ဇင်လင်း သူတို့အာဘော်

ဇင်လင်း ● မူးယစ်ရာဇာ လက်ရင်းတရားခံကြီးတွေ ဘာကြောင့် လွတ်မြောက်နေတာလဲ

ဇင်လင်း ● မူးယစ်ရာဇာ လက်ရင်းတရားခံကြီးတွေ ဘာကြောင့် လွတ်မြောက်နေတာလဲ
(မိုးမခ) ဇွန် ၁၆၊ ၂၀၁၈

မြန်မာနိုင်ငံရဲ့ မူးယစ်ဆေးဝါး ပြဿနာဟာ တိုင်းရင်းသားပြည်သူတွေကို ဘေးဒုက္ခ အန္တရာယ် အမျိုးမျိုးးပေးရုံမက ဒေသ တွင်းရှိ အိမ်နီးချင်းနိုင်ငံတွေကိုပါ ဒုက္ခပေးနေတဲ့အနေအထား ရောက်နေပြီ။ မေလ ၃ဝ ရက်နေ့က နေပြည်တော်မှာ ပြု လုပ် တဲ့ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ်တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့ အထူးအစည်း အဝေးမှာ စိတ်ကြွရူးသွပ်ဆေးဝါး ထုတ်လုပ်သယ်ဆောင်မှုတွေဟာ ပြည်တွင်းရော ပြည်ပမှာပါ မြင့်တက်လာကြောင်း ပြည် ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေကိုယ်တိုင် ဝန်ခံခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂ဝ၁၈ ခုနှစ် မေလ၂၂ ရက်နေ့ က မလေးရှား နိုင်ငံ စီမရစ်မြို့ ကုန်လှောင်ရုံမှာ မြန်မာနိုင်ငံကနေ စားသောက်ကုန်တွေနဲ့ ရောနှောထားတဲ့ မူးယစ်ဆေးဝါးတွေပါတဲ့ ကုန် သေတ္တာထဲမှာ မက်အဖက်တမင်း ၁၁၈၇ ကီလိုဂရမ်နဲ့ ဘိန်းဖြူ ၇၅ဝ ဂရမ်ကို မလေးရှားနိုင်ငံသား ၃ ဦးနဲ့ မြန်မာ နိုင်ငံသား ၃ ဦးတို့ဆီကနေ ဖမ်းဆီးရမိခဲ့ကြောင်း မီဒီယာသတင်းတွေမှာ ဖေါ်ပြခဲ့ပါတယ်။

ကွင်းဆက်အရ အဓိကတရားခံဖြစ်တဲ့ တာမွေမြို့နယ် နတ်မောက်ရပ်ကွက် ဖိုးစိန်လမ်း မ/၅ဝ (A) မှာ နေထိုင်သူ မောင်မောင် (ခ) Hj Yassin ဆိုသူဟာ ထွက်ပြေးနေစဉ် မန္တလေးမြို့ ၁၆ မိုင်ဂိတ်မှာ ဇွန်လ ၅ ရက်နေ့က ဖမ်းဆီးရမိခဲ့တာလို့ ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။ အဲဒီမူးယစ်ဆေးဝါးတွေကို စိစစ်ခဲ့ရာမှာ ရန်ကုန်မြို့ Nice Guy Clearence Service Angency က ကုန်သေတ္တာ အမှတ် FSCU 9911521 ထဲမှာ စားသောက်ကုန်တွေနဲ့ မူးယစ်ဆေးဝါးတွေကို ရောနှော ပြီး မလေးရှားနိုင်ငံကို တင်ပို့ခဲ့ တာဖြစ်ကြောင်း ပေါ်ပေါက်ခဲ့တယ်။ ရန်ကုန်မြို့ရှိ Nice Guy Clearence Service Agency မှ ကုန်သေတ္တာတစ်ခုထဲမှာ စားသောက်ကုန်များဖြင့် မူးယစ်ဆေးဝါးများကို ရောနှောထည့်သွင်းပြီး မလေးရှားနိုင်ငံသို့တင်ပို့ခဲ့ကြောင်း ပြည်ထဲရေးက သတင်းထုတ်ပြန်ထားကြောင်း 7Day Daily သတင်းအရ သိရတယ်။ ဖမ်းဆီးရမိတဲ့ တရားခံရဲ့ဖော်ထုတ်ပြောပြချက်အရ မောင်မောင်ဟာ မူးယစ်ဆေးဝါးတွေကို လှည်းကူးမြို့နယ်ရှိ Nice Guy ရေသန့်စက်ရုံမှတဆင့် အောက်ပုဇွန်တောင်လမ်းရှိ ဂိုဒေါင်သို့ ကားနဲ့သယ်ဆောင်ခဲ့တယ်လို့ဆိုတယ်။ ယင်းမှတစ်ဆင့် သင်္ဘောတင်ဖို့လုပ်ငန်းတွေ ဆောင်ရွက်ခဲ့ကြောင်း ပေါ် ပေါက်တယ်။ မြန်မာနိုင်ငံမှတဆင့် မလေးရှားနိုင်ငံသို့ ပို့ဆောင်ပေးဖို့ မောင်မောင်ရဲ့ ဆက်သွယ်မှုအရ U Kaung TradingCo.Ltd မှ တာဝန်ယူပို့ဆောင်ပေးခဲ့ကြောင်း ရဲတပ်ဖွဲ့ထုတ်ပြန်ချက်မှာဖော်ပြထားကြောင်း သိရတယ်။ ရေသန့်စက်ရုံအမည် ပါဝင်နေတယ်ဆိုတဲ့ ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ရေသန့်စက်ရုံက မေလ ၇ ရက်နေ့မှာ ငြင်းချက်ထုတ် လိုက်ကြောင်း Myanmar Now သတင်းက ဖေါ်ပြတယ်။

ဒီဖြစ်စဉ်ကို ကြည့်ရင် ဒါဟာ ပထမဆုံးအကြိမ်လို့ မဆိုနိုင်ဘူး။ အရင်က အလားတူတင်ပို့မှုတွေရှိခဲ့လိမ့်မယ်လို့ယူဆစရာ ဖြစ်တယ်။ ရန်ကုန်ဆိပ်ကမ်းလို အဆင့်ဆင့်စိစစ်ပြီးမှ သင်္ဘောပေါ်ရောက်ရှိနိုင်တဲ့ နေရာဌာနမျိုးက ဒီလောက်များပြားတဲ့ မူးယစ်ဆေးတွေ ထွက်သွားနိုင်ပုံထောက်ရင် အဂတိလိုက်စားတဲ့ တာဝန်ခံ အရာရှိတွေအဆင့်ဆင့် ပါဝင်ပတ်သက်နေ ဖွယ် ရှိတယ်။ ဒါကြောင့် ဒီအမှုကွင်းဆက်ကို ဖေါ်ထုတ်နိုင်ရေးအတွက် “အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်” ပါဝင် စစ်ဆေးသင့်တယ်။ ဒါမှသာ ကျောသားရင်သားမခွဲခြားဘဲ နောက်ကွယ်က ဂိုဏ်းခေါင်းဆောင်အထိ ဖေါ်ထုတ်နိုင်လိမ့်မယ်။ မူးယစ်ဂိုဏ်းတွေရဲ့ ခေါင်းဆောင်ပိုင်းကို ရဲတပ်ဖွဲ့က ဖေါ်ထုတ်ဖမ်းဆီးနိုင်တဲ့ သတင်းမျိုး မကြားဖူးသေးဘူး။

၂ဝ၁၇ ခုနှစ် ဇွန်လ ၁၇ ရက်နေ့ကလည်း ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှာ မူးယစ်ဆေးပြား နှစ်သန်းကျော်နဲ့အတူ မြန်မာနိုင်ငံသား အာခါလူမျိုးတစ်ဦးကို ထိုင်းမူးယစ်နှိမ်နင်းရေး ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ RFA သတင်းအရ သိခဲ့ရတယ်။ မယ်ဆိုင်မြို့ ဖန်ခမ်းကျေးရွာအုပ်စု ဖာမီရပ်ကွက်အနီးမှာ သတင်းအရ ကားတစ်စီးကို ရှာဖွေဖို့ ရပ်တန့်ခိုင်းခဲ့ရာက ထိုင်းမူးယစ် ဆေးဝါးနှိမ် နင်ရေးတပ်ဖွဲ့ဝင် တွေနဲ့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ဖမ်းဆီးရမိခဲ့တာလို့ သတင်းက ဆိုတယ်။ မူးယစ်ဆေးတွေ အမြောက်အများမိခဲ့ပေမယ့် လက်ရင်းတရားခံတွေကို ဖေါ်ထုတ်ဖမ်းဆီးနိုင်တာမျိုး ယနေ့အထိ မတွေ့ရသေးဘူး။ ၂ဝ၁၅ ခုနှစ် သြဂုတ်လဆန်းမှာလည်း ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာ စိတ်ကြွဆေးပြား ၁၅ သိန်း၊ ကာလတန်ဖိုး ကျပ်ငွေ သန်း ၇,၅ဝဝ ဖိုး ဖမ်းဆီးရမိခဲ့ပြီး အဲဒီအမှုဟာ ရန်ကုန်တိုင်းဒေသကြီးမှာ ဒုတိယအကြိမ်အများဆုံး ဖမ်းဆီးရမိမှုဖြစ်တယ်။ ဒီဖမ်း ဆီးရမိမှုဟာ ၂ဝ၁၅ ဇူလိုင်လက မင်္ဂလာဒုံမြို့နယ်အတွင်း ဖမ်းဆီးရမိမှုနဲ့ ဆက်စပ်နေတယ်လို့ ရဲတပ်ဖွဲ့ သုံးသပ်ထားတယ်။ မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာအိမ်ရာဝင်းအနီး ဘီးပေါက်နေတဲ့ ကုန်တင်ကားတစ်စီးပေါ်က ငွေကျပ်သိန်းပေါင်း တစ်သန်းကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို မင်္ဂလာဒုံမြို့မ ရဲစခန်းက ၂ဝ၁၅ ဇူလိုင်လ ၂၆ ရက်နေ့က ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ဖူးတယ်။ ဇူလိုင်လ ၂၆ ရက်နေ့ မနက် ၅ နာရီမှာ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာဝင်း၊ (၆) လမ်းသွားလမ်းမပေါ်မှာ ရပ်ထားတဲ့ ကွန်တိန်နာယာဉ်တစီးပေါ်ကနေ WY စာတမ်းပါ စိတ်ကြွဆေး ၂၆ သန်း၊ ကာလတန်ဖိုး ၁၃၃ ဘီလျံ (အမေရိ ကန်ဒေါ်လာ သန်း ၁ဝဝ ကျော်) ကို ဖမ်းဆီးရမိခဲ့တယ်။ ဒီဖမ်းဆီးရမိတာဟာ ကမ္ဘာပေါ်မှာ ဒုတိယအများဆုံးဖမ်းဆီးရမိတာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောဆိုခဲ့တယ်။

အလားတူ ပိုင်ရှင်မဲ့ မူးယစ်ဆေးဖမ်းဆီးရမိမှုကို ၂ဝ၁၅ သြဂုတ်လ ၄ ရက်နေ့ထုတ် Democracy Today သတင်းစာမှာ ဖေါ်ပြခဲ့ဖူးတယ်။ စိတ်ကြွဆေးပြားတွေကို မြောက်ဒဂုံမြို့နယ် ၄၁ ရပ်ကွက်က နေအိမ်တအိမ်က ဖမ်းဆီးရမိတာဖြစ်ပြီး မင်္ဂလာဒုံမှာ ဖမ်းဆီးရမိတာနဲ့ ဆက်စပ်နေတဲ့ ကွင်းဆက်တွေကို မူးယစ်နှိမ်နင်းရေးတပ်ဖွဲ့ဝင်တွေ၊ အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှုး ရုံးက တပ်ဖွဲ့ဝင်တွေနဲ့ နယ်မြေခံတပ်ဖွဲ့ဝင်တွေ ပူးပေါင်းရှင်းလင်းရင်း ဖမ်းမိတာဖြစ်ကြောင်း၊ ဖမ်းဆီးရမိတဲ့နေအိမ်မှာ လူမ တွေ့ရဘဲ ဒီအမှုအသေးစိတ်ကို ဆက်လက် စုံစမ်းနေကြောင်းနဲ့ မူးယစ်ပုဒ်မ ၁၉ (က) အမှုဖွင့် စစ်ဆေးနေကြောင်းလည်း ဖော်ပြခဲ့တယ်။ ပိုင်ရှင်မဲ့ မူးယစ်ဆေးအဖြစ်နဲ ပဲ သတင်းကွင်းဆက် ပျောက်သွားခဲ့တယ်။

ရန်ကုန်၊ မင်္ဂလာဒုံ ဇေကမ္ဘာ စက်မှုဇုံဝင်းအတွင်း ကုန်တင်ကားပေါ်က စိတ်ကြွဆေးပြား ၂၇ သန်းနီးပါးနဲ့ မြောက်ဒဂုံနဲ့ သာကေတမှာ ဖမ်းဆီးရမိတဲ့ စိတ်ကြွဆေးပြား ၂ သန်းတို့နဲ့ပတ်သက်ပြီး ၄ ဦးကို ဖမ်းဆီးမိခဲ့တယ်။ အဲဒီအမှုမှာ ပါဝင်တဲ့ ၁၆ ဦးထဲက ကျန် ၁၂ ဦးကတော့ အခုထိ လွတ်နေဆဲပဲလို့ မြန်မာနိုင်ငံမူးယစ်ဗဟို တားဆီးနှိမ်နှင်းရေးဌာနကပြောကြောင်း ဘီဘီစီသတင်းက ဖေါ်ပြခဲ့တယ်။ ဖမ်းဆီးမိခဲ့သူတွေထဲမှာ မန်နေးဂျင်းဒါရိုက်တာအဆင့်ကနေ ကားမောင်းသမားအထိ ပါဝင်တယ်လို့ မူးယစ်ဗဟိုက ရဲမှူးကြီးမြင့်သိန်းက ပြောပါတယ်။ သူတို့ထဲက တချို့ဟာ ကုလားတန်မြစ်ဝှမ်းဒေသ ဖွံ့ဖြိုးတိုး တက်ရေးကုမ္ပဏီနဲ့ Arakan Bay ကုမ္ပဏီမှာ ဒါရိုက်တာ တွေဖြစ်ကြတယ်လို့ ရဲမှူးကြီးမြင့်သိန်းက ဆိုပါတယ်။

၂ဝ၁၆ ဖေဖေါ်ဝါရီ ၈ ရက်နေ့က ရန်ကုန်တိုင်းမင်္ဂလာဒုံမြို့နယ်ထောက်ကြန့် ပျဉ်းမပင်ကျေးရွာအုပ်စုအပိုင်မှာ ပိုင်ရှင်မဲ့ စိတ်ကြွဆေးပြား ၂ သိန်း ၆ သောင်းကျော်ကို ရဲတပ်ဖွဲက ရှာဖွေဖမ်းဆီးမိခဲ့ပြီး ကာလတန်းဖိုး ကျပ်သိန်းပေါင်း တစ်သောင်း ၃ ထောင်ကျော်တန်ဖိုးရှိတယ်လို့ ထောက်ကြံ့ရဲစခန်းမှူးက ပြောပြခဲ့တယ်။ မူးယစ်အဖွဲ့တွေရော၊ နယ်မြေ ရဲစခန်းရော၊ သက်ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့တွေကော ပူးပေါင်းပြီးတော့ စစ်ဆေးခဲ့ရာမှာ စုစုပေါင်း အပြားရေ ၂၆၂၇ဝဝ တွေ့ရှိတယ်။ ပါကင်ထုတ်အနေနဲ့ ၂၆ထုပ်။ တစ်သောင်းစီပါတဲ့ အထုပ် ၂၆ ထုပ်နဲ့ အထုပ်ပြေနေတဲ့ ဆေးတွေကို တွေ့ရှိခဲ့တယ်။ တန်ဖိုး အနေနဲ့ တွက်ရင် တစ်ပြားကို ငါးထောင်နှုန်းနဲ့ တွက်လိုက်တော့ သိန်းပေါင်း ၁၃,၁၃၅ သိန်းဖိုးလို့ ဒေသပေါက်ဈေးအရ တွက်ချက်ရရှိခဲ့တယ်။

၂ဝ၁၇ ဇွန်လ ၁၉ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့မှာကာလတန်ဖိုး ကျပ်သိန်းပေါင်း သိန်းချီ ရှိတဲ့ ပိုင်ရှင်မဲ့ စိတ်ကြွဆေးနဲ့ ဘိန်းဖြူလို့ယူဆရတဲ့ အမှုန့်တွေကို နေရာ အတော်များများမှာ တွေ့ရှိခဲ့ရပြီး၊ မုံရွာမြို့မရဲစခန်းမှူးက တရားလို လုပ်ပြီး အမှုကို စုံစမ်းနေဆဲဖြစ်ပါတယ်။ ပိုင်ရှင်မဲ့ စွန့်ပစ်ထားတဲ့ ဒီမူးယစ်ဆေးဝါး ပမာဏဟာ မုံရွာမြို့မရဲစခန်း အတွက်တော ပထမဦးဆုံးအကြိမ်အဖြစ် စံချိန်တင် သိမ်းဆည်းရမိတာဖြစ်တယ်လို့ ရဲစခန်းမှူးက ဆိုတယ်။

အလားတူ ၂ဝ၁၈ ဇန်နဝါရီလ ၁၆ ရက်နေ့ မှာ ရှမ်းပြည်နယ် သိန္နီမြို့နဲ့ ကွတ်ခိုင်မြို့နယ်မှာ ငွေကျပ်သိန်းပေါင်း ၇၂၈,ဝဝဝ ကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။ သိန္နီမြို့အထွက် အိုရီယမ်တယ်တိုးဂိတ်အနီးမှာ မောင်းနှင်လာတဲ့ မော်တော် ယာဉ်ပေါ်ကနေ ဘိန်းဖြူဆပ်ပြာ ခွက် ၁,ဝဝဝ ကျော်နဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၄,ဝဝဝ တို့ကို ပူးပေါင်းအဖွဲ့က သိမ်းဆည်းရမိခဲ့ကြောင်း RFA သတင်းအရ သိရတယ်။

၂ဝ၁၈ ခုနှစ် မတ်လ ၉ ရက်နေ့က မန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ ၇၃ လမ်း၊ ခိုင်ရွှေဝါလမ်းနဲ့ ဇလပ်ဝါ လမ်းကြား၊ မြို့နယ် အားကစားကွင်း တိုက်ခန်း အမှတ် (၃၈) ရှေ့မှာ ရပ်ထားတဲ့ ဆလွန်းကားထဲကနေ မူးယစ်ဆေးဝါး မျိုးစုံ ကျပ် ၁၄ ဘီလီယံ ကျော်ဖိုး ဖမ်းမိခဲ့ကြောင်း MCN TV သတင်းအရ သိရတယ်။ ရပ်ထားတာ ၄ ရက် ကြာပြီဖြစ်တဲ့ ဆလွန်းကားထဲက စိတ်ကြွ ဆေးပြား ၂၈ သိန်း အပါအဝင် မူးယစ်ဆေးမျိုးစုံကို တွေ့ရှိခဲ့တာ ဖြစ်တယ်။ မူးယစ်ဆေးတွေ ဖမ်းမိနေရာသို့ မန္တလေးတိုင်း ဝန်ကြီးချုပ်ဒေါက်တာ ဇော်မြင့်မောင် လာရောက်ကြည့်ရှုစစ်ဆေးကြောင်းသိရတယ်။ သိမ်းဆည်းရရှိတဲ့ မူးယစ်ဆေးဝါးတွေ က ၈၈/၁ ဆေးပြားပေါင်း ၁ဝ သိန်းခန့်၊ WY ဆေးပြားပေါင်း ၁၈ သိန်းခန့် (စုစုပေါင်း စိတ်ကြွမူးယစ် ဆေးပြားပေါင်း၂၈ သိန်း)၊ ဘိန်းဖြူ ဆပ်ပြာခွက်၂၂ဝ (၂ ဒသမ ၂ ကီလို ဂရမ်)၊ ဘိန်းဖြူထုပ် ၆ ထုပ် (၁ ဒသမ ၈ ကီလိုဂရမ်)၊ ဘိန်းဖြူ ဘလောက်တုံး ၂ တုံး (သုည ဒသမ ၇ ကီလိုဂရမ်)၊ ICE (တစ်ကီလိုဂရမ်) နဲ့ ဆိုဒီယံဟိုက်ဒရောဆိုက် (သုည ဒသမ ၁၅ ကီလိုဂရမ်)၊ လိင်စိတ်ကြွပစ္စည်းတွေ တွေ့ရှိခဲ့တယ်လို့ဆိုတယ်။

၂ဝ၁၈ မတ်လ ၂၄ ရက်နေ့ကလည်း ရခိုင်ပြည်နယ် စစ်တွေမြို့ ရေချမ်းပြင်ဆိပ်ကမ်းမှာ ကာလတန်ဖိုးငွေ ကျပ်သိန်းပေါင်း ၁၂ဝဝ ကျော် တန်ဖိုးရှိတဲ့ WY စိတ်ကြွဆေးပြား ခြောက်သိန်းကျော်ကို ရေချမ်းပြင် ရဲကင်းစခန်းက ဖမ်းဆီးရမိခဲ့တယ်။ ဘိလပ်မြေအိတ်တွေထဲမှာထည့်ပြီး ကားနဲ့သယ်ယူလာရာမှာ ဖမ်းဆီးရမိခဲ့တာလို့ ရဲကင်းစခန်းမှူး ရဲအုပ်ကျော်စိုးဦးက ပြောတယ်။ ဘိလပ်မြေအိတ်တွေနဲ့ရောပြီးတော့ ဘိလပ်မြေအိတ်တွေထဲမှာထည့်ထားတာ ဆေးပြားတွေ၊ ဆေးပြားအားလုံး (၆၄၉,ဝဝဝ) သိန်းပေါင်း ၁၂၂၉ ကျော်ရှိကြောင်း သိရတယ်။ မတ်လ ၂၂ ရက်နေ့ကလည်း အငူမော်စစ်ဆေးရေးဂိတ်မှာ WY စိတ်ကြွဆေးပြားပေါင်း ၈ သိန်းကျော်ကိုဖမ်းဆီးရမိခဲ့သလို မတ်လ ၂၃ ရက်နေ့ကလည်း မောင်တောမြို့နယ်အနီး ပင်လယ်ပြင်ထဲက ငါးဖမ်းစက်လှေတစ်စီးပေါ် ကနေ WY စိတ်ကြွဆေးပြား ၇ သိန်းကို ဖမ်းဆီးရမိခဲ့တယ်လို့သိရတယ်။

အခု သတင်းတွေကို ယေဘုယျလေ့လာကြည့်ရင် မူးယစ်ဆေးအကြီးအကျယ်ထုတ်လုပ်နေတဲ့ လက်ရင်းတရားခံကြိးတွေ လွတ်နေသေးတာ တွေ့နိုင်တယ်။ ဖမ်းမိထားသူတွေဟာ တဆင့်ခံ သယ်ယူပို့ဆောင်ဖြန့်ဖြူးပေးသူတွေ ဖြစ်တယ်။ ဒါကြောင့် လက်ရှိမူးယစ်ဆေးဝါးနှိမ်နင်းတိုက်ဖျက်နေပုံအရ လက္ကားထုတ်လုပ်သူတွေကို မဖမ်းနိုင်တာတွေ့ရတယ်။ ဒီအတွက် လက်ရှိ လွှတ်တော်၊ အစိုးရ၊ ပြည်ထဲရေး၊ တပ်မတော်နဲ့ အခြားသက်ဆိုင်ရာ လုံခြုံရေးကဏ္ဍတာဝန်ရှိအဖွဲ့ အားလုံးပူးပေါင်းပြီး မူးယစ်ဆေးဝါးပြဿနာကို စနစ်တကျ စီမံကိန်းချမှတ် ဆောင်ရွက်သင့်ပြီ ဖြစ်တယ်။

မလေးရှား ရဲတပ်ဖွဲ့ရဲ့ ဇွန်လ ၂ရက် ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ ရှမ်းပြည်နယ်အတွင်း မူးယစ်ဆေးဝါး စက်ရုံ ၃၇ ရုံရှိ တယ်လို့ဆိုကြောင်း ဧရာဝတီသတင်းက ဖေါ်ပြတယ်။ စက်ရုံအားလုံးဟာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပြည် သူ့ စစ်တပ်ဖွဲ့တွေ ပိုင်တဲ့ စက်ရုံတွေဖြစ်ကြောင်း မြေပုံနဲ့တကွဖော်ပြထားတယ်လို့ ဆိုတယ်။ UWSA ကလည်း ၁ဝ ရုံထက်မနည်း ဖွင့်လှစ်ပြီး မူးယစ်ဆေးဝါး ထုတ်လုပ် ဖြန့်ဖြူးနေကြောင်း ဖော်ပြထားတယ်လို့ ဆိုပါတယ်။ မေလ ၂၈ ရက်က ရန်ကုန်မြို့မှ ထွက်ခွာပြီး မလေးရှားနိုင်ငံ ကွာလာလန်ပူမြို့ ကလန်းဆိပ်ကမ်းမှာ ဆိုက်ရောက်တဲ့  လက်ဖက်ခြောက် ကွန် တိန်နာထဲက မူးယစ်ဆေးဝါး စုစုပေါင်း ၁၁၈၇ ကီလိုဂရမ်၊ မလေးရှား ရင်းဂစ်ငွေ ၇၁ သန်းဖိုး စစ်ဆေးတွေ့ရှိ ခဲ့ပြီးနောက် မလေးရှားရဲတပ်ဖွဲ့က မြန်မာနိုင်ငံ ရှမ်းပြည်နယ်အတွင်းရှိ မူးယစ်ဆေးဝါး စက်ရုံတွေကတဆင့်  မူးယစ်ဆေးတွေ ထွက်ရှိနေ ကြောင်း သတင်းထုတ်ပြန်ခဲ့တယ်လို့ ဧရာဝတီသတင်းက ဆိုတယ်။

အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ၂ဝ၁၅ ခုနှစ်မှာထုတ်ပြန်တဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး နှစ်ပတ်လည် အစီရင်ခံစာ အရ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ဘိန်း ထုတ်လုပ်မှု ဒုတိယ အများဆုံး နိုင်ငံဖြစ်နေဆဲဖြစ်ပြီး၊ နိုင်ငံတကာ သဘောတူစာချုပ်ပါ အချက်တွေနဲ့ အညီ မူးယစ်ဆေးဝါးကို ထိထိရောက်ရောက် တိုက်ဖျက်ဖို့ ပျက်ကွက်ခဲ့တယ်လို့ ဖေါ်ပြထားတယ်။

၂ဝ၁၈ မေလ ၃၁ ရက်နေ့က နိုင်ငံတော်သမ္မတနေအိမ်မှာ မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေသောဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က လူငယ်တွေ မူးယစ်ဆေးဝါး သုံးစွဲမူ ပိုမိုများပြားလာကြောင်းနဲ့  မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ခုအဖြစ် တိုက်ဖျက်ကြဖို့ ညွှန် ကြားလိုက်ကြောင်း လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဦးစိုးအောင် က ပြောတယ်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး အထူးအဖွဲ့ကို သီးခြားဖွဲ့စည်းပြီး ဗဟိုကနေ တိုက်ရိုက်ကွပ်ကဲသွားဖို့နဲ့ မူးယစ်ဆေးဝါးစိုက်ပျိုး၊ ထုတ်လုပ်ရောင်းချ ဖြန့်ဖြူးတဲ့သူတွေကို ထိရောက်တဲ့ ပြစ်ဒဏ်ချမှတ်ဖို့လိုကြောင်း နိုင်ငံတော် သမ္မတက ညွှန်ကြားတယ်လို့ ဆိုတယ်။ မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေးအဖွဲ့တွေကို မြို့နယ်၊ ခရိုင်နဲ့ တိုင်း ဒေသကြီးတွေ၊ ပြည်နယ်တွေမှာ ဒေသဆိုင်ရာတာဝန်ရှိသူတွေနဲ့ အရပ်ဖက်အဖွဲ့တွေ၊ စိတ်ပါဝင်စားတဲ့ ပြည်သူတွေကို လည်း ထည့် သွင်းဖွဲ့စည်းပြီး အဲဒီအဖွဲ့တွေကို ဆုငွေချီးမြှင့် အားပေးဖို့ သမ္မတက ညွှန်ကြားကြောင်းလည်း သိရတယ်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ရဲ့လမ်းညွှန်မှုကို ပြည်သူလူထုက ကြိုဆိုကြပါတယ်။ မူးယစ်ငွေမည်းတွေကြောင့် ရွှေဈေး၊ ဒေါ် လာဈေး၊ အိမ်ခြံမြေတိုက်တာဈေး၊ လောင်စာဆီဈေးနဲ့ အခြေခံစားကုန်ဈေးတွေ အဆမတန် တက်နေတယ်။ နိုင်ငံရဲ့ စီးပွား ရေးတည်ငြိမ်မှုလည်း ပျက်ပြားရတယ်။ ဆင်းရဲသား လက်လုပ်လက်စားတွေ အိုးမဲ့အိမ်မဲ့ဘဝရောက်ကြရတယ်။ လူငယ် လူရွယ်တွေ ဆေးစွဲမှုကြောင့် မိသားစုတွေ ဒုက္ခရောက်ကြရတယ်။ ရာဇဝတ်မှုတွေလည်း များပြားလာတယ်။ တမျိုးသား လုံးကို အန္တရာယ်မျိုးစုံ ပေးနေတဲ့ ဘိန်းနဲ့မူးယစ်ဆေးဝါးပြဿနာဟာ အစိုးရဝန်ထမ်းများ အကျင့်ပျက်ခြစားမှုနဲ့လည်း တိုက်ရိုက်ဆက်စပ်နေတယ်။ ဒါကြောင့် NLD အစိုးရက ဥပဒေစိုးမိုးရေးကို ထိထိရောက်ရောက်ဖေါ်ဆောင်ပြီး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို ထိထိမိမိ ဆင်နွှဲချိန်ရောက်ပါပြီ။ ပြည်ထဲရေး ကာကွယ်ရေး နယ်စပ်ရေးရာ ဝန်ကြီးများအနေနဲ့ မူးယစ်ဆေး တိုက်ဖျက်ရာမှာ NLD အစိုးရနဲ့ အပြည့်အဝ လက်တွဲဆောင်ရွက်ကြဖို့ သန္နိဋ္ဌာန်ချစေလိုတယ်။  ပြည်သူနဲ့အတူ နိုင်ငံရေး သန္နိဋ္ဌာန် ခိုင်ခိုင်မာမာ ချမှတ်ပြီး အင်တိုက်အားတိုက် ဆောင်ရွက်ကြမှသာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကိစ္စ အောင်မြင် ဖွယ်ရာ ရှိမယ်လို့ ထင်မြင်မိပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts