သာထက်အောင် သရော်စာ

သာထက်အောင် – ပျော်ပါသော်ကော ဒုက္ခကမ္ဘာ

သာထက်အောင် – ပျော်ပါသော်ကော ဒုက္ခကမ္ဘာ

(မိုးမခ) ဇွန် ၂၊ ၂၀၁၈

” ခင်ဗျား – အသက်ကလေးရလာရင် စိတ်ချမ်းသာအောင်နေတတ်ဖို့ အရေးကြီးတယ်။ ဖြစ်နိုင်ရင် အင်တာနက် မကြည့်နဲ့ ၊ ဖေ့စ်ဘုတ်မဖတ်နဲ့ ၊ ရွှေပြည်ကြီးက စိတ်ဆင်းရဲစရာသတင်းတွေ နားမစွင့်နဲ့၊ အကွဲအပြဲ အဆဲအဆိုတွေ များလှတဲ့ မြန်မာအသင်းအဖွဲ့ဆိုတာတွေနဲ့ သွား မပတ်သက်နဲ့ ကိုယ့်လူ။ အဲဒါဆို အထိုက်အလျောက်တော့ စိတ်ဆင်းရဲခြင်းကင်းနိုင်ပါတယ်။”

ဒီမှာရောက်နေတာကြာပြီဖြစ်တဲ့ ကျွန်တော့်ထက် အသက်ရော ၀ါရော နည်းနည်းပိုကြီးတဲ့ မိတ်ဆွေတယောက်ရဲ့ သြ၀ါဒပါ။ ခက်တာက ကျွန်တော်ကလည်း ကျွန်တော်ပဲ၊ သူပြောသလိုမနေတတ်ဘူး၊ အင်တာနက်လည်းကြည့်တယ် ဖေ့စ်ဘုတ်လည်းဖတ်တယ် (အဲ … ကွန်မင့်တွေတော့ မဖတ်ရဲဘူး၊ တစ်တစ်ခွခွဆဲဆို ကြိမ်းမောင်းထားတာတွေ ကြောက်လို့ ရွံလို့။) မြန်မာအသင်းအဖွဲ့တွေနဲ့ ထွေးလားလုံးလား မရှိပေမယ့် သူတို့အကူအညီလာတောင်းရင်တော့ မနေနိုင်ပါဘူး။ ကူညီပါတယ်။ ရွှေပြည်ကြီးက သတင်းတွေ တမင်နားစွင့်တာမဟုတ်ပေမယ့် မိတ်ဆွေတွေ ညီကိုတွေနဲ့ ဖုံးပြောဖြစ်တဲ့အခါ စိတ်ချမ်းသာစရာ သတင်းရယ်လို့ သိပ်မတွေ့မိပါဘူး။

ပင်စင်နာဘ၀နဲ့ တယောက်တည်း အနေများလာတဲ့အခါ တောင်တောင်အီအီ အတွေးများကလည်း ဟိုက၀င်လာ ဒီက၀င်လာ တခါတခါမတော့ တယောက်တည်း မကျေမချမ်းဖြစ်ပြီး တက်တခေါက်ခေါက်ဖြစ်တတ်သလို တယောက်တည်း ပြုံးမိတာလည်း အကြိမ်ကြိမ်ပါ။ ဘေးကလူတယောက်ယောက်ကများမြင်ရင် ဒီလူကြီး စိတ်မှနှံ့ရဲ့လား ထင်ချင်စရာပါ။ တလောက ဖေစ့်ဘုတ် ဖတ်ရင်း ရွှေပြည်ကြီးမှာ အဂတိတိုက်ဖျက်ရေးအဖွဲ့ကို ၀န်ကြီးဟောင်းဦးအောင်ကြည်နဲ့ အသစ်ဖွဲ့လိုက်တယ် ကြားရပြီး သိပ်မကြာခင် စီမံဘဏ္ဏာဝန်ကြီးကို စစ်တယ်ဆေးတယ် ကြားရတော့ ထ လက်ခမောင်းခတ်မိတယ်။ ဒီလိုမှပေါ့ ဒီလိုပြတ်သားတဲ့ အဖွဲ့မျိုး မျှော်နေတာ ကြာလှပေါ့။ ဒီတချီတော့ ငါးကြီးကြီးတကောင်တော့ မိပြီ ထင်နေတုန်း …  “ယင်း၏ ဆန္ဒသဘောအလျောက် နှုတ်ထွက်ခွင့် ပြုလိုက်သည် …” ဆိုတာလည်းကြားလိုက်ရော ပြုံးယောင်သန်းနေတဲ့ မျက်နှဟာ ချက်ခြင်း မှုန်ကုတ် ပုပ်စပ် လာပါတော့တယ်။

ဒီလိုအရးယူနည်းမျိုးနဲ့များ အဂတိလျော့ပါးမယ် ဆိုရင်ဖြင့် … တွေ့တယ်မဟုတ်လား ကိုရီးယားက သမ္မတပတ်ချုံဟေး လက်ထိပ်တန်းလန်းနဲ့ ၀င်သွားရတာပဲ မဟုတ်လား။ သူများနိုင်ငံတွေ ကြီးပွါးတိုးတက်တယ်ဆိုတာ အဲဒါပဲ။ တိကျတယ် ပြတ်သားတယ် တရားဥပဒေစိုးမိုးတယ်။ ခု ကျွန်တော်တို့မှာ ဘယ်လိုနားလည်ရမှန်း မသိ။ အပြစ်ရှိသလား မရှိဘူးလား ၊ ရှိရင် ရုံးတင် တရားစွဲ ထောင်ချ မရှိရင် မူလတာဝန်ထမ်းဆောင်။ ခုတော့ ယင်း၏ ဆန္ဒသဘောအလျေက်ဆိုတော့ ၀န်ကြီးလုပ်ချင်သေးရင် လုပ်လို့ရသေးထင်ပါရဲ့။

ဆန်းတော့ မဆန်းပါဘူး သမ္မတရုံးက ထုတ်တဲ့ သင်္ကြန်ရုံးပိတ်ရက် အမိန့်ကြေ်ငြာစာမှာတောင် ၅ ရက် ပိတ်မှာလား ၃ ရက် ပိတ်မှာလား မရှင်း မရှင်းနဲ့ လူရယ်စရာဖြစ်ခဲ့သေးတာ။ မြန်မာလူမျိုးတွေဖတ်ဖို့ မြန်မာစာနဲ့ ထုတ်တဲ့အမိန့်စာ မြန်မာတွေ နားမလည်ဘူးဆိုတော့… ကျွန်တော်တယောက်တည်း ပြုံးမိတယ်ဆိုတာ ဒါမျိုးတွေကြောင့်ပါ။ ( စိတ်ချပါ ကျွန်တော့်စိတ် ပုံမှန်ပါ) အဲဒီဝန်ကြီး လာဘ်စား မစား ပြည်သူ့ဘဏ္ဏာ ဘုံး မဘုံး ကျွန်တော်မသိပါ။ သူ့ကိုယ်ရေးရာဇ၀င်တင်တုန်းက Ph.D ဆိုတာကြီးကတော့ တိုင်းသိပြည်သိပါ။ ရွှေပြည်ကြီးမှာ ဒီကိစ္စဘယ်ေလာက်အရေးကြီးသလဲ ကျွန်တော် မသိပါ။ နိုင်ငံခြားမှာတော့ ဒါမျိုးဆို ကောင်းကောင်း အရေးယူခံရမှာပါ။ ဒီလိုဝန်ကြီးရာထူးမျိုး မဆိုထားနဲ့ သာမာန်ဒရိုင်ဘာလိုင်စင် လျောက်တာတို့ ၀င်ငွေခွန်ကြေငြာတာတို့မှာ လိမ်လည်ဖေါ်ပြမိရင် ဒဏ်ငွေကပြင်းသလို အဆင်မသင့်ရင် ထောင်တောင် ကျနိုင်ပါတယ်။ သူလိမ်တာ မဟုတ်ဘူး ၊ ရတဲ့ဘွဲ့ကို အစစ်မှန်း အတုမှန်းကို မသိတာဆိုရင်တော့ အင်း … ပြည်ထောင်စုဝန်ကြီး လုပ်ဖို့ မသင့်ဘူး။ ခန့်တဲ့သူမှာလည်း တာဝန်အများကြီးရှိပါတယ်။ ထားပါတော့ ပြီးခဲ့ပါပြီ။ ရှေးလူကြီးတွေ စကား တယ်မှန်တာပဲ။ “မြင်းကောင်းနဲ့လူကျိုး သူခိုးနဲ့ဆင်ဖြူ” ဘယ်လိုမှ ကြည့်ရ အဆင်မပြေပါဘူး။

ဘယ်နိုင်ငံမှာမဆို လာဘ်စားတဲ့ဝန်ကြီး၊ အဂတိလိုက်တဲ့တရားသူကြီး ရှိတာပါပဲ။ အဲ … မိပြီ ဆိုရင်တော့ တရားဥပဒေအတိုင်း လက်တလုံးလျော့လို့ မရပါဘူး။ တရုတ်ပြည်ကတော့ တချို့အမှုတွေဆို သေဒဏ်တောင် ပေးတာ။ ရွှေပြည်ကြီးကတော့ သိတဲ့အတိုင်း အဘတို့ ပျော်ပျော်ကြီး ခိုးခဲ့ကြတာ ဘာမှဲ့တပေါက်မှ မစွန်းခဲ့ပါဘူး။ နင့်ဘုန်းကြီး ငါးမျှားတာ ငါမြင်သလို၊ ငါ့ဘုန်းကြီး တီတူးတာလည်း မင်းမြင်တာပဲဆိုပြီး ဘယ်သူ ဘယ်သူမှ မဖေါ်ကြေး မပြောကြေး ညီညွတ်စွာ ချီတက်လာလိုက်တာ တိုင်းပြည်လည်း ဖြူကာပြာကာ ကျရော ဆိုပါတော့။

ခုခါမှာ လူမှန်ရင် မိုဘိုင်းဖုံးတလုံးတော့ ရှိကြတာမို့ ကျွန်တော်လည်း ကားစောင့်ရင်း ရထားစောင့်ရင်း ဖုံးကို မကြာမကြာ ပွတ်မိပါတယ်။ ဟော… တွေ့ပြန်ပြီ သွေးရဲရဲ သံရဲရဲနဲ့ လူသတ်မှု၊ ဟော … တုတ်တရမ်းရမ်း ဒါးတ၀င်းဝင်းနဲ့ ရပ်ကွက်ထဲ ရမ်းကားနေကြတာ၊ ဟော… မိပြန်ပြီ မူးယစ်ဆေး ကားတစီးတိုက် ပိုင်ရှင်မဲ့၊ ဖြစ်ပြန်ပြီ အိမ်ဖေါ်ကို နှိပ်စက်မှု၊  အတောမသတ်နိုင်တဲ့ ရာဇ၀တ်မှုတွေ ကြားရပြန်ပြီ၊ သက်ငယ်မုဒိန်းမှု၊ ဒီလို ရာဇ၀တ်မှုတွေ ထူပြောတဲ့ကြားက တိုင်းပြည်အုပ်ချုပ် မင်းလုပ်သူများက စိတ်ကူးရရသလို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ခိုးဆိုး လုယက် မုဒိန်းကောင် လူသတ်ကောင် တပြုံတမကြီးကို လွှတ်ပေးနေတော့ မီးလောင်ရာ လေပင့်သလို ဖြစ်ရော။ ယုံကြည်ချက်ကြောင့် ထောင်ကျတဲ့ နိုင်ငံရေးသမားက နည်းနည်း ဒုစရိုက်သမားက အများစု။

ကျွန်တော် ဆစ်ဒနီမှာ နေလာတဲ့ နှစ်ပေါင်း အစိတ်နီးပါး တခါမှ လွတ်ငြိမ်းချမ်းသာခွင့်ဆိုတာ မကြားဖူးပါဘူး။ တကယ်တော့ လွတ်ငြိမ်းချမ်းသာခွင့်ဆိုတာ ရာဇ၀တ်မှု မကျူးလွန်ဘဲ ယုံကြည်ချက်ကြောင့် မတရားအဖမ်းခံထားရသူတွေနဲ့ပဲ ဆိုင်ပါတယ်။ မလေးရှား မဟာသီယာ ရွေးကောက်ပွဲအနိုင်ရလို့ အစိုးရဖွဲ့နိုင်တော့ အရင်အစိုးရလက်ထက်က လိင်တူချင်း ဆက်ဆံပါတယ်ဆိုပြီး မတရား ဖမ်းဆီးချုပ်နှောင်ထားတဲ့ အန်ဝါအီဘရာဟင်ကို ချက်ခြင်း လွှတ်ပေးလိုက်ပါတယ်။ သြစတြေးလျမှာ တရားခံတယောက်ကို စီရင်ချက် ချရင် Parole ဆိုတာ ရှိပါတယ်။ လျော့ရက်ဆိုပါတော့၊ ဥပမာ – တရားခံတယောက်ကို ထောင် ၁၀ နှစ် ချလိုက်တယ်၊  ထောင်ထဲမှာ ကောင်းမွန်စွာ နေတယ်ဆိုရင် ၈ နှစ် ပြည့်ရင် parole လျောက်လို့ရလို့ အပြည့်မနေရပဲ လွတ်လာတာတွေ ရှိပါတယ်။ ပြစ်မှု သိပ်ကြီးရင် စီရင်ချက်ချကတည်းက non parole အပြည့် နေပေတော့ပဲ။

မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံအရ သင်္ကြန်ပြီးလို့ နှစ်ဆန်းတရက်နေ့ ရောက်ရင် သက်သတ်လွတ် စားကြ ငှက်လေးတွေငါးလေးတွေ လွှတ်ကြ၊ နွားတွေကို တချို့က ဘေးမဲ့ပေးကြ၊ ကုသိုလ်ကောင်းမှု ပြုကြတာ သာဓုခေါ်စရာ ကောင်းပါတယ်။ ဘယ်သူ့မှ မထိခိုက်ပဲ အသက်တချောင်းကို ဇီဝိတဒါန ပြုတယ်ဆိုတာ မွန်မြတ်တဲ့အလုပ်ပါ။ အဲ… ခိုးဆိုး လုယက် ခါးပိုက်နှိုက် မုဒိန်းကောင် လူသတ်ကောင်တွေကို မေတ္တာတော် အနန္တနဲ့ လွှတ်ပေးလိုက်တော့ သူတို့က ငှက်ကလေးတွေ ငါးလေးတွေ မဟုတ်ဘူး။ လစ်ရင်လစ်သလို လူ့အဖွဲ့အစည်းကို ဒုက္ခပေးဦးမှာ။ အဲဒီအကျိုးဆက်ကို ဘယ်သူ တာဝန်ယူမှာလဲ။ လူထုမေတ္တာ ခံယူချင်တယ်ဆိုရင် တိုင်းပြည် တိုးတက် ကြီးပွားပြီး ပျော်ရွှင်ဖွယ် လူ့အဖွဲ့အစည်းကို ဖန်တီးနိုင်မှ။ ခုလို မကြာမကြာ ထောင်ခါတာကတော့ ဘူးလေးရာ ဖရုံ ဆင့်တာပါပဲ။

လွန်ခဲ့တဲ့ ၃ နှစ်လောက်က ရွှေပြည်ကြီး ပြန်ရောက်တော့ ငယ်သူငယ်ချင်းတယောက်က လာတွေတော့၊ ရှေးဟောင်းနှောင်းဖြစ်တွေပြောရင်း ‘သူငယ်ချင်း – မင်း နေရတာ ပျော်လား’ ဆိုတော့ …

“မင်းနှယ်ကွာ မေးမှ မေးရက်ပလေ ၊ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံက သာမန်လူတယောက် ဘယ်မှာ ပျော်နိုင်မှာလဲ။ မပျော်လို့ ကိုယ့်ဖါသာ သတ်သေလို့ကလဲမဖြစ်၊ ပျော်စရာတွေကိုလည်း ကိုယ်က မဖန်တီးနိုင် ၊ ဒီတော့ ကိုယ့်စိတ်ကိုပဲ ဆုံးမပြီး ပျော်အောင်နေရတယ် ကိုယ့်လူရေ။ မီးပျက်တယ် ရေမလာဘူး ခေါင်းထဲ မထည့်နဲ့၊ ကုန်ဈေးနှုန်းတွေကြီးတယ် ကိုယ်နဲ့ မဆိုင်သလိုနေ၊ အဘတွေ ၀န်ကြီး ၀န်ကလေးတွေ ခိုးကြ ၀ှက်ကြ ကြီးပွါးကြ …  အကျိုးပေး သန်လိုက်ကြတာလို့ပဲ သဘောထား၊ သက်ငယ်မုဒိန်းတွေ မကြာမကြာဖြစ်နေတာ ကြားရင် နားပိတ်ထား။”

‘အဲသည်တော့ မင်းပျော်ရောလား’ မေးတော့ …

” မမြင်ရ မကြားရအောင်နေ၊ ညနေ အရက်ဆိုင်သွား၊ ဘောလုံးပွဲလောင်း၊ နိုင်ရင် အရက်အကောင်းစား သောက်၊ ည ကာရာအိုကေ သွားပြီး အနှိပ်သွားခံ၊ ကောင်မလေးတွေနဲ့ တ၀ါးဝါး၊ မင်း နိုင်ငံခြားနေပြီး ငါ့လို ပျော်ရရဲ့လားတဲ့။”

သြော် …

၁ ဇွန် ၂၀၁၈


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts