(မိုးမခ) မေ ၂၈၊ ၂၀၁၈
ကျဉ်းမြောင်းတဲ့အကွေ့အတက်အဆင်းတွေနဲ့ ဖုန်လုံးတွေလှိမ့်နေတဲ့ ခလုတ်ကန်သင်းများများ ခရီးလေးဟာ ဘဝမှာနေသားတကျဖြစ်ခဲ့။
နှစ်များစွာစတေးထားပြီး ပြောင်းလဲမသွားတဲ့ ကတ်ပြားကလေးတခုစာ ကြိုးကလေးတချောင်းက ခြေလှမ်းတိုင်းကို ဆွဲနှောင်ထားခဲ့။
ပြတင်းပေါက်ကလေပွေတွေ စားပွဲပေါ်ကစာရွက်တွေကို ဆွဲချသွားခဲ့သလို။ လက်မှတ်ထိုးမထားသေးတဲ့ဇယားကွက်အလွတ်တွေက ကီးဘုတ်ပေါ် ထခုန်ပြနေကြတယ်။ မနက်ဖြန်မှာ သတင်းကောင်းကြားရမလား ထူးခြားတဲ့ကရုဏာသက်တဲ့အမိန့်တစုံတရာကိုပဲ တမ်းတမိ။ ပိန်ချိုင့်နေတဲ့ဒန်ချိုင့်တလုံးလို အရာရာဟာ ခေတ်နောက်ကျလို့ပါ။
အမြန်ဆုံး အတီထွင်နိုင်ဆုံး စိတ်ကူးဏ်ဉာဏ်တွေကို ပန်ကာတွေထဲထည့်ပေးရမလား၊ အဲယားကွန်းတွေထဲပဲ စွန့်ပစ်ရမလား၊ အမှိုက်ပုံဟာ အမှန်တရားလိုလို။
မနက်ခင်းဟာ ယင်ကောင်တွေနဲ့ပဲစွတ်စိုနေတယ်၊ မသန့်ရှင်းတော့တဲ့စွပ်ကျယ်တွေ ဝတ်လို့။ အခန်းထောင့်မှောင်မှောင်ထဲ ချောဆီတွေပေကျံနေပုံက သူ့အနားလာလာသမျှ ညစ်ထေးသွားအောင်လုပ်နိုင်တဲ့မာန်နဲ့။ အဟောင်းအရောင်လွင့်နေတဲ့ စက်ပစ္စည်းတွေရဲ့ အံ့မခန်းလည်ပတ်နိုင်သေးတဲ့စွမ်းအင်မီးခိုးများထဲ အနံ့အသက်များထဲ လှေခါးထစ်တွေလို ဇွဲနပဲနဲ့ရင့် ကျက်တဲ့ပုံသဏ္ဍာန်။ ဆီပေရင်ဘီအေမကြောက်ဘူးဆိုတဲ့ခေတ်တွေကို ကျော်ဖြတ်ခဲ့ရ ကိုယ့်ကိုယ်ကိုစလစ်မထုတ်ဖြစ်တဲ့နေ့တွေကို ပိုက်ထဲသွန်ချရင်း ဖြတ်ကျော်ခဲ့ရနေ့တွေ။
အိမ်ခြံထဲမှာစိုက်ပျိုးထားတဲ့အသီးအနှံတွေနဲ့ ကိုယ်ပိုင်ထမင်းဝိုင်းကိုခင်းကျင်းလွတ်လပ်စိုပြေတဲ့မိသားစုထမင်းဝိုင်းလေးက လည်း ရင်ထဲမှာစိုက်လို့။ သန့်ရှင်းတဲ့လေတွေများများလိုအပ်တယ်၊ အောက်စီဂျင်ငတ်တဲ့အဆုတ်တွေ ကျန်းမာရေးကောင်းစေဖို့အတွက်။ ဆေးဝါးတွေကဆေးဖက်ဝါးဖက်ဖြစ်ရဲ့လားတခုသောဆေးပေးခန်းထဲ ဂရုစိုက်မှုတွေများများစိုက်ချင်တယ်၊ အလေ့ကျပင်တွေမှာ ပေါင်းမြက်တွေကင်းရှင်းရင်း စိတ်တွေကိုယုယကြမယ်။
သွားနေကျ စီးဆင်းနေကျသမားရိုးကျအမှတ်တွေနဲ့ ယဉ်ယဉ်ကျေးကျေးလေးကွေ့ခဲ့၊ ညင်ညင်သာသာပဲရွေ့ခဲ့။ ကိုယ်မပိုင်တဲ့ကိုင်းပင်တွေ ထပ်ပေါက်ရောက်မှာ။ ပိုက်ဆံမရှိတဲ့ညတွေဟာ မလင်းပဲနဲ့မှောင်နေတယ်။
အိမ်မိုးဖို့ငွေမရှိ။ မိုးရေစက်တွေကတစက်စက်တောင်မကတော့ဘူး ရွာကျလာတဲ့အခါတိုင်း ရေတံခွန်လိုအိမ်ထဲစီးကျလာ တယ်။ အရိပ်ကိုရွှေ့ထိုင်၊ ခွက်ပလုံးတွေရွှေ့ခံရင်း အိမ်ကြမ်းပြင်ပေါ်က မိုးသားများ မြစ်လိုဖြာကျနေရဲ့။
ပျစ်ခဲနေတဲ့လူ့မလိုင်တွေသာစုဝေးနိုင်ရာကို ကိုယ်ချင်းစာတရားတွေ အလည်မလာပေဘူး။ ကျနေတဲ့နေရောင်ကိုခွက်နဲ့ ခံစရာမလိုပဲ ကိုယ့်ရှေ့ရောက်လာတယ်။ မိုးလေတွေဒလကြမ်းစီးနေတဲ့ရာသီ မိုးခြိမ်းသံတဂျိမ်းဂျိမ်း၊ လျှပ်စီးတွေဟီးထလို့။ ကွင်းပြင်မှာ မိုးမိ၊ မိုးခြိမ်းသံနဲ့ညံ။
အတတ်ပညာနဲ့ရေးတဲ့လက်ရေးတွေပြည့်နေတယ်။ မျက်နှာကြက်ပေါ်ကပန်ကာတွေ ဘာကြောင့် အဲသလောက်လည်ပတ်နေရသလဲ တွေးနေမိပါတယ်။ ဒီနေ့ရှာခဲ့တဲ့မဖြစ်စလောက်ဟာ တစ်နေ့စာကိုဖူလုံမှုမပေးနိုင်ခဲ့ဘူးဆိုတာ အိမ်နံရံတွေသိ တယ်။
မပျော်တဲ့နေ့တွေကို ပြက္ခဒိန်မှာ ရေးမမှတ်နိုင်တော့ဘူး။ ကိုယ်စားရသလောက် ကိုယ်က ပြန်အလျော်ပေးရတာပဲဆိုတဲ့ စကားတွေနဲ့ ရေတွေစီးကျနေကြတယ်။
မြို့ကိုဈေးဝယ်ထွက်ရမယ်။ ပန်းသည်တွေ ဆိုင်ကယ်တွေနဲ့ဝင်လာတယ်။ အရောင်အသွေးအစုံပန်းခြင်းထဲမှာ ကိုယ်လိုချင်တဲ့ပန်းတွေဝယ် ဘုရားကပ်ဖို့ ဆုတွေတောင်းဖို့ ဆုတောင်းပြည့်စေတီရင်ပြင်ပေါ်တက်ခဲ့တယ်။
ယန္တရားတခုကနေတခုကိုအချိတ်အဆက်မမိပဲ ကွဲပြားရောက်ရှိသွားစဉ် လှုပ်ရှားနေကျစက်ဝန်းဟာ ပျက်သွားတယ်။ ပုံမှန်လည်နေတဲ့ဘီးတခုခုနဲ့ထိခိုက်မိ။ ကမ်းနားလမ်းကအဟောင်းဆိုင်မှာ ပွဲတက်ဝတ်စုံတွေကိုရွေးရင်း ချွေးထွက်နေတဲ့မြို့ထဲက ထွက်ခဲ့ပါတယ်။
နာရီစင်ကြီးရှေ့စကြာပုံလမ်းဆုံကလေးမှာစုပုံနေတဲ့ ယာဉ်တွေခဏရပ်နား။ ဆိုင်ကယ်အိတ်ဇောက ထွက်လာတဲ့အသံတွေနဲ့နှုတ်ဆက်။ တယောက်တလမ်းစီ မြစ်ရဲ့လက်တံရှည်ဖက်ကိုထွက်ခွာ။
တခါတလေ ပူနွေးပြီးအငွေ့ထောင်းထောင်းထနေတဲ့ခေါက်ဆွဲကြော်လေးကို ဟန်ကျပန်ကျစားချင်လှတယ်။ အပြန်ကျရင်မျှော်နေမယ့်မိသားစုအတွက် စပျစ်သီးရယ်၊ ပန်းသီးရယ်၊ လက်ကျန်အသက်ရှုသံလေးကိုအိတ်ကပ်ထဲထည့်၊ ဇလီဖားတုံးတွေထဲဝင်သွားတဲ့လမ်းသွယ်လေးရယ်၊ နာကျင်ဖို့မရှိတဲ့ ဇာတ်ဝင်ခန်းတချို့ကို ရေးခြယ်ချင်တယ်။ ခေါင်းလောင်းသံဟာ မောင်းနေ တဲ့ကားတွေကိုရပ်တန့်စေပါတယ်၊ ဝင်ချလာတဲ့ရထားအလံထောင်ထားတဲ့ လက်ပြသူနဲ့ရှုခင်းကို ဓာတ်ပုံရိုက်ခဲ့တယ်။ အနီဝတ်ထားတဲ့ လီဗာပူး ဘယ်ကြေးပေါက်လဲပွဲကူးဇယားမှာ ငါတို့စိတ်ကိုချလောင်းခဲ့တယ်။
ထမင်းစားပြီး တရေးတမောအိပ်ပြီး သူများမကောင်းကြောင်းလေကန်ပြီး နေ့ကိုအချိန်ဇယားအရ ဇွတ်ဖြတ်ခဲ့ရတယ်။
ဘုရားပန်းအိုးလဲတယ်၊ သောက်တော်ရေကပ်တယ်၊ ဆွမ်းတော်တင်တယ်၊ ဆုတောင်းများ မဂ်ဖိုလ်နိဗ္ဗာန်ရစေသား။ စောင်းတန်းတလျှောက်လှေခါးထစ်တွေအတိုင်း ကုသိုလ်ဟာ တစထစ်ချင်း စိတ်အညစ်ကြေးတွေနည်းနည်းချင်း တံမြက်လှည်းခဲ့ရနေ့စဉ်။
နေပူရှိန်ဟာ သွပ်မိုးကိုဖောက်လို့ မျက်နှာကျက်ကိုဖောက်လို့ တံစက်မြိတ်ရှည်အောင် ရှေ့ကိုအဖီဆွဲထားတယ်။ မိုးလေတွေကျအလာ အိမ်ရှေ့ကသရက်ပင်အသီးတွေကြွေနေတယ်။
ထင်သလောက်ဈေးကောင်းမရဘူး၊ ရှောက်သီးတွေမာလကာသီးတွေ သံပုရာသီးတွေ ငှက်ပျောသီးတွေ ကိုယ်စိုက်သလောက် ကိုယ်ရိတ်သိမ်းရတယ်ဆိုပေမယ့် မပြောင်းသေးခင် အရင်ခြံထဲမှာ ကြက်သွန်နီတွေစိုက်ခဲ့ခရမ်းသီးပင်တွေ စိုက်ခဲ့နွားချေးမြေသြဇာက သဘာဝမြေဆွေးပဲ မန်ကျည်းရွက်မြေဆွေးလည်း သဘာဝမြေဆွေးပဲ သဘာဝကျကျ အသီးတွေသီး လာတယ်။
စားပွဲကုလားထိုင်တွေလည်း အခန်းထဲနေနေပေမယ့် ပူလောင်လို့ အပြင်မှာရေတွေဆူတော့မယ်။ မိုးတိမ်တစ်စတက်လာ တယ်ဆိုရင် လေကလေးတချက်ဝေ့လာတယ်ဆိုရင် အေးချမ်းမှုတွေ တုန်ရင်သွားရ။
ဖုန်းတွေပူလောင်လို့ အားသွင်းကြိုးတွေပူလောင်လို့၊ အဲယားကွန်းခန်းထဲက ရေခဲရေသောက်နေရရင် ကောင်းမယ်။
မိုးခြိမ်းသံတွေအများကြီးကြားနေရပေမယ့် မိုးက ထင်သလောက် မရွာခဲ့ဘူး။ ပူအိုက်ပြီးလေမတိုက်တဲ့နေ့လည်ခင်းတွေက ဗန်ဒါပင်တွေကြားထဲ ဒရွတ်တိုက်ဆွဲလို့။ လိုအပ်သလောက်ပဲ စက္ကူပေါ်ဘောလ်ပင်တွေဖြတ်မယ်။ မာရသွန်လက်တွေက တခုခုနဲ့ငြိနေတယ်။
မိုနေးသစ်