ကဗျာ ကိုအောင်မှိုင်း

ကိုအောင်မှိုင်း – ဇွန် ၆ စိတ်ဓါတ်


ကိုအောင်မှိုင်း – ဇွန် ၆ စိတ်ဓါတ်

(မိုးမခ) ဇွန် ၇၊ ၂၀၁၈

အဖေက
နံရံကိုခေါင်းနဲ့တိုက်တာလားတဲ့။
အမေက
သားဒုက္ခရောက်မယ်တဲ့။

ဒီနံရံတွေကို
ကျနော်တို့ခေါင်းတွေနဲ့ တိုက်ကြပါမယ်
အကြိမ်ကြိမ်အခါခါ တိုက်ကြပါမယ်
နာနာကျဉ်းကျဉ်း တိုက်ကြပါမယ်
တိုက်လဲတိုက်ခဲ့ကြပါတယ်။

တိုက်ပွဲတွေကြား
တချို့လဲ ဘ၀ကူးမကောင်းခဲ့ကြသလို
တချို့ လဲ ဘ၀တွေလေဟုန်စီးကုန်ကြတယ်
တချိ့လဲ မားမားမတ်မတ်ရပ်လျှက်ပါဘဲ။

အခုလေ
နံရံကြီးတွေ ပြိုစပြုလာပြီအဖေ။
အခုလေ
နံရံကြီးတွေ ကွဲအက်လာပြီအမေ။

ခေါင်းတွေပေါ်က
ချူပ်ရိုးစတွေမှာ
သွေးစိမ်းရှင်ရှင်
ကျနေဆဲပေမဲ့
ကျနော်တို့ အားတက်နေဆဲပါ
အဖေနဲ့အမေ။

သွေးမြစ်ကြီးတွေပေါ်
လမ်းလျှောက်ရင်း
တေးသစ်တွေ သီဆိုလျှက်ပါ
အဖေနဲ့အမေ။

ခေါင်းတွေဟာ
တိုက်ရလွန်းလို့
အသားမာတွေနဲ့ ပြည့်နေပါတယ်
သွေးစတွေနဲ့ ပြည့်နေပါတယ်
ဒဏ်ရာဟောင်းတွေနဲ့ ပြည့်နေပါတယ်
အဖေနဲ့အမေ။

အသားမာတွေကြားကဘဲ
အားသစ်တွေ သွေးသစ်တွေကို
သွန်းလောင်းလာနိုင်ကြပါပြီ။

သွေးသံရဲရဲ ခေါင်းတွေနဲ့ဘဲ
ဘုရင်တွေကို ပလ္လင်တွေပေါ်က
ဆွဲချနိုင်ခဲ့ကြပါပြီ
အဖေနဲ့အမေ။

တံတိုင်းတွေကို
ပြိုလဲတဲ့အထိတိုက်မဲ့
ခေါင်းသစ်တွေကိုလဲ လောကကြီးက
အသစ်တဖန် မွေးဖွားပေးခဲ့ပါတယ်
ဒီတံတိုင်းတွေ
မြေပေါ်ဘုန်းဘုန်းလဲ ဖြိုပြီးတဲ့အခါ
သမီးလက်ကိုဆွဲ အောင်ပွဲခံမယ်
အဖေနဲ့အမေ။

အဲဒါ ဇွန် ၆ စိတ်ဓါတ်ပါဘဲ။

ကိုအောင်မှိုင်း
(ဇွန်လ ၆ ရက် ၂၀၁၈ခုနှစ်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts