လှကျော်ဇော သတင်းဆောင်းပါး သူတို့အာဘော်

လှကျော်ဇော – တပ်ပြုပြင်ပြောင်းလဲရေး – အပိုင်း (၁) 

လှကျော်ဇော – တပ်ပြုပြင်ပြောင်းလဲရေး – အပိုင်း (၁) 

ပြည်သူတွေရဲ့နှလုံးသား ဘယ်မှာရှိတယ်
(မိုးမခ) ဧပြီ ၂၂၊ ၂၀၁၈
၁၄ ဧပြီ ၂၀၁၈ နေ့က ဘီဘီစီက ထုတ်လွှင့်သွားတဲ့ “မြန်မာ့အရေး ကမ္ဘာအရေးကဏ္ဍ – ၂၀၂၀ မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတဖြစ်လာနိုင်မလား” ဆိုတာကို နားထောင်ပြီးနောက် တချို့အချက်များအပေါ်ကျွန်မ ပြောချင်တာတွေ ရှိလာပါတယ်။အဲဒီအစီအစဉ်ဟာ ဘီဘီစီက ဦးဘမော်နဲ့ အရင် ဦီးသိန်းစိန်အစိုးရလက်ထက် ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် နဲ့ ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်းအုပ် ဦးမြတ်သူတို့ ဆွေးနွေးခန်းပါ။ ဒီအထဲမှာ ဦးမြတ်သူပြောသွားတဲ့ အချက်တရပ်ကို အရင် ဆွေးနွေးချင်ပါတယ်။

ဦးမြတ်သူက ၂၀၂၀ မှာ ကာချုပ် သမ္မတဖြစ်နိုင်ချေနည်းပါးမှုကို အကြောင်းပြရာမှာ …

(၁) ပြည်သူ့မဲနဲ့ဆိုရင် ဖြစ်ဖို့ ခက်ခဲကြောင်း

(၂) ခေတ်အဆက်ဆက် ရွေးကောက်ပွဲတွေမှာဆိုရင် ဒီချုပ်ပဲ အပြတ်အသတ်နိုင်ခဲ့ကြောင်း၊ တပ်နဲ့ နီးစပ်တဲ့ပါတီများ ရှုံးနိမ့်လေ့ရှိကြောင်း

(၃) ဒီ ဒီချုပ်အစိုးရ ရဲ့  ၂ နှစ် သက်တမ်းအတွင်း ပြည်သူလူထုက အားမလိုအားမရတွေ ရှိနေလို့ ၂၀၂၀ ရွေးကောက်ပွဲမှာတစုံတရာအပြောင်းအလဲတွေ ရှိနိုင်ပေမဲ့၊ ပြည်သူတွေရဲ့သဘော၊ ဆန္ဒ ၊နှလုံးသားဘယ်မှာရှိတယ်ဆိုတာ သိရမှာဖြစ်ကြောင်း … စတာတွေ ပါရှိပါတယ်။

ဒီအစီအစဉ်ကို နားထောင်ရင်း ၂၀၀၄ ခုနှစ် မတ်လ (၂၇) ရက်နေ့ ဖက်ဆစ်တော်လှန်ရေးနေ့ သို့မဟုတ်) တပ်မတော်နေ့အထိမ်းအမှတ်အဖြစ် ဖေဖေ ဘီဘီစီ (အဲဒီ ကာလက) ဦးကျော်ဇံသာနဲ့ ပြုလုပ်ခဲ့တဲ့ မြန်မာ့အရေး ကမ္ဘာ့အရေးကဏ္ဍအတွက် တွေ့ဆုံမေးမြန်းခန်းက မေးခွန်းတခုကို သွားသတိရလိုက်ပါတယ်။(တရားခံအစစ်ဘယ်သူလဲ။ ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော သတင်းဌာနများနဲ့ အင်တာဗျူး (နေရီရီ) စာမျက်နှာ ၈၉ – ၉၄)

မေး။ ကူမင်တန်ခုခံရေးစစ်ဟာ ဗမာ့တပ်မတော်ရဲ့ သိက္ခာအရှိဆုံး လုပ်ရပ်ဖြစ်ခဲ့ရင် သိက္ခာအကျဆုံး လုပ်ရပ်ဟာ ဘာပါလဲ။ ရှင်းပြပါ။

ဖြေ။ ဗမာ့တပ်မတော်ရဲ့ သိက္ခာအကျဆုံးလုပ်ရပ်ကို ပြောပါဆိုရင် တပ်မတော်ယူနီဖေါင်းဝတ်ထားပြီး နိုင်ငံရေးအာဏာ ငမ်းငမ်းတက်လိုချင်နေမှုပါပဲ။

ဗမာ့တပ်မတော်ဟာ ၁၉၅၈ ခုနှစ်မှာတကြိမ်၊ ၁၉၆၂ ခုနှစ်မှာတကြိမ်၊ ၁၉၈၈ ခုနှစ်မှာတကြိမ် … ဗမာပြည်မှာ အကြိမ်ကြိမ် အာဏာသိမ်း ခဲ့ပါတယ်။

ဗမာပြည်သူ လူထုကြီးတရပ်လုံးကလည်း ၁၉၈၈ ခုနှစ်မှာလူထုအုံကြွမှုနဲ့ တကြိမ်၊ ၁၉၉၀ ခုနှစ်မှာ ရွေးကောက်ပွဲနဲ့ တကြိမ်၊ စစ်အာဏာရှင်စနစ်ကို အကြိမ်ကြိမ် ပယ်ချပြီး ဖြစ်ပါတယ်။

ပြည်သူလူထုက ဒီလောက် မလိုမလားရှိနေတဲ့ကြားက အာဏာကို ဆုပ်ကိုင်ထားပြီး၊ ဆက်လက်ပြီးဆုပ်ကိုင်ထားနိုင်ဖို့လည်း ကြံစည်အားထုတ်နေကြပါတယ်။

ဗမာ့တပ်မတော်အနေနဲ့ စစ်အာဏာရှင်စနစ်ကို တည်ထောင်ပြီး ဒီစနစ်ကြီးကို ကာကွယ်ထိမ်းသိမ်းနေမှုဟာ သိက္ခာအကျဆုံး လုပ်ရပ်ပဲဖြစ်ပါတော့တယ် ခင်ဗျာ။ …. တဲ့။

တကယ်တော့ ကျွန်မတို့ ဗမာပြည်သူတွေဟာ အလွန်သတိကြီးပြီး အမြင်လည်းရှင်း ပါတယ်။ စစ်တပ်ကို နိုင်ငံရေးထဲက ပထမဆုံးအကြိမ်ဖယ်ထုတ်လိုက်မှုဟာ ၁၉၆၀ခုနှစ် ရွေးကောက်ပွဲကတည်းက ဖြစ်ပါတယ်။ ဒါကို ဖေဖေက သူ့စာအုပ်ထဲမှာ “အသံမထွက်သော တော်လှန်ရေးတရပ်” ဆိုတဲ့ ခေါင်းစဉ်နဲ့ တော်တော်ပြည့်ပြည့်စုံစုံ ရေးထားပါတယ်။ (ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော – ဆိုင်းစုမှသည် မန်ဟိုင်းဆီသို့ (ယဉ်မျိုးစာပေ၊ စာမျက်နှာ -၂၅၀)။ ကျွန်မ အကျဉ်းချုပ် ရေးပါ့ဦးမယ်။

၁၉၅၈ခုနှစ်မှာ အာဏသိမ်းတက်လာတဲ့ ဗိုလ်ချုပ်ကြီးနေ၀င်းရဲ့ အိမ်စောင့်အစိုးရက ၁၉၆၀ ခုနှစ်မှာ ရွေးကောက်ပွဲတရပ် ကျင်းပပေးခဲ့ပါတယ်။ ဒီရွေးကောက်ပွဲကို ၀စ်ကီးပီးဒီးယားက -နှစ်နှစ်တာအုပ်ချုပ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးနေ၀င်းရဲ့ အိမ်စောင့်အစိုးရအပေါ် လူထုရဲ့သဘောထားကောက်ယူမှု လို့ မှတ်ချက်ချခဲ့ပါတယ်။ မှန်သင့်သလောက်လည်း မှန်ပါတယ်။

တကယ်လည်း ပြည်သူလူထုဟာ ဦးနုရဲ့သန့်ရှင်းဖဆပလကို မဲပုံပေးခဲ့ရာမှာ (အခုခေတ်စကားနဲ့ပြောရင်) တောင်ပြိုကမ်းပြို အနိုင်ရခဲ့ပါတယ်။ တနိုင်ငံလုံး ရွှေဝါရောင် လွှမ်းသွားပါတယ်။ (သန့်ရှင်းအရောင် – အ၀ါရောင်) ။ “နိုင်လည်းနိုင် ရှုံးလည်းနိုင်ရမယ်”လို့ ကြွေးကြော်ခဲ့တဲ့ တည်မြဲဖဆပလ အနေနဲ့ အဓိကခေါင်းဆောင်ကြီးများတောင် ပြုတ်သွားပါတယ်။ ပြည်သူများအနေနဲ့ တည်မြဲတွေဟာ စစ်တပ်က လိုလားသူများ ဖြစ်တယ် ဆိုတာ အမြင်ရှင်းပြီး ဖြစ်ပါတယ်။ (ပြည်သူတွေအနေနဲ့ တပ်နဲ့နီးစပ်တဲ့ ပါတီအပေါ် အမြင်မကြည်လင်တာ အခုမှမဟုတ်ဘူးဆိုတာ ပြောချင်ပါတယ်။)

ဗမာပြည်သူများအနေနဲ့ အလွန်လက်တွေ့ကျစွာ စဉ်းစားတတ်ပါတယ်။ သန့်ရှင်း-တည်မြဲ ကွဲအပြီး ၁၉၅၈ ဇွန် ၉ ရက်နေ့ တည်မြဲတွေက သန့်ရှင်းအပေါ် အယုံအကြည်မရှိအဆို လွှတ်တော်မှာတင်သွင်းပြီး မဲခွဲစဉ်က ရေဒီယိုက တိုက်ရိုက်အသံလွှင့်ခဲ့တာပါ။ သန့်ရှင်းက အသာမဲလေး ၈ မဲနဲ့ (ဒါတောင် – ပမညတမအမတ်တွေ အကုန်ပုံပေးလို့) ပဲနိုင်ခဲ့တာပါ။ အဲဒီနေ့ ပြည်သူများ ရင်တမမနေခဲ့ရတာကို မမေ့နိုင်ကြပါဘူး။ အိမ်စောင့်အစိုးရ လက်ထက် စစ်ဗိုလ်များရဲ့ရမ်းကားမှုကိုရော၊ ပြည်တွင်းစစ်ကြီးအတွင်း (အထူးသဖြင့် တိုင်းရင်းသားဒေသများမှာ) စစ်တပ်ရဲ့လုပ်ရပ်များကိုရော၊ ပြူစောထီး၊ လဲဗီးဆိုတဲ့ စစ်တပ်ရဲ့လက်ကိုင်တုတ်များရဲ့ ရက်စက်မှုအပေါင်းကိုရော ရွေးကောက်ပွဲပြင်ဆင်ချိန်ကာလအတွင်း ဒီမိုကရေစီတစုံတရာ ဖွင့်ပေးထားရချိန်မှာ ရေးသားကြပြောဆိုသတိပေးကြတာတွေလည်း ရှိခဲ့ပါတယ်။ (ဦးရဲထွဋ်ပြောသလို ၁၉၈၈နောက်ပိုင်းကျမှစစ်တပ်ရဲ့ပုံရိပ် ကျလာတာမဟုတ်ပါဘူး။)

ဒါ့ကြောင့် သန့်ရှင်းကို ပုံအောခဲ့ကြပါတယ်။ ဘယ်သူမှ မတိုးနိုင်တော့ပါဘူး။ (ဖေဖေလည်း အဲဒီရွေးကောက်ပွဲကို ကြည်မြင်တိုင်တောင်ပိုင်း မဲဆန္ဒနယ်က တသီးပုဂွလိကအမတ်အဖြစ် ၀င်အရွေးခံရာမှာသန့်ရှင်းကိုယ်စလှယ်ကို ရှုံးခဲ့ပါတယ်။) ဒါ့ကြောင် ဖေဖေက ၁၉၆၀ရွေးကောက်ပွဲကို “အသံမထွက်တဲ့တော်လှန်ရေးတရပ်” လို့ ခေါ်လိုက်တာပါ။

ဒါ့အပြင် မန္တလေးက အဖြစ်အပျက်တရပ်ကိုလည်း ကြားဘူးထားပါတယ်။ တည်မြဲရဲ့ အမျိုးသမီးအဖွဲ့ ဗလမစ ဗမာပြည်လုံးဆိုင်ရာ အမျိုးသမီးများအစည်းအရုံး (မှားယွင်းပါက ပြင်ဆင်ပေးပါရန်) က သူတို့အဖွဲ့ဝင်များအတွက်ဝေတဲ့ ထမိန်နီ (တည်မြဲအရောင် အနီရောင်) အရေအတွက်လောက်တောင် တည်မြဲက မန္တလေးတမြို့လုံးမှာ မဲစုစုပေါင်းမရခဲ့ဘူး တဲ့။

ဒီသင်ခန်းစာကို သဘောပေါက်ပုံရတဲ့ ဦးရဲထွဋ်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေနဲ့ ပါတီတခုခုကို ကိုယ်စားပြု ၀င်ပြိုင်မှာတော့ မဟုတ်ပါဘူး လို့ ပြောသွားဟန်တူပါတယ်။ တည်မြဲနည်းတူ မဆလ၊ တစညတို့လည်းသမိုင်းအမှိုက်ပုံတွင်း ရောက်သွားခဲ့ကြပါပြီ။ “ကြံ့ဖွံ့” ကရော?။

တကယ်ပဲ စစ်တပ်အနေနဲ့ ပြည်သူတွေရဲ့အသဲကြားက မဲတပြားကို လိုချင်ရင် (တနည်း) ပြည်သူတွေရဲ့အသဲနှလုံးကို လိုချင်ရင် မိမိတို့ရဲ့ ခေါက်ရိုးကျနေတဲ့ စိတ်နေစိတ်ထားတွေ (ဥပမာ – မိမိတို့သာ အခွင့်ထူး ဟူသမျှ ရယူထားချင်မှု) ကို ပြင်ရပါလိမ့်မယ်။

ဖေဖေ အသက် ၉၀ ပြည့်နေ့ (၃ ဒီဇင်ဘာ ၂၀၀၉) က တိုင်းပြည်သို့  နှုတ်ခွန်းဆက်စကားကိုပဲ ကိုးကားလိုက်ပါရစေ။ (သတင်းဌာများနဲ့ အင်တာဗျူ စာမျက်နှာ – ၁၉၅)။

“တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ လို့ မပြောကြပါနဲ့။
ပြည်သူသာ အမိ၊ ပြည်သူသာ အဖ ပါ။
ပြည်သူကို ရန်သူလို သဘောမထားပါနဲ့။” တဲ့။

လှကျော်ဇော

(၁၉ ဧပြီ ၂၀၁၈)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts

One thought on “လှကျော်ဇော – တပ်ပြုပြင်ပြောင်းလဲရေး – အပိုင်း (၁) 
  1. သန့်ရှင်းက အသာမဲလေး ၈ မဲနဲ့ (ဒါတောင် – ပမညတမအမတ်တွေ အကုန်ပုံပေးလို့) ပဲနိုင်ခဲ့တာပါ။

    ၎င်းအဆို ၁၀၀ % ပြည့် အတိအကျမမှန်ပါ။

    ၁၉၅၈ ခု ဖဆပလ နှစ်ချမ်းကွဲသောအခါ တည်မြဲ ရော သန့်ရှင်းကပါ မဟာဒေဝီကိုစည်းရုံးကြသော်လည်း မဟာဒေဝီက ကြားနေမည်ဟုကြေညာသည်။ အတိုက်အခံ ပမညတ အဖွဲ့က သန့်ရှင်းကိုထောက်ခံမည် ဟုကြေညာသော်လည်း ပမညတ အဖွဲဝင် မြင်းမူအမတ် ဦးဖေတင်ကမူ ကြားနေမည်ဟုကြေညာသည်။ သို့သော် တကယ်မဲခွဲသည့်နေ့တွင် ကြားေ နမည်ဟု ကြေညာထားသည့် မဟာဒေဝီ ရော ပမညတ အဖွဲဝင် မြင်းမူအမတ် ဦးဖေတင် ကပါ တည်မြဲ ကိုထောက်ခံမဲေ ပးခဲ့ကြ ၏။ ထို့ကြောင့် မြင်းမူအမတ် ဦးဖေတင်ကို ပမညတ အဖွဲ့က အဖွဲ့ဝင်အဖြစ်မှထုတ်ပယ်သည်။ မဟာဒေဝီကတော့ တည်မြဲအဖွဲ့တွင် နာမည်ကြီးလာသော်လည်း သန့်ရှင်းအဖွဲ့ဝင်များ၏ ” ညောင်ရွှေစုဖုရားလတ်” ဟူသော “ဘွဲ့အပ်နှင်းခြင်း” ခံရသည်။

Comments are closed.