပေးပြီး ပို့ပေးနိုင်ရင် ပို့ပေးဖို့ ပြောလာတော့ ကိုယ်လည်း ပို့ခပေးပါဆရာ၊ စာတိုက်က ပို့ပေးပါမယ်လို့ အာမခံလိုက်ပါတယ်။
ဆက်သွယ်ရေးမှာ စာတိုက်ကပို့တဲ့စနစ်က အကြမ်းဖျင်း သုံးမျိုးရှိတယ်။ အမြန်ချော၊ သာမန်ချော၊ အထုတ်လိုက်ချောလို့ပဲ ကိုယ်ကတော့ သာမန်အမှတ်အသား ပြုထားပါတယ်။ ဈေးကတော့ နဲနဲစီကွာပါလိမ့်မယ်။ အမြန်ချောအနေနဲ့ကလည်း မြို့တိုင်းကို အမြန် မချောနိုင်ရှာပါဘူး၊ အမြန်ချော မပို့နိုင်တဲ့ မရောက်တဲ့မြို့တွေရှိပါတယ်။ ပြီးတော့ ပို့မယ့်ပစ္စည်းကို စာတိုက်က စစ်ဆေးပါသေးတယ်။ စာရွက်တွေကို တဖျတ်ဖျတ် လှန်စစ်တာမျိုးပေါ့။ ငွေတွေ ဘာတွေ ထည့်ပေးလိုက်မလား၊ မသင်္ကာစရာ ဗုံးတို့ အဆိပ်တို့ လက်နက်တို့ မူးယစ်ဆေးတို့ ပါလေမလား ဆိုတာမျိုးပေါ့။ ဒါနိုင်ငံတော်ကြီးရဲ့ လုံခြုံရေးအတွက်ပဲ။ စစ်ပါစေပေါ့။ ပြီးမှ စာအုပ်ကို သူတို့ဆီက အဆင်သင့်ပေးတဲ့ စာအိတ်ထူထဲကို ထည့်၊ အဲ့သည်စာအိတ်ပေါ်မှာ – သို့ လိပ်စာ ဖုန်းနံပါတ် အပြည့်အစုံရေးပေး။ ဆရာသုံးယောက်ဆီ ပို့မှာ ဆိုတော့ သုံးအိတ်ပေါ့။ မအူပင်ကိုက နှစ်ယောက် ပို့ရမှာပါ။ ကိုဇော်(မလက်တို)ဆီက တစ်အုပ်၊ ဆရာမြတ်လှိုင်းဆီက နှစ်အုပ်ပါ။ စကားဝါမြေ ကျောက်ပန်းတောင်းက ဆရာသိန်းဝင်းဆီကသုံးအုပ်လေ။
စာတိုက်စာရေးမလေးက စာအုပ်ကို ပေါင်ချိန်စက်ငယ်လေးနဲ့ ချိန်ပါတယ်။ မိုးမခတစ်အုပ်တည်း ထည့်ချိန်တာ ထောင့်တစ်ရာ ကျပါတယ်။ နှစ်အုပ်ထည့်ချိန်တာနဲ့ သုံးအုပ် ထည့်ချိန်တာတဲ့ အထုပ်တွေက နှစ်ထောင့်ခြောက်ရာပါ။ သည်တော့ မိုးမခမဂ္ဂဇင်း ခြောက်အုပ်က ပို့ခ သုံးထောင့်ခြောက်ရာ ကျ သွားပါလေရော။ ပြီးမှ စာအိတ်သုံး အိတ်ဖိုးက တစ်လုံး သုံးရာနဲ့ ကိုးရာ ထပ်ပေါင်းရပြန်ပါတယ်။ သည်တော့ မိုးမခခြောက်အုပ်ပို့ခ ပေါင်း လေးထောင့်ငါးရာ ကျတာပေါ့။ မိုးမခရောင်းဈေး နှစ်ထောင်မှာ ပို့ခထပ်ထည့်ပေါင်းရင် တစ်အုပ်ယူသူက သုံးထောင့်လေးရာ ကျသွားပါတယ်။
စဉ်းစားကြည့်တော့ နယ်က စာအုပ်တစ်အုပ်ဝယ်ဖတ်သူကို စာတိုက်က အိမ်အရောက်ပို့ပေးရင်သုံးထောင်ကျော် ကျတဲ့ သဘောပဲ။ နဲတယ် များတယ်ကတော့ အခုစာဖတ်သူတို့စိတ်ထဲ ဖြစ်ပေါ်လာရာ ပြောလို့ရပါတယ်။
အမြန်ချောကစာ တိုက်ပို့ဆောင်မှုမှာ အမြန်ဆုံးနဲ့ ဈေးအများဆုံး အဆင့်လေ။ သူက ပို့သူလိပ်စာရောက်ရမယ့် လိပ်စာတွေကို ကွန်ပြူတာနဲ့ မှတ်တမ်းတင်ရိုက်ပြီးမှ ပရင်တာက ဖြတ်ပိုင်းထုတ်ပေးတာမျိုးအထိ လုပ်ထားတာ။ လက်ရေးနဲ့ ပြန်ရေး ဖြတ်ပိုင်းပေးတာမျိုးက တစ်မျိုး ထုတ်ပိုးပို့ရတာ။
စာအုပ်တွေကိုယူသွား ပလပ်စတစ်အကြည်အိတ်တို့ တိတ်တို့ယူသွားပြီးရင် စာအုပ်ကို ပလပ်စတစ်အကြည်နဲ့စွပ်ပြီး စာအုပ်တွေရဲ့ အနံတစ်ဖက်ကို ပလတ်စတစ်အောက်က စာအုပ်မှန်းမြင်အောင်ဖွင့်ထားပေးရတယ်။ ကျန်သုံးဘက်ကတော့ စက္ကူနဲ့ပတ် တိတ်ကပ်ပြီးမှ စက္ကူဖြူတစ်ရွက် ထပ်ကပ်ပြီးမှ သို့ လိပ်စာ ရေးပေါ့။ ဒါလည်း ဈေးကအိတ် မဝယ်ရတော့ အိတ်ဖိုးအပြင် သုံးလေးရာ သက်သာနိုင်ပါတယ်။ ရိုးရိုးချောလို့ လွယ်လွယ်ပြောလို့ရပါလိမ့်မယ်။ အမြန်ချောကတော့ ရှယ်ချောပေါ့။ ကိုယ်လည်း ရှယ်ချော ပို့လို့ရတဲ့မြို့မို့ ရှယ်ချောလေးပို့ငွေ တွက်မနေတော့ပဲ အမြန်လည်းရောက်လိုစိတ်နဲ့ ရှယ်အမြန်ချောလေး ရွက်ဆောင်လိုက်တာပါ။
ဖြစ်ချင်တော့ ငွေရှင်းပြီး စာတိုက်စာရေးမလေးက လက်ခံပြီးချိန် ဗြုန်းဆို မီးက ပျက်သွားပါတော့တယ်။ စာရေးမလေးကလည်း ဟာ ကနဲ ကိုယ်လည်း ဟင် ကနဲပေါ့။ ကွန်ပြူတာသုံးလို့ စာရေးမလေးခမျာ မရတော့ပါဘူး။ ဦးလေး မီးပျက်သွားပြီ တဲ့။ သည်တော့ သည်စာအုပ်တွေကို သည်နေ့ မီရင်လည်း သည်နေ့ ထည့်ပေးလိုက်မယ်၊ မမီရင်လည်း မနက်ဖြန် ထည့်ပေးပါမယ် … တဲ့။ အင်း အင်း ပေါ့။ ကိုယ် ဘာတတ်နိုင်မှာလဲ။
စာတိုက်ထဲ ကိုယ် စဝင်ခါစက မိုးဖွဲလေးတွေ ကျနေတာကိုတော့ သတိထားမိပါတယ်။ ကိုယ်တို့နိုင်ငံမှာက မိုးရွာရင် မီးပျက်တတ်တာပဲ။ လမ်းပေါ်လှမ်းကြည့်တော့ ပုဇွန်တောင်စာတိုက်ရှေ့ လမ်းပေါ် ကားတွေ လိပ်လို သွားနေပြီ။ တစ်ခုတည်းသော စာတိုက်ရှေ့က လူကူးမျဉ်းကြားပေါ် ကားဟာ ကားကားကြီး ရပ်လို့ပေါ့။ ကိုယ်လည်း စာတိုက်ထဲ မီးလာအောင်အချိန်အထိ စောင့်နေရမလား၊ မစောင့်ရဘူးလား စဉ်းစားလို့ပေါ့။
အချိန်တွေနဲ့ တည်ဆောက်ထားတဲ့ အသက်နဲ့ ဘဝ ဆိုတာကြီးကတော့ ရပ်မှ မနေတာ၊ မီးပဲလာလာ မလာလာ လမ်းပေါ် တရွေ့ရွေ့ ကားနဲ့လူတွေ သွားသွား သူကတော့ စက္ကန့်နဲ့အမျှ မရပ်မနား ရွေ့နေမှာပဲလေ။ ရန်ကုန်မြို့တော်ကြီးမှာ နေထိုင်တယ်ဆိုတဲ့ လူဦးရေ သိန်း ခုနှစ်ဆယ်ကျော်ဟာ မြို့တော်ကြီးကို အဲ့သည်လို အသက်ပေး တည်ဆောက်ခဲ့ကြပါတယ်လေ။