ခေတ်ပြိုင်အတွေ့အကြုံ မောင်မောင်စိုး

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ (၁၉၇၅ – ၁၉၈ဝ) – အပိုင်း (၇၄)

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ (၁၉၇၅ – ၁၉၈ဝ) – အပိုင်း (၇၄)
(မိုးမခ) မေ ၂၁၊ ၂၀၁၈

● ၇၅၁ဝ စီမံကိန်းနှင့် CPB တပ်ဖွဲ့များ
CPB ဗဟိုစစ်ကော်မရှင်၏ ၇၅၁ဝ စစ်ရေးစီမံကိန်းသည် အရှေ့မြောက်စစ်ဒေသ၊ ၈၁၅ စစ်ဒေသ၊ တပ်မဟာ ၇၆၈ တို့အပေါ် အဓိကအခြေပြု ရေးဆွဲထားသည်။  ထိုစဉ်ကာလက CPB တပ်ဖွဲ့များ၏ အင်အားကို CPB ဗဟို၏ စာရင်းဇယားများအရ အောက်ပါအတိုင်းဖြစ်သည်။

တိုက်ခိုက်ရေးအင်အား
တပ်မဟာ ၂ ၉ဝ၁ ဦး
တပ်မဟာ ၅ ၃၃ဝဝ ဦး (၆၈၃ နှင့် ၆၈၅ တပ်မဟာ ၂ ခု ပြန်ခွဲ၍ဖွဲ့သည်)
တပ်မဟာ ၁၂ ၁၇၆၆ ဦး
တပ်မဟာ ၈ ၁၅၆၂ ဦး
တပ်မဟာ ၇၆၈ ၉၂၉ ဦး
စစ်ဒေသအမြောက်တပ်ရင်း ၄၂၅ ဦး
စစ်ဒေသကင်းတပ်ရင်း ၃ဝ၁ ဦး
စစ်ဒေသဖောက်ခွဲရေးတပ်ဖွဲ့ ၄၂ ဦး
အထူးအလုပ်အဖွဲ့ ၃ဝ ဦး
နမ့်ခမ်းခရိုင်တပ် ၁၆၇ ဦး
မြို့နယ်တပ်များ ၇၅ ဦး
ကွတ်ခိုင်ခရိုင်တပ် ၅၃၂ ဦး
ကိုးကန့်ခရိုင်တပ် ၂၃ဝ ဦး
လက်နက်ကိုင်အလုပ်အဖွဲ့ ၃ဝ ဦး
ဝ မြောက်ခရိုင်တပ် ၁၈၄ ဦး
မြို့နယ်တပ်များ ၁၇၆ ဦး
ဝ တောင်ခရိုင်တပ် ၅ဝ၇ ဦး
မြို့နယ်တပ်များ ၃ဝဝ ဦး

ခရိုင်အသီးသီးရှိ
ရုံးနှင့်ဒေသလုပ်ငန်းရဲဘော်များ ၂၉၅၇ ဦး

စစ်ဒေသဌာနချုပ်
ရုံးနှင့်လုပ်သားကေဒါရဲဘော်များ ၁၅၄၄ ဦး
ခရိုင်အသီးသီးရှိ ပြည်သူ့စစ် ၆ဝဝဝ ကျော် (၃ဝဝဝ ကျော် လက်နက်တပ်ဆင်ပြီး)
၈၁၅ စစ်ဒေသ ၁၆ဝဝ ခန့်တို့ ဖြစ်ကြသည်။

စုစုပေါင်းတိုက်ခိုက်ရေးအင်အား ၁၂ဝဝဝ ခန်ရှိသည်။  ထို့ပြင်၁ဝ၈ စစ်ဒေသနှင့် ၂ဝ၂ စစ်ဒေသတို့တွင် အင်အားရာဂဏန်းဖြင့် နယ်မြေခြေကုပ် ရယူထားနိုင်သည်။ ထိုအခြေခံပေါ်မှ ၇၅၁ဝ စစ်ရေးစီမံကိန်းပေါ် ထွက်လာခဲ့သည်။

၇၅၁ဝ စစ်ရေးစီမံကိန်း
မိမိရောက်ရှိအချိန်ကာလက အရှေ့မြောက်စစ်ဒေသ၌ ၁၉၇၅ ဗဟို ကော်မတီဖွဲ့စည်းခဲ့ပြီး ၁၉၇၅ ပါတီဗဟိုစစ်ကော်မရှင်က စစ်ဆင်ရေးစီမံကိန်းတရပ်ရေးဆွဲထားရှိခဲ့သည်။ ထိုစစ်ဆင်ရေးစီမံကိန်းအား ၇၅၁ဝ စစ်ဆင်ရေးစီမံကိန်းဟု ခေါ်ပါသည်။  ၇၅၁ဝ စစ်ဆင်ရေးစီမံကိန်း ပထမနှစ်မှာ ၁၉၇၅ ခုနှစ် ၁ဝ လပိုင်း (အောက်တိုဘာ) မှ ၁၉၇၆ ခုနှစ် ၁ဝ လပိုင်းအထိဖြစ်သည်။

၇၅၁ဝ စစ်ဆင်ရေး ပထမနှစ်တွင် အောက်ပါအတိုင်းလှုပ်ရှားရန် စီမံချက်ချမှတ်ထားခဲ့သည်။ ၇၅၁ဝ စစ်ရေးစီကိန်းသည် ရှေ့ နယ် မြေသစ်တိုးချဲ့ ရန်ဖြစ်သည့်အားလျော်စွာ တပ်မဟာ ၅ အား တပ်မဟာ ၆၈၃ နှင့် ၆၈၅ ဟုနှစ်ခုခွဲ၍ ဖွဲ့စည်းပြီး တပ်မဟာ ၆၈၃ အား ရှေ့တိုးချဲ့ရေးတွင် အသုံးပြုခဲ့သည်။

ပထမအဓိက စစ်ဆင်ရေးဦးတည်ချက်မှာ သံလွင်မြစ်နှင့် ၁ဝ၈ စစ်ဒေသ (ရှမ်းပြည်နယ်အလယ်ပိုင်း နောင်ဝိုး နောင်လုံဒေသ ) တို့၏ ကြားဒေသတွင် တပ်မဟာ ၆၈၃ နှင့် ၎င်း၏လက်အောက်ခံတပ်များဖြစ်သော ရင်း ၅ဝ၂ ရင်း၊ ၄ဝ၄၅ နှင့် ရင်း ၄ဝ၄၇ တို့ စစ်ဆင်လှုပ်ရှားရန်။

ဒုတိယစစ်ဆင်ရေး ရည်မှန်းချက်မှာ ကျို င်းတုံ၊ တာကော် ကားလမ်းတောင်ပိုင်း လားဟူဒေသ၊ မိုင်းမုလုံ ကျောင်းခန်းဒေသသို့ ရင်း ၄ဝ၄၆ အားစေလွှတ်၍ ပြောက်ကျားစစ်ဆင်ရေး အခြေခံဒေသဖွင့်လှစ်ရန်။

တတိယစစ်ဆင်ရေး ရည်မှန်းချက်မှာ ပါတီဗဟိုကွပ်ကဲမှု အောက်ရှိ၈၁၅ စစ်ဒေသမှတပ်များ၊ တပ်မဟာ ၈ မှ တပ်ရင်း ၃ ရင်းနှင့် ရှမ်းတပ်ဖွဲ့မှ CPB နှင့်ပူးပေါင်းလာသော စဝ်ခွန်မြင့် ခေါ် အိုက်မြင့် ဦးစီးတပ်မဟာမှ တပ်ရင်း ၂ ရင်း ရင်း ၆ နှင့် ရင်း ၉ တို့ ပူးပေါင်းပြီး မိုင်းကိုင်၊ မိုင်းယောင်း၊ မိုင်းဖြတ်၊ မိုင်းလိမ်း၊ မိုင်းပါသျှို၊ ကျိုင်းလတ်ဒေသသို့ဆင်းပြီး ပထမနှင့် ဒုတိယစစ်ဆင်ရေးရည်မှန်းချက်များကို အထောက်အကူပြု ပေါင်းစပ် စစ်ဆင်ရေးပြုလုပ်ရန်တို့ ဖြစ်ပါသည်။

၇၅၁ဝ စစ်ဆင်ရေး ပထမနှစ်နှင့် ပတ်သက်ပြီး CPB ပါတီဗဟို၏ တရားဝင်ထုတ်ပြန်ချက်မှာ အစိုးရတပ်မှ ၁၂ဝ၁ ကျဆုံး၊ ၁၂၅၇ ဒဏ်ရာရ၊ သုံ့ပမ်း ၁ဝ၈ ယောက်၊ သူလျှို ၁၈ ယောက်ဖမ်းမိပြီး CPB တပ်ဖက်သို့ ကူးပြောင်းသူ ၂၆ ယောက်ရှိသည်ဟု ဆိုပါသည်။  တိုက်ပွဲများအတွင်း လက်နက်ကြီးငယ်မျိုးစုံ ၃၅၄ လက်၊ ကျည်မျိုးစုံ ၃၂၃၆၃ တောင့်၊ မိုင်းမျိုးစုံ ၃ဝ၉ လုံးသိမ်းဆီး ရမိပြီး ဗုံးကြဲလေယဉ်တစီး ပစ်ချခဲ့ပြီး၊ စစ်ကား ၁၇ စီးနှင့် တံတား၁၇ ခု ဖောက်ခွဲဖျက်ဆီးခဲ့သည်ဟု ဆိုပါသည်။  ထို့ပြင် မြင်း၊ လား ၃၇ ကောင်နှင့် အခြားစစ်သုံးပစ္စည်းများစွာ သိမ်းဆည်းရရှိခဲ့သည်ဟု ဆိုပါသည်။

ထို့ပြင် ရင်း ၄ဝ၄၆ အနေနှင့် မဟာမိတ်တပ်များနှင့်တွဲ၍ သတ်မှတ်ဒေသတွင် ရပ်တည်နိုင်ခဲ့ပြီ ၁ဝ၈ စစ်ဒေသနှင့် သံလွင် မြစ်ကြားတွင် ခြေကုပ်စတင်ယူနိုင်ခဲ့သည်ဟု CPB ခေါင်းဆောင်များက သုံးသပ်ခဲ့ကြသည်။

သို့သော် တပ်မဟာ ၆၈၃ သည် သံလွင်မြစ်နှင့် နမ့်ပန်ချောင်းကြားရက်ပေါင်း ၂ဝ ခန့်လှုပ်ရှားခဲ့သော်လည်း ရည်မှန်းချက်မ ရောက်မရောက်ဘဲ မိမိအခြေခံဒေသဟောင်း ပြန်လည်ဝင်ရောက်ခဲ့ရသည်။ ရင်း ၄ဝ၄၆ သည်လည်း တနှစ်ခန့်လှုပ်ရှားခဲ့ရ သည့် မိုင်းပုလုံ ကျောင်းခန်းဒေသကို လက်လွှတ်ပြီး မိမိအခြေခံဒေသသို့ ပြန်လာခဲ့ရသည်။

စဝ်ခွန်မြင့်၏တပ်ဖွဲ့သည်လည်း တပ်မဟာ ၆၈၃ ၏ စစ်ဆင်ရေးရည်မှန်းချက်များကို ထောက်ကူပြုရန် ၂ လခန့် လှု ပ် ရှား တိုက်ခိုက်ခဲ့ရာ တိုက်ပွဲကြီးငယ် ၆ဝ ကျော်ခန့် ဖြစ်ပွားခဲ့သော်လည်း ချေမှုန်းရေးတိုက်ပွဲကောင်းကောင်းတပွဲမှ မဖြစ်ခဲ့ဘဲ အခွင့်အရေးကောင်းများအား လက်လွှတ်ခဲ့ရသည်ဟု CPB ဗဟိုမှ သုံးသပ်ပါသည်။  ၇၅၁ဝ စစ်ဆင်ရေးပထမနှစ်တွင် ဒေသ တိုးချဲ့ရေးလုပ်ငန်းများသည် မျှော်မှန်းထားသလောက် အောင်မြင်မှုမရခဲ့သော်လည်း တပ်မဟာ ၈ နှင့် ၈၁၅ စစ်ဒေသတပ်ဖွဲ့ များသည် မိုင်းမကွင်းအား ထိမ်းချုပ်နိုင်ခဲ့ပြီး ၈၁၅ စစ်ဒေသအား ကျယ်ပြန့်စေခဲ့သည်။

အမှန်တကယ်တော့ ၇၅၁ဝ စီမံကိန်း၏ အဓိက ရည်မှန်းချက်မှာအခြေခံဒေသတိုးချဲ့ ရေးဖြစ်သည်။  ကျိုင်းတုံ၊ မိုင်းယောင်း ဒေသ၊ မိုင်းမကွင်းတို့တွင် လှုပ်ရှားသည့် တပ်မဟာ ၈ နှင့် ၈၁၅ စစ်ဒေသတို့အတွက် မူလအခြေခံဒေသနှင့် ဆက်စပ်လှု ပ် ရှားရသည်ဖြစ်ရာ အထူးသဖြင့် လက်နက်ခဲယမ်းထောက်ပံ့မှုနှင့်ပတ်သက်၍ ပြဿနာမကြီးလှပေ။  သို့ရာတွင် သံလွင်မြစ် အနောက်ခြမ်းသို့ ကူး၍ အခြေခံဒေသသစ်တိုးချဲ့သည့် တပ်မဟာ ၆၈၃ အတွက် အခက်အခဲကြီးမားခဲ့သည်။  လက်နက်ရိက္ခာ ထောက်ပံ့ရေးအတွက်ခက်ခဲသည့်အပြင် ဒေသသစ်၌ လူထုအားစည်းရုံးရာတွင် အခက်အခဲရှိခဲ့သည်။  ထို့ပြင် ရိက္ခာလိုအပ်ချက်ကိုဖြေရှင်းနိုင်ရန်နှင့် အစိုးရတပ်ထိုးစစ်များကိုရှောင်ရှားနိုင်ရန် တပ်များကို ဝေးကွာစွာဖြန့်ခွဲထားရ၍ တပ်များကို ပြန် လည်စုစည်းပြီး ချေ မှုန်းရေးတိုက်ပွဲဖော်ဆောင်ရန် မလွယ်ကူခဲ့ပေ။

အရှေ့မြောက်စစ်ဒေသရှိ တပ်မှူး တပ်သားများမှာ လွတ်မြောက်သည့်အခြေခံဒေသနှင့် အသားကျနေသည်ဖြစ်သည်။  သို့ ဖြစ်ရာ အစိုးရတပ်များ ပတ်လည်ဝိုင်းနေသည့် ပြောက်ကျားဒေသများတွင် စစ်ဆင်ခြင်းနှင့်ပတ်သက်၍အသားမကျပါ။  လ အချို့စစ်ဆင်ရေးပုံစံဖြင့်သွားနိုင်ကြသော်လည်း ရေရှည်ပြောက်ကျားစစ်ပုံစံနှင့် အခြေချလှုပ်ရှားရန် စိတ်ဓါတ်ပိုင်းအရ အ ဆင်သင့်မဖြစ်ကြပေ။ ထို့ပြင် ၆၈၃ တပ်မဟာ၌ပါဝင်ကြသော ရဲဘော်များမှာ ဝ ရဲဘော်များဖြစ်ကြရာ သူ့လုမျိုးများရှိရာ ဝ ဒေသ၌ အံဝင်ဂွင်ကျဖြစ်သော်လည်း သံလွင်မြစ်အနောက်ဖက်ကမ်းသို့ ကူးလာပြီးနောက် ရှမ်း၊ လားဟူ၊ ပအို့ဝ်၊ ဓနုစသည့် မတူသောတိုင်းရင်းသားများကြားတွင် အလွယ်တကူ အံဝင်ဂွင်ကျဖြစ်ရန် ခက်ခဲနေပေသည်။

မည်သို့ပင်ဖြစ်စေ CPB ပါတီဗဟိုအနေနှင့် ထိုစဉ်ကာလက တည်ရှိသော CPB တပ်ဖွဲ့အင်အား အခြေခံဒေသနှင့် ရင်ဆိုင်ထားရသောအစိုးရတပ်အင်အားများကိုတွက်ချက်၍ ၁၉၇၅ ခုနှစ်မှစ၍ ၇၅၁ဝ စီမံကိန်းကို တနှစ်ချင်းဆောင်ရွက်ခဲ့သည်။  ၇၅၁ဝ စီမံကိန်း၏ အဓိကရည်ရွယ်ချက်မှာ အခြေခံဒေသသစ်တိုးချဲ့ရေးနှင့် ထိုဒေသသစ်တိုးချဲ့ရေးကို အထောက်အကူပြု နိုင်ရန်အခြေခံဒေသရှိ တပ်များက တိုက်ပွဲကြီးများဆင်နွှဲရန်တို့ဖြစ်သည်။

၇၅၁ဝ စီမံကိန်းအတိုင်း နမ့်ခမ်းခရိုင်တပ်ဖွဲ့သည် မုန်းဝီး (နမ့်ခမ်းအနီး) ကွင်းအတွင်း ထိုးဖေါက်လှုပ်ရှားခဲ့သည်။  ကွတ်ခိုင် ခရိုင်တပ်ဖွဲ့သည် အခြေခံဒေသကာကွယ်ရေးအတွက် စီစီဝမ် တာပန်ဒေသတွင် တာဝန်ယူထားသည်။ တပ်မဟာ ၂ သည် သိန္နီ၊ ကွတ်ခိုင်၊ ကွန်လုံတဝိုက် မုန်းထန်၊ မုန်ပေါ်လေးတဝိုက်တွင် ဝင်ရောက်လှုပ်ရှားခဲ့သည်။ ဤသို့လှုပ်ရှားနေမှုကို အခွင့် ကောင်းယူ၍ ၁၉၇၇ ခုနှစ်ဖေဖဝါရီလ ၄ ရက်နေ့တွင် စီစီဝမ်တာပန်ဒေသရှိ အမှတ် ၂/ ၃/၄ တောင်ကုန်း  (အစိုးရတပ် အခေါ် ဘိန်းမုန့်ကုန်း၊ ဇော်ဝင်ကုန်း) များအား အစိုးရတပ်များက အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်သွားခဲ့ သည်။  ပြင်းပြင်းထန်ထန်မတိုက်ခိုက်ရဘဲ လက်လွှတ်ခဲ့ရသည်။  မိမိတပ်များမှာ အမှတ် ၁ ကုန်း (အစိုးရတပ်အခေါ် ရင်ဆိုင် ကုန်း) ကိုသာ ထိမ်းချုပ်ထားနိုင်ခဲ့သည်။  ဤသို့သော အခြေအနေတွင် မိမိအခြေခံဒေသကို ထိမ်းချုပ်နိုင်ရန် တပ်မဟာ ၂ သည် စီစီဝမ်ဒေသသို့ ပြန်လည်ဝင်ရောက်ခဲ့ရသည်။  သို့သော်တပ်မဟာ ၂ မှ တပ်အချို့ထုတ်နှုတ်ပြီး နမ့်ခမ်းခရိုင်တပ် ၈ဝ၁ တပ်ဖွဲ့၊ ၂ဝ၂ တပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ ၁၉၇၇ ခုနှစ် ဧပြီလ ၁၁ ရက်နေ့ မိုးမိတ်မြို့ ခလရ ၁၂ အား တိုက်ခိုက်သိမ်းပိုက်ပြီး ခရီးရှည်ချီတက်တိုက်ခိုက်မှု  (LRP) တခု ပြုလုပ်နိုင်ခဲ့သည်။

သံလွင်မြစ်အရှေ့ဖက်ကမ်းတွင် ကိုးကန့်ခရိုင်တပ်သည် အခြေခံဒေသကာကွယ်ရေး၊ ပြောက်ကျားနယ်မြေတိုးချဲ့ ရေးအ တွက် ကွန်လုံအရှေ့ခြမ်းနှင့်မြောက်ခြမ်းတွင် လှုပ်ရှားခဲ့သည်။  တပ်မဟာ ၁၂ နှင့် ဝ မြောက်ခရိုင်တပ်များသည် ပန်လုံနှင့် ဟိုပန်ဒေသတဝိုက် လှု ပ်ရှားခဲ့သည်။  ဝ တောင်ခရိုင်တပ်များမှာ တန့်ယန်းဒေသတွင် လှုပ်ရှားစေခဲ့ရာ တပ်အများစုမှာ မန် မန်းဆိုင် (တန့်ယန်း၏အရှေ့ဖက်၊ သံလွင်မြစ်အရှေ့ဖက်ကမ်း) တွင်ထားရှိပြီး မန်ဖန်း၊ ပန်ယန်း၊ မော်ဖါတို့တွင် တပ်ဖြန့် ထားရှိခဲ့သည်။

တပ်မဟာ ၆၈၅ မှာ ဝနယ်တောင်ပိုင်း မိုင်းပေါက်၊ မိုင်းညှင်းဘက်တွင် လှုပ်ရှားနေခဲ့သည်။  တပ်မဟာ ၈ မှာ မိုင်းယန်း၊ မိုင်း လွေ၊ မိုင်းခတ်၊ ကျိုင်းတုံကားလမ်းတလျောက် လှုပ်ရှားခဲ့သည်။  တပ်မဟာ ၇၆၈ နှင့် ၈၁၅ စစ်ဒေသတပ်ဖွဲ့များသည်လည်း တပ်မဟာ ၈ နှင့် ပူးတွဲလှုပ်ရှားနေသည်။

ဤသို့ ၁၉၇၅ နှစ်ကုန်မှစ၍ ၁၉၇၇ ခုနှစ်ထဲရောက်သည်အထိ တပ်မဟာ၆၈၃ အား သံလွင်မြစ်အနောက်ခြမ်းတွင် အခြေပြု နိုင်ရေးအတွက် အကြိမ်ကြိမ်ထိုးဖေါက် ကြိုးပမ်းခဲ့ကြသည်။  တပ်မဟာ ၆၈၃ သည်လည်း အကြိမ်ကြိမ်ပြန်လည်ထိုးဖောက်၍ မဟာမိတ်များဖြစ်သည့် SSPP/SSA၊ ရလလဖတပ်ဖွဲ့များနှင့် တွဲ၍ အခြေချနိုင်အောင်ကြိုးစားခဲ့သည်။  အစိုးရတပ်မှလည်း တပ်မ ၇၇ မှ တပ်များအားသုံး၍ CPB တပ်မဟာ ၆၈၃ အား အပြင်းအထန်ထိုးစစ်ဆင်နေရာ တပ်မဟာ ၆၈၃ သည် လည်း အကြပ်အတည်းကြုံတွေ့နေရာ ဗဟိုစစ်ကော်မရှင် အရှေ့မြောက်နယ်စပ်တွင် တိုက်ပွဲကြီးတပွဲဖေါ်၍တပ်မဟာ ၆၈၃ အား စစ်ရေးဖိအား ရော့စေရန် ကြံရွယ်ခဲ့သည်။  သို့နှင့် ၁၉၇၇ ခုနှစ်အောက်တိုဘာလတွင် ဒေသအခေါ် ပန်ကော် ချို့စွေတိုက်ပွဲ၊ အစိုးရတပ်များအခေါ် ပန်ကော် ခြူးရွှေတိုက်ပွဲ ဖြစ်ပွားခဲ့တော့သည်။

ဆက်လက်ဖေါ်ပြပါမည်။
မောင်မောင်စိုး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts