အင်တာဗျူး

“မြန်မာနိုင်ငံသားစစ်စစ် က၀ိအို အိမ်ပြန်နိုင်ပြီလား”

 

“မြန်မာနိုင်ငံသားစစ်စစ် က၀ိအို အိမ်ပြန်နိုင်ပြီလား”
ဒေါက်တာစိန်ဝင်းနဲ့ အင်တာဗျူး
(မိုးမခ) မေ ၇၊ ၂၀၁၈

(ဓာတ်ပုံ – ၀ါရှင်တန်ဒီစီမြို့တော်က ပြတိုက်တခုမှာ သားငယ် ပြည်လရောင်စိန်ဝင်းနဲ့အတူ တွေ့ရစဉ်)

ဧပြီလ တတိယပတ်နှောင်းပိုင်းက NLD ပါတီရဲ့ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ နိုင်ငံရေးအကျဉ်းသားဟောင်း၊ ပြည်ပရောက် မြန်မာ့အရေးလှုပ်ရှားသူ၊ သုတေသီတဦးဖြစ်တဲ့ ဦးခင်ကျော်ဟန်က သူ့ဖေ့စ်ဘွတ်မှာ – “အမေရိကန်နိုင်ငံမှာ အမြဲတန်းနေထိုင်ခွင့်ကဒ် ရရှိထားပြီး အမေရိကန်နိုင်ငံသား မခံယူထားသူ မြန်မာနိုင်ငံသားဟောင်းများမဟုတ်တဲ့ မြန်မာနိုင်ငံသားစစ်စစ်များ မိခင်နိုင်ငံ၏ နိုင်ငံကူးလက်မှတ် လျောက်ထားလိုပါက လျောက်ထားနိုင်သည့် အချက်အလက်များ” ကို ကောက်နုတ် ဖော်ပြထားတာ တွေ့ရှိရပါတယ်။

ဒါနဲ့ပဲ ဒေါက်တာစိန်ဝင်းကို ထပ်မံဆက်သွယ်ပြီး ပြည်တော်ပြန်နိုင်ဖို့အရေး ဘာတွေကို သက်ဆိုင်ရာက တုန့်ပြန်ထားသလဲ ဘယ်လို ဆောင်ရွက်နေသလဲ ဆိုတာ မေးမြန်းဖြစ်ခဲ့ပါတယ်။

(မိုးမခ) – ဆရာဒေါက်တာစိန်ဝင်းခင်ဗျ … ဦးခင်ကျော်ဟန်က သူ့စာမျက်နှာမှာ “မြန်မာနိုင်ငံသားစစ်စစ်များ မြန်မာနိုင်ငံကူးလက်မှတ်လျောက်ထားလိုပါက” ဆိုပြီး ကောက်နုတ်ရေးသားထားတာ တွေ့ရပါတယ်။ အဲသည်လို ရေးသားထားတာက သံရုံးဝက်ဆိုက်မှာ တိုက်ရိုက်ကြီးတော့ မတွေ့ရသေးဘူး။ ဒါကို အတည်ယူပြီး လျောက်ကြရမှာလား။ ဆရာတို့ကော ဘယ်လို ဆောင်ရွက်ထားတယ်၊ သံရုံးက အကြောင်းပြန်ကြားမှု ရှိမရှိ၊ စသည်ဖြင့် အားလုံးသိကြရအောင် မေးခွင့်ပြုပါ။

(ဒေါက်တာစိန်ဝင်း) – ရပါတယ်။ ဒါဟာ အများအတွက် လုပ်ကြရတာမို့ လျို့ဝှက်ထားစရာ မလိုပါဘူး။ မေးလာတဲ့အတွက်လည်း ဖြေခွင့်ရတာပေါ့ ခင်ဗျာ။

ကျနော်တို့က မြန်မာနိုင်ငံသားတွေအနေနဲ့ အိမ်ပြန်ဖို့အတွက် လုပ်ဆောင်ရမယ့် အဆင့်ဆင့်ကို သံရုံးကိုအီးမေးတွေကနေတဆင့် မေးမြန်းစုံစမ်းပါတယ်။ ဧပြီလ လဆန်းပိုင်းလောက်ကတည်းကပါ။ သူတို့က ဧပြီလ ၁၀ ရက်နေ့မှာ အီးမေးကနေ အကြောင်းပြန်ခဲ့ပြီး ပြီလို့ ဆိုပေမယ့် ကျနော်တို့ဆီ အဲသည်အီးမေး ရောက်မလာခဲ့ပါဘူး။

ဒါနဲ့  ဧပြီလ ၂၀ ရက်နေ့မှာ သံရုံးနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတို့ကို အီးမေးနဲ့ ထပ်မံစုံးစမ်းပါတယ်။ အဲဒီ ၂၀ ရက်နေ့မှာပဲ ၀ါရှင်တန်ဒီစီ မြန်မာသံရုံးကနေပြီးတော့ ဘယ်လိုဖောင်တွေ ဘယ်လိုလျောက်လွှာတွေနဲ့ တင်ပါ၊ အဆင့်ဆင့် တင်ပြပေးပါ့မယ် လို့ အကြောင်းပြန်စာ အီးမေးကနေ ရရှိခဲ့ပါတယ်။

သူတို့ ညွှန်ကြားတာကနေ ကျနော် နားလည်မိတာကတော့ – နိုင်ငံသားများအတွက် ကောင်စစ်ဆိုင်ရာကိစ္စများ လင့်ခ်ကနေ  (http://www.mewashingtondc.org/content/citizen-services)  တဆင့် နိုင်ငံကူးလက်မှတ်အသစ် ထုတ်ပေးရန်လျောက်ထားခြင်း  (လင့်ခ်ထည့်ထား) ကို သွားပြီးတော့ အဲသည်ဖိုင်တွဲထဲက စာမျက်နှာ ၄ ကနေ ၁၀ အထိ ခြောက်မျက်နှာရှိတဲ့ ဖောင်မှာ “နိုင်ငံကူးလက်မှတ်တွင် ဖြည့်သွင်းရမည့် ကိုယ်ရေးအချက်အလက်နဲ့ နိုင်ငံခြားရောက် မြန်မာများ ကောင်စစ်ရေးရာဆောင်ရွက်ရာတွင် ဖြည့်စွက်ရမည့် ကိုယ်ရေးရာဇ၀င်” ဆိုတာကို ဖြည့်ကြရပါတယ်။ (ဖိုင်က သည်နေရာမှာပါ)။ ဂရင်းကဒ်မိတ္တူ၊ ဓာတ်ပုံ ၂ ပုံ။ သံအမတ်ကြီးကို လိပ်မူပြီး ကိုယ်တိုင်ရေး လျောက်လွှာတစောင် ပူးတွဲပြီး လျောက်ကြရပါတယ်။

(မိုးမခ) – ဟုတ်ကဲ့။ သည်တော့ ဧပြီလ ၂၀ ရက်နေ့ခန့်မှာ သံရုံးက အီးမေးကနေ အကြောင်းပြန်တယ်။ ဆရာတို့ မြန်မာနိုင်ငံသား နိုင်ငံကူးလက်မှတ် လျောက်ထားလိုက်ကြပြီလား။

(ဒေါက်တာစိန်ဝင်း) – ကျနော်တို့ မိသားစုနဲ့ ကျနော်တို့မိတ်ဆွေတွေကို ဒီအကြောင်းကို ပြောပြပါတယ်။   ဧပြီလကုန်မှာ စာရွက်စာတမ်းတွေ ပြင်ဆင်လို့ ပြီးပါတယ်။ ဒါနဲ့ ဧပြီလ ၃၀ ရက်နေ့မှာ စာတိုက်ကနေ ၀ါရှင်တန်ဒီစီက မြန်မာသံရုံးကို လိပ်မူပြီး ပို့လိုက်ကြပါတယ်။

(မိုးမခ) – အခုလို အကြောင်းပြန်လို့ သိရတော့ ဘယ်နှစ်ဦးလောက် ကနဦး လျောက်ကြပါသလဲ။

(ဒေါက်တာစိန်ဝင်း) – ကျနော်တို့ မိသားစုအပါအ၀င် မိတ်ဆွေတွေနဲ့ ပေါင်း လူ ၉  ဦး ၊ ကလေး ၂ ဦး အပါအ၀င် လျောက်ထားကြပါတယ်။ မေလ ၂ ရက်နေ့လောက်ကတော့ သံရုံးက လက်ခံရရှိကြောင်း အီးမေးကနေ စာပြန်ပါတယ်။

(မိုးမခ) – ဟုတ်ကဲ့။ လွန်ခဲ့တဲ့ ၂ နှစ်ခန့်တုန်းက ဘာမှ အကြောင်းမထူးခဲ့သော်လည်း အခုကျတော့ ထူးခြားမှုတွေ အရိပ်အယောင်မြင်ရပြီလို့ ဆိုရမှာပေါ့နော် ဆရာရေ။ ဆရာအနေနဲ့ ဘယ်လိုများ မျော်လင့်ထားသလဲ။

(ဒေါက်တာစိန်ဝင်း) –  နှစ်ပေါင်းများစွာ ပြည်ပရောက်နေရတဲ့ မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူ မွေးရာပါ မြန်မာနိုင်ငံသားများ ခံဝန်ချက်တွေ ထိုးစရာမလိုဘဲ လွတ်လပ်စွာ ပြည်တော်ပြန်နိုင်ရေးအတွက် ခုချိန်မှာ မြန်မြန်ဆန်ဆန် ဖြစ်လာစေချင်ပါတယ်။ အခုလက်ရှိ အစိုးရနဲ့ လွှတ်တော်တို့က ၀ိုင်းဝန်းဆောင်ရွက်ပေးကြပါလို့ တိုက်တွန်းလိုပါတယ်။

ဒီအရေးက ကျနော်တို့မိသားစုအတွက်တင် မဟုတ်ပါဘူး၊ ကျနော်တို့လို ဘ၀တူ ရပ်တည်ချက် ယုံကြည်ချက် တူညီကြတဲ့ မြန်မာနိုင်ငံသားမိသားစုတွေ အတွက်လည်း ဖြစ်ပါတယ်။ ၀က်ဆိုက်တွေမှာ ရှင်းရှင်းလင်း ထုတ်ပြန်ထားတာမျိုး မြင်ချင်ပါတယ်။ အကြောင်းပြန်ကြားရင်လည်း ထိရောက်မြန်ဆန်စေချင်ပါတယ်။ အားလုံး ၀ိုင်းဝန်းပြီး လုပ်ကြရမယ့် ကိစ္စဖြစ်ပါတယ်။

နောက်ပြီးတော့ အခုလိုအချိန်မျိုးဟာ ပြည်တွင်း ပြည်ပက မြန်မာနိုင်ငံသားတွေ ကျနော်တို့တတွေအားလုံးက  တိုင်းပြည်အကျိုးအတွက် အပူအပင်ကင်းကင်းနဲ့ ဆောင်ရွက်နိုင်ကြဖို့ ဆောင်ရွက်ဖို့အရေး လမ်းတွေ ပွင့်လင်းလွတ်လပ်လာဖို့ အချိန်အခါကောင်း ဖြစ်လာစေချင်ပါတယ်။ သည်လိုပဲ ပြောချင်ပါတယ်။

(မိုးမခ) – ကျေးဇူးတင်ပါတယ်။

ဧပြီလ ၁၀ ရက်နေ့က အမေရိကန်ပြည်မှာ ရောက်ရှိနေထိုင်နေသူ ဒေါက်တာစိန်ဝင်းကို မိုးမခက ဆက်သွယ်မေးမြန်းပြီး က၀ိအိုတယောက် အိမ်ပြန်ဖို့ စီစဉ်နေသလား၊ ဘယ်လိုများ ပြင်ဆင်နေတာရှိသလဲ စုံစမ်းခဲ့ပြီး အင်တာဗျူး တင်ဆက်ခဲ့ပြီးဖြစ်ပါတယ်။ ဆရာက မြန်မာနိုင်ငံသားစစ်စစ်၊ အသစ်လည်း မဟုတ်၊ အဟောင်းလည်း မဟုတ်။ မြန်မာ့ပြည်အရေးကို တစိုက်မတ်မတ် ရပ်တည်ဆောင်ရွက်နေသူတွေအနေနဲ့ ဂုဏ်သိက္ခာရှိရှိ မြန်မာပြည်သားစစ်စစ်တွေအနေနဲ့ အိမ်ပြန်နိုင်ကြရမယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။
ယခင်အင်တာဗျူး သည်နေရာမှာ ဖတ်ရှုနိုင်ပါတယ်။ http://moemaka.com/archives/63663

(မိုးမခဖြည့်စွက်ချက်များ)

ဦးခင်ကျော်ဟန်က အောက်ပါ ဓာတ်ပုံဖိုင်များကို မျှဝေထားပါတယ်။ သံရုံးဝက်ဆိုက်က ဖိုင်များဖြစ်ပါတယ်။

 

 

 

 

 

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts