ဝေဖန်ရေးရာ ခေတ်ပြိုင်အတွေ့အကြုံ

မြတ်စံ – ” သင်္ကြန်အမြှောက်သံ ကျယ်လောင်ပါစေ “(သို့) မယုံရင် ပုံပြင်လို့သာ မှတ် “

မြတ်စံ – ” သင်္ကြန်အမြှောက်သံ ကျယ်လောင်ပါစေ “(သို့) မယုံရင် ပုံပြင်လို့သာ မှတ် ”
(မိုးမခ) ဧပြီ ၁၆၊ ၂၀၁၈

လွန်ခဲ့တဲ့နှစ် ၃၀ မတိုင်ခင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်( မဆလ-တစ်ပါတီအာဏာရှင်ခေတ်) တုန်းက သင်္ကြန်သံချပ်အလှပြကားတွေနဲ့ စည်ကားစွာ လှည့်လည်သွားလာနေတဲ့မြင်ကွင်းလေးကို အမှတ်ရမိတယ်။ ညဖက်ဆို ရပ်ကွပ်အလိုက်ဆုပေးမဏ္ဍပ်တွေမှာ အလှပြကားယာဉ်တွေဟာကိုယ့် အဖွဲ့လိုက် သံချပ်တွေထိုး။မင်းသားနဲ့မင်းသမီးတွေရဲ့တပင်တိုင်အက၊ နှစ်ပါးသွားအက နဲ့အလှပြယာဉ်ကားကြီးကိုလည်း တဖွဲ့နဲ့တဖွဲ့နဲ့ အပြိုင်အဆိုင်ခြယ်သထားတဲ့ အဖွဲ့ရဲ့နာမည်နဲ့လျှော်ညီအောင် ပြင်ဆင်ထားကြပြီး သံချပ်၊ အက၊ အလှပြယာဉ်ကားပြင်ဆင်မှု စတာတွေကိုပေါင်းစုပြီး စွယ်စုံဆု ရဖို့ကြိုးစားတဲ့အဖွဲ့တွေလည်းရှိပါတယ်။

 

“ယဉ်ကျေးမောင်၊ မောင်မောင်တို့အဖွဲ့၊ မောင်မောင်ဆိုလေ ထီရိုးရှည်၊ အမေ့သား၊ ပြီးပါပြီ၊ ဆိတ်ပါးစပ် နတ်မျက်စိ “စတဲ့ အဖွဲ့များစွာရှိကြပြီး စွယ်စုံဆုရဖို့ ကြိုးစားတဲ့အဖွဲတွေလည်းရှိသလို သံချပ်ဆု၊ အထူးဆု စတဲ့ဆုတွေကို ရည်မှန်းပြီး ပြိုင်ဆိုင်ကြတဲ့အဖွဲ့တွေလည်းရှိကြပါတယ်။

သံချပ်ထိုးယှဉ်ပြိုင်ကြသူ အဖွဲ့တွေဟာ အမှန်တကယ်တော့ ဆုရဖို့ထက် အဲ့ဒီခေတ်ကာလ တစ်ပါတီအာဏာရှင်ခေတ် မဆလ ပါတီကြီးရဲ့ ဗဟိုဦးစီးစံနစ် ချုပ်ကိုင်မှုကြောင့် လွဲမှားစွာအောက်ခြေမှာဆောင်ရွက်နေတဲ့ဖြစ်ပျက်နေတဲ့ကိစ္စတွေကို ပြည်သူ့ဖက်မှ ရပ်တည်ချက်မျိုးနဲ့ သရုပ်ဖော်တင်ပြကြတာဖြစ်တယ်။

 

ပါတီဥက္ကဌကြီး ဦးနေဝင်း(ဗိုလ်ချုပ်ကြီးနေဝင်း)ဆိုတဲ့ လူတစ်ဦးတစ်ယောက်အပေါ်မှာ အခြေပြုပြီး အာဏာကိုတည်ဆောက်ခြင်းရဲ့ အကျိုးဆက်ရလာဒ်ကို အများပြည်သူလူထုတရပ်လုံး နှစ်စဉ်မပြောင်းလဲ မတိုးတက်ပဲ နေရာတိုင်း ကဏ္ဍတိုင်းမှာ အလွဲလွဲအမှားမှားနဲ့ဆောင်ရွက်နေမှုကို ခါးစည်းခံနေရမှု အပါအဝင် ဌာနဆိုင်ရာအတွင်းမှာ အထက်ဖား အောက်ဖိအဖြစ်အပျက်တွေကို ထောက်ပြဝေဖန်တဲ့သဘောမျိုးနဲ့ အများပြည်သူရှေ့မှောက်မှာ ဟာသနှောပြီးတင်ပြတဲ့ သံချပ်စာသားတွေကို ကြိုးစားအားထုတ်တဲ့ လှုပ်ရှားမှုတခုပါ။ လူတွေကလည်း တနှစ်မှတခါ ဒီလိုသင်္ကြန်အချိန်ကာလမျိုးမှာ မိမိတို့ရင်ထဲက ခံစားချက်တွေကို တဆင့်ပြန်လည်ပြီး ထုတ်ဖော်ပြသတဲ့ သံချပ်တွေကို နှစ်သက်ကြတယ်။ ကိုယ့်ရင်ထဲမှာ မကျေနပ် ဘဝင်မကျနေတဲ့အရာကို အောင့်အီးသည်းခံထားရတဲ့အရာတွေကို ထုတ်ပြတဲ့ အောင့်လုံးထုတ်ပြပွဲ လို့ပြောရင်လည်း မမှားပါဘူး။မြို့နယ်တိုင်း မြို့နယ်တိုင်းမှာလည်း ဆုပေးမဏ္ဍပ်တွေနဲ့ ဆုချအားပေးကြတယ်။

သံချပ်အဖွဲ့တွေ များစွာထဲက ကျနော်တို့ နှစ်နှစ်ခြိုက်ခြိုက်အားပေးခဲ့တဲ့ အဖွဲ့တွေရှိတယ်။ ကျနော်တို့ ငယ်စဉ်အရွယ် မူလတန်းကျောင်းသား၊ အလယ်တန်း၊ အထက်တန်းနဲ့ တက္ကသိုလ်ကျောင်းသားအရွယ်အထိ သင်္ကြန်ကာလ ညပိုင်းတွေမှာ ၃၁ လမ်းထိပ်က ဆုပေးမဏ္ဍပ်၊ ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းနဲ့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမ ထောင့်နား၊ ရုပ်ရှင်ရုံများရှေ့ ရန်ကုန်မီးရထားဘူတာကြီးဝင်းကို နောက်ကျောထားဆောက်ထားတဲ့ ဆုပေးမဏ္ဍပ်စင်တွေမှာ သွားရောက်အားပေးကြည့်ရှု့ခဲ့ကြ။ “အမေ့သား၊ မောင်မောင်ဆိုလေ ထီရိုးရှည်၊ ပြီးပါပြီ အဖွဲ့နဲ့ ဆိတ်ပါးစပ် နတ်မျက်စိ ” အဖွဲ့တို့ ဖြစ်တယ်။

 

မဆလ အာဏာရှင်တို့ရဲ့ မှားယွင်းတဲ့ပေါ်လစီ (မူဝါဒ )တွေကြောင့် တိုင်းပြည်တွင်မှာ ဖြစ်ပျက်နေတဲ့ ကောင်စီလူကြီး ၊ ပါတီယူနစ်ဥက္ကဌ၊ စစ်မှုထမ်းဟောင်းအဖွဲ့၊ သမဝါယမ လူကြီးတွေရဲ့ အာဏာကို လက်တလုံးခြား အသုံးချပြီး ပြည်သူလူထုအပေါ် ဖိနှိပ်နေတာတွေ၊ မြို့တော်စည်ပင်သာယာ ရဲ့လွဲမှားတဲ့လုပ်ဆောင်ချက်တွေထဲက ပြည်သူလူထုကို ဘာမှ အကျိုးမဖြစ်ထွန်းစေခဲ့တဲ့ လမ်းဘေးဈေးသည်တွေကိုဖမ်းဖို့အတွက် ဂဠုန် စီမံချက်အတွက် လက်ရုံးတပ်ဖွဲ့လို ဖွဲ့ထားတဲ့ လမ်းဘေးဈေးသည်ဖမ်း ဂဠုန်အဖွဲ့တွေရဲ့ လွဲမှားချက်တွေကို ဖော်ထုတ်ပြသတဲ့ပွဲလည်းဖြစ်လို့ ဒါမျိုးတွေကို ဟာသဥာဏ်နဲ့ တင်ဆက်မှုပုံ သဏ္ဍန်အမျိုးမျိုးနဲ့ သံချပ်စာသားတွေသုံးပြီး ယှဉ်ပြိုင်ကြတဲ့အဖွဲ့တွေထဲမှာ အကြိုက်ဆုံးအဖွဲ့တွေပေါ့။ ခေတ်ကာလအပြောင်းအလဲဖြစ်ဖို့ လိုကြောင်းကို မီးမောင်းထိုးပြတဲ့ အဖွဲ့တွေဖြစ်တယ်။

သင်္ကြန်ကာလ ပြီးသွားလို့ သံချပ်အဖွဲ့တွေရဲ့ ထောက်ပြဝေဖန်မှုတွေကို သက်ဆိုင်ရာ အစိုးရအဖွဲ့ အကြီးအကဲတွေထံ အချိန်မှီ လူထုတင်ပြချက်က ဒီလိုရှိတယ်။ဒီလိုတော့ဖြင့်ပြောနေကြပြီ စသဖြင့်တင်ပြပြောဆိုတဲ့သူ အချို့ဌာနတွေမှာရှိသလို အချို့သက်ဆိုင်ရာဌာနတွေက မသိကျိုးကျွံပြုပြီး လုပ်မြဲအတိုင်းပဲ ဆက်လုပ်နေကြပါတယ်။ မဖြစ်မနေလုပ်ဖြစ်တာကတော့ သင်္ကြန်ကာလအတွင်း ဖော်ပြတဲ့ သံချပ်စာသားတွေမှာ တပါတီအာဏာရှင် မဆလ အစိုးရကိုအကြည်ညိုပျက်စေရန် လုပ်ဆောင်တယ်လို့ ယူဆစရာစာသားမျိုး တင်ပြမှုမျိုးပါရင် အဲ့ဒီသံချပ်အဖွဲ့က အဖွဲ့ ခေါင်းဆောင်ဖြစ်ဖြစ် စာရေးသူဖြစ်ဖြစ် သင်္ကြန်တောင်မပြီးသေး … လမ်းတနေရာ ယှဉ်ပြိုင်နေတဲ့ စင်မဏ္ဍပ်ရဲ့နံဘေးမှာ အရံအသင့်စောင့်နေပြီး ထောက်လှမ်းရေးတပ်ဖွဲ့နဲ့အတူ နယ်မြေရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတာလည်းအကြိမ်ကြိမ်ပါ။

 

ဒီအထဲမှာ နာမည်ကြီး အဖွဲ့တွေကတော့ အမေ့သား၊ မောင်မောင်ဆိုလေ ထီးရိုးရှည်၊ ဆိတ်ပါးစပ် နတ်မျက်စိ စတဲ့အဖွဲ့တွေထဲ့က ခေါင်းဆောင်တွေဖြစ်တဲ့ ဂီတစာဆိုမောင်ကြေးမုံ၊ စာရေးဆရာ/ကဗျာဆရာ တေးရေး နိုင်မြန်မာ၊ ဗေလုဝ၊ ဂန္ဓဝင်မောင်ဝိုင်း နဲ့ဆိတ်ပါးစပ်နတ်မျက်စိအဖွဲ့မှ ခေါင်းဆောင်တွေလည်း ပါဝင်ပါတယ်။ အစိုးရကို အကြည်ညိုပျက်စေတယ် မပျက်စေဘူးဆိုတာကလည်း အဲ့ဒီအမိန့်ကိုထုတ်ပြန်ထားတဲ့ ဥပဒေပြုသူတွေကိုယ်တိုင်တောင် ဘယ်အဖွဲ့ရဲ့ ဟာကတော့ ဘယ်လိုဖြစ်တယ် ဆိုတာမသိပါ။ အောက်ခြေမှာ ပြည်သူလူထုကို လုပ်ပိုင်ခွင့်ရှိရှိလုပ်လို့ရတဲ့သူတွေ ထောက်လှမ်းရေးတွေကပဲ စီရင်ဆုံးဖြတ်မှတ်ချက်ပြုခြင်းသာဖြစ်တယ်။ တနည်းပြောရရင် ” မြင်းကို ဂျိုတပ်ပေးသလို ” ဖြစ်နေတာပေါ့။ ဒီတော့ ပွဲမပြီးခင်နဲ့ ပွဲပြီးမှ ခဏခဏ အဖမ်းခံနေရတဲ့သူတို့ကလည်း ခေသူမဟုတ်ပေ။

ဒါကြောင့် သူတို့ကိုအများပြည်သူ အားလုံးက သင်္ကြန်မင်းသား လို့ခေါ်စမှတ်ပြုရလောက်အောင် ထင်ပေါ်ကျော်ကြားခဲ့တဲ့သူတွေပါ။ သင်္ကြန်ပြီးသွားပြီး နောက်တနှစ် သင်္ကြန်ကာလပြန်ရောက်လာပြန်တော့ ခုနတုန်းကအဖွဲ့တွေဟာ ပျောက်ကွယ်သွားသလားဆိုတော့ ပိုပြီးတော့တောင် လက်စွမ်း နှုတ်စွမ်း သချပ်အစွမ်းတွေထွက်လာပါတယ်။ ပြည်သူတွေကလည်း သူတို့ဖက်ကရပ်တည်ပြီးပြောဆို ထောက်ပြဝေဖန်နေသူတွေဆိုတော့ တခဲနက်အားပေးကြပြန်ရော။ ဒီလိုနဲ့ပဲ နောက်တနှစ် သင်္ကြန်အချိန်ကာလရောက်ပြန်တော့ အဲ့ဒီကာလရဲ့ လတ်တလောဖြစ်ရပ်တွေကို သံချပ်ထိုးကြပြန်ရော…

 

ဒါကို အကြောင်းပြုပြီး ဘိုးဘွားမိဘ လူကြီးတွေက ” အသံသာကြားရပြီး အမြှောက်ဆံမပါတဲ့အတွက်…… သင်္ကြန်အမြှောက် ” လို့တင်စားပြောဆိုကြတယ်။ ဒါပေမဲ့လည်း အဲ့ဒီသင်္ကြန်အမြှောက်လို့ခေါ်တဲ့ သံချပ် တွေရဲ့စာသား အတိုင်အဖောက်တွေဟာ လူတွေရဲ့ရင်ထဲကိုရောက်သွားပြီး မတရားမှုကို ငုံ့ခံမနေပဲ တော်လှန်ရမယ်ဆိုတဲ့အသိကိုပေးဝေးလိုက်လို့ နှစ်တွေကြာလာပြီး ရှစ်လေးလုံးကာလမှ လူထုတရပ်လုံးပါဝင်တဲ့ ဒီမိုကရေစီတောင်းဆိုဆန္ဒပြပွဲကြီး တနိုင်ငံလုံးရှိလူထုတရပ်လုံးပါဝင်ခဲ့တဲ့ လှုပ်ရှားမှုကြီးပ်ါပေါက်ခဲ့ရတယ်။ တစ်ပါတီ အာဏာရှင်စံနစ်ကို လူထုအားနဲ့ဖြုတ်ချနိုင်ခဲ့တယ်။။ ဒါကြောင့်လည်း ၁၉၈၈ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်းမှာ နဝတအာဏာရှင်ခေတ်တလျောက်လုံး သင်္ကြန်သံချပ်ဆိုတာ တိမ်ကောပျောက်ကွယ်သွားခဲ့ရတယ်။ နှောင်းလူငယ်တွေဆို လူကြီးတွေပြောစကားထဲမှာပါတဲ့ သံချပ်ထိုးတာ သံချပ်ကားလို့ပြောတာကြားမိရင် စစ်လက်နက်ပစ္စည်းတွေတင်ဆောင်ပြီးမောင်းနှင်တဲ့ သံချပ်ကားယာဉ်တွေနဲ့တောင် မှားနေကြတယ်။

၂၀၁၀ ခုနှစ်နောက်ပိုင်းမှာတော့ သင်္ကြန်အလှပြယာဉ်ကားတွေနဲ့အတူ သံချပ်တွေပြန်လည်ဆန်းသစ်ခြင်းခေတ် တကျော့ပြန် ထလာခဲ့ပြန်တယ်။မနှစ်တနှစ်ကအထိ သံချပ်တွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်ရှိနေတဲ့ အခင်းအကျင်းမျိုးကနေ ဒီနှစ်မှာတော့ ဘာကိုစိုးရိမ် ဘာကိုကြောက်ရွံ့ပြီး လုပ်လေသည်မသိ … ဆုပေးမဏ္ဍပ်ဖြင့်စီစဉ်မှု။ဆောင်ရွက်မှုတို့ကို မတွေ့ရတဲ့အပြင် အတိုက်အခံနိုင်ငံရေးဘဝတုန်းက သံချပ်ထိုးခြင်း၊ ခေတ်ရဲ့သရုပ်သဏ္ဍန်ကိုထောက်ပြဝေဖန်ခြင်းတို့ကို လက်နက်တခုသဖွယ် အသုံးချခဲ့လေသူတို့ကိုယ်တိုင် နေ့ချင်းညချင်း ပုံသဏ္ဍန်ရော အနှစ်သာရပါပြောင်းလဲသွားကြတာကို အံ့သြစွာတွေ့ခဲ့ရ။ ဘာတွေအတွက် ဘာကို ဒီလောက်စိုးရိမ်နေကြတာပါလဲ… ဒီလောက် ကန့်သတ်တားဆီးမှုတွေကြားထဲကပဲ ထူးထူးခြားခြားဆိုသလို ကျောင်းသားလူငယ်လေးများနဲ့ဖွဲ့စည်ထားတဲ့ ” ပြည်သူ့အသံ အိုးဝေအသံ ” သံချပ်အဖွဲ့လေးတစ်ဖွဲ့ထွက်လာတာကို Online ကနေ တွေ့မြင်မိခဲ့…။

တိုက်ဆိုင်စွာပင် ဒီနှစ်သင်္ကြန်အကြိုနေ့ရက်မှာ ကျနော့်သူငယ်ချင်း ကိုပေါ်@ပေါ်ဦးထွန်း (မင်းကိုနိုင်)ရေးတဲ့ ” ပုံမပြောချင်ဘူး ” ခေါင်းစဉ်ဖြင့် သူ့ခေတ့်သူ့အခါအချိန်ကာလများမှာ သင်္ကြန်မင်းသားတစ်ယောက်လို ပါဝင် လှုပ်ရှားဆောင်ရွက်ခဲ့တဲ့ အဖြစ်အပျက်လေးကို အခြေခံပြီး ဖော်ပြထားတဲ့ စာတစ်ပုဒ်ကို မိုးမခ မဂ္ဂဇင်း(Online)မှာ ဖတ်လိုက်ရပြီး ပြုံးမိပါတယ်။ ကိုပေါ် ဟာတကယ်ပဲ ကျနော်တို့နဲ့ အနှစ်၃၀ ကာလတစ်လျှောက်လုံး မယိမ်းမယိုင် ခိုင်ခိုင်မြဲမြဲ လက်တွဲခဲ့တဲ့သူငယ်ချင်းကောင်း။ လုပ်ဖော်ကိုင်ဖက်ကောင်းတစ်ယောက်ဖြစ်သလို… ဟိုး အရင် မဆလ တစ်ပါတီအာဏာရှင်ခေတ် သင်္ကြန်ကာလများမှာ ” ဆိတ်ပါးစပ် နတ်မျက်စိ “အဖွဲ့ထဲက သံချပ်အတိုင်အဖောက်ကောင်းတဲ့ သင်္ကြန်မင်းသားတစ်ယောက်ပါ။ သူ့အတွေ့အကြုံ သူ့ဖြစ်ရပ်လေးကို ဒီလိုမျိုး အကန့်အသတ် အတားအဆီးတွေပြန်ဖြစ်လာတဲ့အချိန်မျိုးမှာ ပြန်ဖတ်ရတဲ့အတွက် သင်္ကြန်အမြှောက်သံတွေ ကျယ်ကျယ်လောင်လောင် ပွင့်ပွင့်လင်းလင်း ဝေဖန်ထောက်ပြတဲ့ယဉ်ကျေးမှုအစဉ်အလာကြီးကို စိုးရိမ်ကြောင့်ကျမှု ကင်းဝေးစွာဖြင့်ဖြစ်လာစေခြင်ပါတယ်။

 

လူ့အသက်ပေါင်းမြောက်များစွာ သေစေနိုင်တဲ့ လက်နက်အမြှောက်တွေနဲ့ပစ်ခတ်လို့ ထွက်ပေါ်လာတဲ့အသံဟာ အသံကြားယုံတင်မဟုတ် လူတွေကိုပါ သေစေနိုင်တဲ့စွမ်းအားရှိပါတယ်။ မြန်မာနိုင်ငံမှာ ရိုးရာသင်္ကြန်အစဉ်အလာနဲ့အတူ ခေတ်ပြိုင်ပေါ်ထွက်လာခဲ့တဲ့ သင်္ကြန်သံချပ်ယဉ်ကျေးမှုဟာလည်း အပြုသဘောဝေဖန်ထောက်ပြတဲ့ အစဉ်အလာရှိတဲ့အတွက် ကိုယ့်လိပ်ပြာကိုယ်လုံနေသူတွေအဖို့ ဘယ်လိုအကြောင်းအမျိုးမျိုးနဲ့မှ ကန့်သတ်ချုယ်မှုမဖြစ်သင့်ပါ။

နှစ်စဉ်နှစ်တိုင်းကျယ်လောင်စွာကြားနိုင်ပါစေဟု ဆန္ဒပြုရင်း သူငယ်ချင်း ကိုပေါ်( မင်းကိုနိုင်)ရဲ့ ” ပုံမပြောချင်ဘူး ” စာစုလေးကို လေးစားစွာဖြင့် ဖော်ပြပေးလိုက်ပါတယ်။အစဉ်အမြဲ မေတ္တာများစွာဖြင့်
ကိုမြတ်စံ
(15/4/2018) 11:30 pm

 

Posted by Aye Aye Tun on Saturday, April 14, 2018

 

Posted by Aye Aye Tun on Saturday, April 14, 2018

 

Posted by Aye Aye Tun on Saturday, April 14, 2018

 

Posted by Aye Aye Tun on Saturday, April 14, 2018

 

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts