(မိုးမခ) ဧပြီ ၉၊ ၂၀၁၈
အရူးဟုဆိုလျှင် အဝတ်အစား စုတ်စုတ်ပြတ်ပြတ်နှင့် လမ်းတကာလျှောက်သွားကာ ဟိုဟာကောက်စား သည်ဟာကောက် စား၊ နေပူမရှောင် မိုးရွာမရှောင်၊ မိုးရွာလျှင်စို နေပူလျှင်ခြောက်၊ နေထိုင်ရာ အတည်တကျမရှိ၊ စောင့်လျှောက်သူမရှိ၊ ဗိုက်ဆာ မှန်း မဆာမှန်းမသိ၊ တစ်ယောက်တည်းစကားတွေပြောကာ နေချင်သလိုနေ ထိုင်ချင်သလိုထိုင်၊ မည်သူ့ကိုမျှ ဂရုမစိုက်ဘဲ လုပ်ချင် ရာလုပ်နေတတ်ကြသောသူများကို ကျွန်တော်တို့ မြင်ဖူးတွေ့ဖူးကြသည်မဟုတ်ပါလား။
ယခုမူ ထိုသို့ မဟုတ်တော့ပေ။ အရူးများသည်လည်း ခေတ်မီလာကြချေပြီ။ သန့်သန့်ပြန့်ပြန့် နေတတ်လာကြပြီး လူရာဝင်ချင် နာမည်ကြီးချင် ဆယ်လီဖြစ်ချင် ဂုဏ်သတင်း မွှေးသည် နံသည် မသိ၊ ကျော်ဇောဖို့သာသိသော လိုချင်တာတစ်ခုရမည်ဆို လျှင် ခိုင်းသမျှ အကုန်လုပ်တတ်သောအရူးများ ပေါ်ပေါက်လာလေပြီ။ အမှန်တကယ် သွက်သွက်ခါအောင်ရူးသော အရူး အစစ်များမှာကား ဘာမျှလိုချင်တပ်မက်စိတ် သိပ်မရှိကြတော့။ ကလေးစိတ် ဆူပူမည် အော်ဟစ်မည် ဆဲဆိုမည် ငေါက်ငမ်း မည် လိုချင်လျှင် လုမည် ပြောချင်ရာပြောနေမည် လုပ်ချင်ရာလုပ်နေမည် အိပ်ချင်သည့်နေရာတွင် လှဲအိပ်လိုက်မည် စားချင် သည့်အချိန်မှ ရှာစားလိုက်မည်။ အရူးအယဉ်များကတော့ လူကိုဒုက္ခမပေးတတ်ကြပါ။ အရူးအရိုင်းများကတော့ အနည်းငယ် စိတ်အလိုမကျလျှင် ပတ်ဝန်းကျင်ကို ရန်ရှာတတ်ပါသည်။ ယခုမူ မရူးမကောင်းများကား အလွန်များပြားစွာ ထုနှင့်ဒေး ပေါ် ပေါက်လာသည်မှာ အရူးသင်တန်းပေးကာ ဘွဲ့လက်မှတ်များပေး၍ မွေးထုတ်နေသည်လား အောက်မေ့ရသည်။ တစ်ခုခုဖြစ် လျှင် စီကနဲဆို ကြည့်လိုက် အရူးလက်မှတ်ရ။ ပြဿနာကြီးကြီးတစ်ခုဖြစ်ပြီဟေ့ဆို ကြည့်လိုက် အရူးလက်မှတ်ရ။ အများ သူငါနှင့် ကန့်လန့်တိုက်နေလျှင် ကြည့်လိုက် အရူးလက်မှတ်ရ။ ပြည်သူလူထုနှင့် ဆန့်ကျင်ဘက်ဖြစ်နေလျှင် ကြည့်လိုက် အရူးလက်မှတ်ရ စသည်ဖြင့် အရူးလက်မှတ်ရတွေ များစွာပေါ်ထွက်လာသည်။ သာမာန်ရူးခြင်းများတွင်တော့ စီးပွားရေး ပျက်၍ ရူးခြင်း၊ မိသားစုအရေးကိစ္စများကြောင့် ရူးခြင်း၊ မနာလိုရှုစိမ့်သူများက မန္တာန် ယတြာဆေး အစီရင်များအသုံးချကာ ယုတ်မာသဖြင့် ရူးခြင်း၊ ရာသီဥတုဒဏ် သဘာဝဘေးဒဏ်များကြောင့် ရူးခြင်း၊ လောကီအပူများကြောင့် ရူးခြင်း၊ ရန်သူမျိုး ငါးပါးကြောင့် ရူးခြင်း၊ အက်စီးဒင့်များကြောင့် ရူးခြင်း စသည်ဖြင့် ရူးခြင်းအထွေထွေ ရူးနည်းအဖုံဖုံ ရှိတတ်ကြလေသည်။ ယခုခေတ်စားကာ ပေါ်ပြူလာဖြစ်နေသောရူးခြင်းမှာကား ထိုသို့မဟုတ်။ ထိုရူးနည်းများထဲတွင်မပါ ရူးချင်သည့်အချိန်တွင် ရူးကာ မရူးခြင်သည့်အချိန်တွင် မရူးအောင် ထိန်းချုပ်နိုင်သောရူးနည်းအသစ် ဖြစ်ဟန်တူသည်။ လူသူငါးပါးကြားတွင် အလုပ် လုပ်နိုင်ကြသည် သာမာန်လူများကဲ့သို့ပင် နေထိုင်သွားလာစားသောက်ကာ သူလိုငါလိုပင် အရူးလား အကောင်းလားဆို သည်ကို စိတ်အထူးကုဆရာဝန်ကြီးများပင် ခွဲခြမ်းစိတ်ဖြာရခက်ကာ အမျိုးအမည်ခွဲခြားရခက်သော ရူးနည်းများ ဖြစ်နေလေ တော့သည်။
ခေတ်သစ်အရူးများကလည်း စီးပွားရေးလူမှုရေး နိုင်ငံရေးကို အလွန်အမင်းစိတ်ဝင်စားသော အရူးပါးများဖြစ်နေကြလေ သည်။ မည်မျှလောက်ပင် စိတ်ဝင်စားသနည်းဆိုရာတွင် တွေ့သမျှလူတိုင်းကို ဆဲဆိုကြိမ်းမောင်းကာ လူမျိုးရေးပြဿနာ ရှာနေလျှင် အရူးဖြစ်နေပြန်သည်။ နိုင်ငံတော်ကိုအုပ်ချုပ်နေသည့်လူကြီးများကို ယုတ်ယုတ်မာမာ ရိုင်းရိုင်းစိုင်းစိုင်းပြောနေဆိုနေရေးနေသည်ကို ကြည့်လိုက်ပါက အရူးဖြစ်နေပြန်သည်။ ဟိုအိမ်မီးရှို့ သည်အိမ်မီးကွင်းပစ်လုပ်သူများကိုကြည့်လိုက်အရူးဖြစ်နေပြန်သည်။ ၁၉၈၈ နှင့် ၂၀၀၀ ခုနှစ်ကြားကာလများတုန်းကလည်း အရူးများ အလွန်ခေတ်စားကာ အရူးတစ်ခေတ် ထခဲ့ပြီး အရူးများစန်းပွင့်ကာ အရူးနက္ခပင်ကောင်းသောနှစ်ကာလများဖြစ်ခဲ့ဖူးလေသည်။ ထိုခေတ်ကအရူးများကတော့ ယခု လို ပေါ်ပေါ်တင်တင် ရူးခြင်းမဟုတ်။ လူကွယ်ရာရောက်လျှင် အရူးစိတ်ပေါက် အရူးရုပ်ပျောက်ကာ ဆေးသောက်စရာမလိုပဲကောင်းခဲ့ကြသည်။ အချို့အရူးများဆိုလျှင် အလွန်ချမ်းသာကာ ကားတဝီဝီနှင့်ပင် လုပ်ငန်းခွင်ဆင်းသလို ရူးချိန်ရောက်လျှင် ကားအမည်းကြီးနှင့် လာချလိုက် အရူးချိန် ဂျူတီပြည့်လျှင် ကားပြာကြီးနှင့်လာပြန်ခေါ်သွားလိုက်နှင့် အရူးလုပ်ငန်းများ အရူး စီမံကိန်းများချမှတ်ကာ အရူးပြန့်ပွားရေးမွေးမြူရေးကုမ္ပဏီများက ဝန်ထမ်းများဟု အထင်မှားရလောက်အောင် အရူးတစ် ခေတ် ရှိခဲ့ဖူးသည်။ ယခုခေတ်မှာတော့ ထိုသို့မဟုတ်တော့။ အရင်ကလို ခိုးကြောင်ခိုးဝှက် ရူးစရာမလိုတော့ပေ။ လူကြားသူ ကြားလမ်းပေါ် လမ်းကြားလူစည်ကားရာပန်းခြံကဲ့သို့ အများပြည်သူနှင့်ဆိုင်သောနေရာများအထိပါ တရားဝင် ပေါ်ပေါ်ထင် ထင် ဒီမိုကရေစီလမ်းစဉ်အရ ရူးခွင့်ရလာကြလေပြီ။ ရှေးကလိုသာမန် ကြားဖူးနေကြ မယားတရူး၊ လင်တရူး၊ အရက်ရူး၊ ဖဲရူးဂိမ်းရူး၊ ပွဲရူး၊ အငြိမ့်ရူး၊ စတိတ်ရှိုးရူး၊ အစားရူး၊ အဝတ်အစားရူး၊ မျက်နှာရူး အသိုင်းအဝိုင်းရူးများ မဟုတ်ကြတော့။ တိုးတက်ဖွံ့ဖြိုးလာကာ ကျောင်းဆရာရူး၊ အင်ဂျင်နီယာရူး၊ သင်္ဘောသားရူး၊ ဆရာဝန်ရူး၊ အဆိုတော်ရူး၊ မင်းသားရူး၊ မင်းသမီးရူး၊ မော်လ်ဒယ်လ်ရူး၊ ဗိုလ်ရူး စသည်မှထပ်မံတိုးတက်ကာ ငွေရူး၊ ဂုဏ်ရူး၊ တဏှာရူး၊ အာဏာရူး ရူးနည်း အသစ်အဆန်းပေါင်းစုံဖြင့် အရူးကင်ဆာများသည် နေရာအနှံ့ ပျံနှံလျက်ရှိလေပြီ။ မသိမသာရူးသူများရှိသလို သိသိသာရူး သူများလည်းရှိသည်။ ထို့ပြင် အရူးများကို ဘုံမြှောက်ကြသူများကလည်းရှိသည်။ အရူးများကလည်း အရူးထန်းလျက်အိုး တွေ့ဆိုသလို အပျော်ကြီးပျော်နေကြလေသည်။ အရူးလင်လုပ်ရသလိုဟူသော စကားပုံသည်လည်း အမြဲမှန်နေလေတော့ သည်။ အရူးတွေ အရူးမတွေကလည်းများလာသည်ကိုး။ အရူးအရူးခြင်း ပနာသင့်နေကြပုံမှာ အရူးက အရူးထက် တစ်မူး ပိုရှူချင်သော အရူးများသည်ပင်လျင် တစ်ပုံတခေါင်းဖြစ်ကာ ဘိုးဘိုးအောင်၏ ဝိဇ္ဇာဝလုံးလို တစ်လုံးဖျက်လျှင် နှစ်လုံးပေါ် နှစ်လုံးဖျက်လျှင် လေးလုံးပေါ်လာသကဲ့သို့ အရူးများဆတိုးနှင့် ပေါ်လာကြသည်မှာ အံ့ဖွယ်မကုန်နိုင်သော မျက်မှောက်ခေတ် တွင် အရူးထိန်းသိမ်းရေးကျောင်း (သို့မဟုတ်) အရူးထိန်းသိမ်းရေးဂေဟာ အရူးသင်တန်းများဖွင့်လျင် အလွယ်တကူအလျှင် အမြန် စီးပွားရေးပြေလည်နိုင်သောခေတ် ဖြစ်နေလေပြီ။ တော်ရုံတန်ရုံရူးလျှင်ကောင်းသည် အတန်အသင့်ရူးလျှင် တော် သေးသည်။ လွန်လွန်ကျူးကျူးရူးမိလျှင်ကား မကောင်းတော့။ ရူးရင်းနှင့်ပင် ပတ်ဝန်းကျင်ကိုအကျိုးပြုလျှင် တော်သေးသည် ဆရာအောင်သင်းကတော့ စာရူးပေရူးများကိုချစ်သည်။ အာဏာရူးများကိုတော့ မနှစ်သက်ကြောင်း ပြောသွားခဲ့ဖူးပါသည်။သဘာဝနှင့်လူ့ပတ်ဝန်းကျင်ကိုအကျိုးပြုသောရူးခြင်းများကတော့ အောင်မြင်ကျော်ကြား လူချစ်လူခင်များကာ ပညာရှင်အရူးများပင်ဖြစ်ခဲ့ကြလေသည်။ မည်သူ့ကိုမျှ အကျိုးမပြု အကျိုးယုတ်ကာပျက်စီးဆုံးရှုံးမှုများကာ လောကသဘာဝနှင့် သက်ရှိ သက်မဲ့များကို ထိခိုက်စေသောရူးခြင်းများကတော့ နာမည်ပျက်ကာ ကမ္ဘာ့သမိုင်း မြန့်မာသမိုင်းများတွင် လူမုန်း စုန်းမုန်း နတ်မုန်း အားလုံးမုန်းကာ လူလုံးမလှ အော့နှလုံးနာကြ ပေါင်းသင်းဆက်ဆံရန် လက်တွန့်ကာရှောင်ကြ ရှားကြဖယ်ကျဉ်ကြ လေသည်။ မရူးတရူးဖြစ်သော ယဉ်ယဉ်လေးရူးသူများကတော့ နာမည်ပြောင်ကလေးများနှင့် ချစ်စရာပင်ကောင်းနေသေး တော့သည်။ မျက်နှာရူး၊ ဝမ်းတွင်းရူး၊ အချစ်ရူး၊ ကဗျာရူး စသည်ဖြင့် အမည်ပြောင်ကလေးများနှင့် ချစ်စရာကောင်းသော အရူးကလေးများကတော့ ခေတ်အဆက် ဆက်ရှင်သန်နေဦးမည်သာ။
ရူးတာကတော့ လောကသစ္စာအရ သဘာဝဓမ္မသဘောအရ လူနတ်ဗြဟ္မာသတ္တဝါအားလုံး အဆုံးစွန်သော နိဗ္ဗာန်သို့မ ရောက်သေးသည်အထိ ရူးနှမ်းနေကြရဦးမှာဖြစ်ပါသည်။ သာမာန်အရူး၊ အယဉ်ရူး၊ အရိုင်းရူး မည်သို့ရူးမည်ကိုသာ မသိနိုင် ကြသောအရူးလောက အရူးကမ္ဘာကြီးပင် ဖြစ်သည်။ လူမှန်လျှင် တစ်ယောက်တစ်မျိုး ရူးနေကြရသောပုထုဇဉ် လူသားအရူး များထဲတွင် အများအတွက် အကျိုးပေးခြင်းဖြင့် မျက်နှာရူးလုပ်မည်လား၊ မည်သူနှင့်မျှမပတ်သက်ဘဲ တစ်ကိုယ်တော် အထီး ကျန် ကာဝမ်းတွင်းရူးလုပ်မည်လား၊ အများကိုဒုက္ခပေါင်းစုံအကုန်ပေးသော အတ္တဘောရူးလုပ်မည်လားဆိုတာကိုတော့ သေချာစဉ်း စားကြည့်ကြစေချင်ပါသည်။ တစ်ရက်တစ်မျိုး၊ တစ်နာရီတစ်မျိုး၊ တစ်မိနစ် တစ်မျိုး မရိုးရအောင် ကိုယ့်ရူးနည်းကို ကိုယ်တိုင်သုံးသပ်ကာ ရူးနည်းများကို ရူးသွပ်စွာရေးသားမိပြောဆိုမိသော ကျွန်တော်ကိုယ်တိုင်သည်လည်း ယခုစာကိုရေးခဲ့ မိသလား မရေးမိခဲ့သလားကိုပင် ဝေခွဲမရတော့အောင် ရူးရူးမိုက်မိုက်ဖြင့် ရေးသားမိပါသည်။
လေးစားစွာဖြင့်
အမ္ဗနဒီကျော်စွာ