သတင်းဆောင်းပါး သာဂိ လောကဓာတ်ခန်း နိုင်ငံတကာရေးရာ

နိုင်ငံတကာသာဂိ – Facebook ဖေ့စ်ဘွတ် ထူထောင်သူ၊ သုံးစွဲသူ၊ အမြတ်ထုတ်သူ နဲ့ အကျိုးစီးပွား

 

နိုင်ငံတကာသာဂိ – Facebook ထူထောင်သူ၊ သုံးစွဲသူ၊ အမြတ်ထုတ်သူ နဲ့ အကျိုးစီးပွား
(မိုးမခ) ဧပြီ ၆၊ ၂၀၁၈

ယခင်တပတ်က ကင်ဘရစ်ဂ်ျအနာလက္တီကာ ကုမ္မဏီ အရှုပ်ထုပ် ပေါ်လာတယ်။ (ဖေ့စ်ဘွတ်) ဖေ့စ်ဘွတ် သုံးစွဲသူ အမေရိကန်သန်း ၅၀ ရဲ့ ကိုယ်ရေးအချက်အလက်တွေကို အလွဲသုံးဖို့ ထုတ်ယူခဲ့ကြတယ်။ ပြီးတော့ အဲသည်အုပ်စုတွေက ၂၀၁၆ ထရန့်ရွေးကောက်ပွဲနိုင်ဖို့ လုပ်ဆောင်နိုင်ခဲ့ကြတယ်။ ဖေ့စ်ဘွတ်ထူထောင်သူ ဇူကဘတ်တို့ မျက်နှာပျက်ကြရပြီး သူတို့တွေ မျက်နှာလွှဲခဲပစ်ခဲ့ကြတယ်၊ စားသုံးသူရဲ့ အချက်အလက်တွေကို အကျိုးအမြတ်အတွက် ရောင်းစားခဲ့ကြတယ်။ လုပ်စားအမြတ်ထုတ်သူတွေလက်ထဲ ထည့်ခဲ့ကြတယ် ဆိုပြီး မီဒီယာတွေကော လေ့လာသူတွေက ပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။ အခုဒီတပတ်သတင်းမှာလည်းကျကော သန်း ၅၀ မကဘူးတဲ့ခင်ဗျ … ၈၇ သန်းတောင် အလွဲသုံးခံရတာပါတဲ့။

၈၇ သန်းသော အမေရိကန်ပြည်သူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေဆိုတာ privacy စည်းထိန်းသိမ်းဖို့အတွက် စားသုံးသူ သုံးစွဲသူဘက်က အကာအကွယ်ပေးရမှာပါ။ အဲသလို အကာအကွယ်မပေးဘဲ ရောင်းစားတယ်၊ ရောင်းမစားရင်တော့မှ တလွဲသုံးသူတွေလက်ထဲ မရောက်အောင် မတားဆီးနိုင်တာ အတော်ဆိုးပါတယ်။ အမြတ်ထုတ်သူကတော့ သူတို့အကျိုးစီးပွားအတွက် အစွမ်းကုန် အသုံးချမှာပဲ။

ဖေ့စ်ဘွတ်မှာ အပြင်လူတွေက အက်ပ် APP တွေ ရေးကြ မိတ်ဆက်ကြပါတယ်။ သင့်ဒီနေ့ ကံကောင်းမလားတို့၊ သင်နဲ့တူတဲ့ မင်းသားမင်းသမီးက ဘယ်သူလဲတို့၊ သင်အကြိုက်ဆုံး အစားအစာ ရုပ်ရှင်က ဘာဖြစ်မယ် ထင်သလဲ ဆိုတဲ့ မေးခွန်းတွေ ဥာဏ်စမ်းတွေနဲ့ ဖေ့စ်ဘွတ် သုံးစွဲသူတွေကို ၀င်ဖြေဖို့ အက်ပ်ကို သုံးဖို့ ဆွယ်ကြ ကြော်ငြာကြပါတယ်။ အဲသလိုဟာမှာ ၀င်ပါလိုက်တာနဲ့ သင့်ဖေ့စ်ဘွတ်စာမျက်နှာမှာ သူတို့က သူတို့အက်ပ်က အဖြေကိုလည်း တင်၊ သူများတွေ (သင့်မိတ်ဆွေတွေ) လည်း ပါအောင် အလိုအလျောက် ဖိတ်စာတွေ ကမ်းတော့တာပဲ။ အဲသည်မှာ သင့်အကြောင်းတွေကို အပြင်လူတွေက တရားဝင်ကော မ၀င်ကော ဆွဲယူရရှိသွားတော့တာပါပဲခင်ဗျာ။ ထောက်လှမ်းရေးက သင့်မှတ်ပုံတင်နဲ့ သင့်သန်းကောင်စာရင်းကို ကူးယူရရှိသွားသလိုမျိုးပါ။ အဲသလို ကိုယ်ရေးအချက်အလက်တွေကို ဟက်ကာတွေ ဒေတာမိုင်နာတွေ ထောက်လှမ်းရေးတွေ အစိုးရတွေ အကျိုးစီးပွားရှာအုပ်စုတွေက ရရှိသွားရင် သူတို့က သင့်ဆီကို နည်းမျိုးစုံနဲ့ ချည်းကပ်ပြီး သူတို့က သင်ကြိုက်တဲ့ နှစ်သက်တဲ့ မတ်စိတွေကို သူတို့ဝါဒဖြန့်တာတွေရောမွှေပြီး ပို့တာ လွှမ်းမိုးတာတွေ လုပ်ကြတော့တာပါပဲ။ ဒါက ဥပမာ ရိုးရိုးတခု ပေးတာပါ။

သင်က လူမျိုးကြီးစိတ်ဝင်နေသူလို့ သူတို့က အကဲဖြတ်လိုက်မိတာနဲ့ သင့်ကို အခြားလူမျိုးတွေကို မုန်းအောင် ပိုပြီး လှုံဆော်တာတွေ ပို့ပါလိမ့်မယ်။ ပြီးတော့ သူတို့ဖြစ်စေချင်တဲ့ အာဘော်ကို သင့်ကို အပင်းသွင်းတော့မှာပါ။ ဒေါ်နယ်ထရန့်သာလျင် လူမျိုးကြီးတွေကို အကာအကွယ်ပေးနိုင်မှာ ဖြစ်တယ် ဆိုပြီးတော့ပေါ့။

အဲသလို ပြစ်တင်ဝေဖန်ခံရတဲ့အတွက် ထူထောင်သူ ဇူကာဘတ်ကလည်း သုံးစွဲသူတွေဘက်က ကာကွယ်ဖို့ အစွမ်းကုန် လုပ်သွားမယ်လို့ ထုတ်ပြန်ပါတယ်။ အံမယ် မြန်မာပြည်တွင်းမှာ( ဖေစ့်ဘွတ် ) ဖေ့စ်ဘွတ်ကို အလွဲသုံးပြီး အမုန်းပွားအောင် လုပ်နေတာတွေကို သူ အတော် အားထုတ်ပြီး တားမြစ်လိုက်ရပါသေးတယ်လို့ ဂုဏ်ယူပြလိုက်ပါသေးတယ်။ မြန်မာပြည်တွင်းမှာက ဘာသာရေးအမုန်းပွားမှုတွေကို အစွန်းရောက် ၂ဖက်စလုံးက ဖြန့်နေတာပါ။ ၀ုန်းဒိုင်းကြဲနေတာပါပဲ။ တဖက်နဲ့ တဖက်ကလည်း “ရပို့ထု” နေကြတာ မိုးလုံးညံလို့ပါ။ သာဂိအမြင်ကတော့ ဘာမှ သိပ်မထူးသေးပါဘူး။ လူပြိန်းတွေ မင်းမဲ့စရိုက်ဖြစ်လာတဲ့အခါ အပေါ်က စည်းကမ်းကြီးကြပ်ရေးသမားက ဘယ်လိုများ ဖြန်ဖြေလို့ ရပါတော့မလဲ။ လက်လွန်နေပြီ ဖြစ်တဲ့ ဟာကိုး။

ရုရှားအစိုးရနဲ့ အပေါင်းအပါတွေ ဖန်တီးထားတဲ့ စာမျက်နှာတွေ အကောင့်တွေကိုတော့ ဖေ့စ်ဘွတ်က ဖျက်ပစ် ရှင်းပစ်တာတွေ တကယ်လုပ်နေတာပါတဲ့။ အမေရိကန်နိုင်ငံရေးနဲ့ နိုင်ငံသားတွေအပေါ် ရုရှားတွေက ယဉ်ကျေးမှုတော်လှန်ရေးလုပ်နေတာကို အတွင်းထဲကနေ ရုပ်ဖျက်ပြီး တိုက်နေတာကို ဖေ့စ်ဘွတ်လည်း မြေလှန်ပစ်နေတယ် ဆိုပါတယ်။ ဖေ့စ်ဘွတ်မှာ ရုရှားတော်လှန်ရေးသမားတွေထည့်တဲ့ ကြော်ငြာတွေလည်း ဖြုတ်ချပစ်နေတယ်လို့ ပြောပါတယ်။ Internet Research Agency တို့ Russia Federation News, RU တို့တွေကို စိစစ်ပြီး ဖြုတ်နေတာကို ရုရှားအစိုးရကတော့ သူတို့လွတ်လပ်ခွင့်ကို ပိတ်ပင်တားဆီးတာပဲဆိုပြီး တန်ပြန် ပြစ်တင်ပါတယ်။ အမေရိကန်မဆန်ဘူးပေါ့လေ။

ဒီမိုကရေစီတိုင်းပြည်ကနေ အင်တာနက်ဆိုတာ ပေါ်လာတယ်။ အာဏာရှင်တွေက အင်တာနက်ကို ပိတ်ခဲ့တယ်။ ဇူကဘတ်က ဖေ့စ်ဘွတ်ကို ထူထောင်လိုက်တယ်။ အာဏာရှင်တွေက ဖေ့စ်ဘွတ်ကို ပိတ်ဆို့ကြတယ်။ သို့သော် သုံးစွဲသူတွေ ၂ ဘီလျံတောင် ရှိလာခဲ့တယ်။ အာဏာရှင်တွေက ဒီမိုကရေစီထုတ်ကုန် အင်တာနက်နဲ့ ဖေ့စ်ဘွတ်ကို တန်ပြန်အသုံးချပြီး သူတို့ရဲ့ လက်နက်အဖြစ် အသွင်ပြောင်းလိုက်ကြတယ်။ ဒီမိုကရေစီထုတ်ကုန်တွေကို အနောက်အုပ်စုကတင် အမြတ်ထုတ်တာမဟုတ်တော့ဘူး၊ အရှေ့အုပ်စုကလည်း တန်ပြန်အမြတ်ထုတ်လာနိုင်ကြတယ်။ လူထုအကျိုးထက် တစု တဖွဲ့ရဲ့ အကျိုးစီးပွားသက်သက် ကိရိယာအဖြစ် အသုံးချခံလိုက်ရပါတော့တယ်။

ပတ်ဘလစ်ပေါ်လစီ ရှုထောင့်က ကြည့်ရင် ကုမ္မဏီတွေက privacy ဆိုတဲ့ လူတဦးချင်းစီမှာ မိမိဘာသာ သူများကို ဝေမျှစရာမလိုတဲ့ တကိုယ်ရေလွတ်လပ်ခွင့် ကို စည်းမျဉ်းသတ်မှတ်ချက်တခုခုနဲ့ ကာကွယ် စောင့်ရှောက်ပေးဖို့ ပျက်ကွက်တာပါ။ စားသုံးသူက အပျိုကြီးပါလို့ ရေးထားတာနဲ့ သူတော့ လင်လိုချင်မှာပဲဆိုပြီး ကုမ္မဏီက အောင်သွယ်ပွဲစားထံကို ဒလန်လုပ် ဖုံးနံပါတ်သွားရောင်းစားသလိုနဲ့ တူပါတယ်။ အဲသည်စည်းစောင့်တာကို ကုမ္မဏီတွေ မလုပ်တဲ့အပြင် အစိုးရတွေကိုယ်တိုင်ကလည်း နိုင်ငံသားအလိုက် privacy ကို ကာကွယ်ပေးတဲ့ ဥပဒေကို မထုတ်ပြန်နိုင်ခဲ့ပြန်ပါ။ နိုင်ငံသားတွေရဲ့ privacy ကို အစိုးရတွေ အဖွဲ့အစည်းတွေက သတိမပေးထားတဲ့အခါ အလွဲသုံးစားလုပ်သူတွေ အမြတ်ထုတ်သူတွေက သူတို့အကျိုးစီးပွားအတွက် အမြတ်ထုတ်ပြီပေါ့။ အမေရိကန်က စားသုံးသူတဦးရဲ့ တကိုယ်ရေ private information ဟာ ရုရှားဟက်ကာလက်ထဲမှာ ဖြစ်ချင်တာ ဖြစ်တော့တာပဲ။ ပထ၀ီဒေသစည်းမျဉ်းကို ကျော်လာတဲ့ သူများအတွင်းရေးစည်းထဲ ကျူးကျော်လာသူကို နိုင်ငံတွေက ပတ်ဘလစ်ပေါ်လစီနဲ့ မတားနိုင်ပါ။ နိုင်ငံအချင်းချင်းလည်း နိုင်ငံသားတွေအချင်းချင်း privacy စည်းဘယ်လိုသားမလဲ တခါဖူးမှ မဆွေးနွေးခဲ့ကြပါ။ လွတ်လပ်ခွင့်ကိုချည်း မိုင်ကုန်တင်အော်နေတဲ့အခါ သူခိုးက ကြမ်းပေါက်ဖြဲဝင်ပြီး ခိုးတာသာ အဖတ်တင်တယ်ပေါ့။

တလွဲတွေကတော့ ဖြစ်နေမှာပဲ။ သင်ခန်းစာကို အကောင်းဖက်က ယူကြဖို့ လိုတာပါ။ သူတပါး ပရိုက်ဗေစီ စော်ကားတယ်ဆိုပြီး လူတွေကို ခေါင်းဖြတ်သတ်စရာလဲ မလိုတာကိုးနော်။ ပညာပေးတာ ပညာယူတာ သင်ခန်းစာပေးတာ သင်ခန်းစာယူတာ ဖြစ်ရပ်ပြီး ဖြစ်စဉ်ထဲမှာ ထည့်သွင်း တွက်ချက်ရမှာ ဖြစ်ပါတယ်။ ဥပမာ – တလောက ကိုရန်မျိုးသိန်းက သမ္မတအသစ်ကြီး ဦးဝင်းမြင့် မိသားစုဝင်တွေ အလုပ်အကိုင်နဲ့ ပတ်သက်ပြီး ဝေဖန်ပါတယ်။ အဲသည်မှာ ဖေ့စ်ဘွတ်အာဏာပိုင်များက ဘယ်လိုသဘောပေါက်သည်မသိ ကိုရန်မျိုးသိန်းပို့စ်ကို community standard နဲ့ မညီလို့ဆိုပြီး ပိတ်လိုက် ဖြုတ်လိုက်ပါတယ်။ ဘာလဲဟဲ့ ကွန်မြူနီတီစတင်းဒတ် … အရပ်က လက်မခံလို့ပေါ့ ဟုတ်လား။ သာဂိတို့ ရပ်ကွက်အဆင့်က အဲသလိုကြီးလား။ ဒါနဲ့ ရန်မျိုးသိန်းက ဖေ့စ်ဘွတ်အာဏာရှင်များထံ အိပ်ဖွင့်ပေးစာ ပို့လိုက်ပါတယ်။ သူက သူ့အမည်သူခံ သူစကားသူတာဝန်ယူပြီး သူ့အမြင်သူ ထုတ်ဖော်ပြောဆိုတာ၊ fake တွေ hate တွေလည်း မဟုတ်ဘူးလေ။ ဒါနဲ့ ဖေ့စ်ဘွတ်က အာဏာပိုင်တွေက နောက်တရက်မှာ ဆောရီးပါဆိုပြီး ဖြုတ်သိမ်းတာကို ပြန်တတ်ပေးသွားပါတယ်။ ဖေ့စ်ဘွတ်၏ သင်ခန်းစာယူမှု နားလည်ပေးမှု အဆင့်ရှိမှုကို ဂုဏ်ယူ လေးစားရမှာဖြစ်ပါတယ်။

ယခုဆောင်းပါးကို နိဂုံးချုပ်ရသည် ရှိသော် … ထူထောင်သူတွေ စားသုံးသူတွေ အမြတ်ထုတ်သူတွေအားလုံးဟာ အကျိုးစီးပွားအပေါ်မှာ အခြေခံပြီး လုပ်ကိုင် ဆက်ဆံနေကြဦးမှာပါပဲ။ ဘယ်လောက်အထိ စည်းကမ်းနဲ့ လေးစားမှုနဲ့ တဦးပေါ်တဦး စွက်ဖက်မလဲ သက်ရောက်ကြမလဲ ဆိုတာ မေးခွန်းဖြစ်ပါတယ်။ ကုန်ပစ္စည်းတခုကို ထူထောင်သူက ထူထောင်မယ်။ စားသုံးသူက စားမယ်။ သူတို့ အချက်အလက်တွေ အခြေအနေတွေကို လေ့လာစောင့်ကြည့် ဆင်ခြင် အမြတ်ထုတ်သူတွေကလည်း ထုတ်ကြမှာပဲ။ သို့သော် အကျိုးစီးပွားကို ကြည့်ကြတဲ့အခါ အရင်းရှင်တွေ အာဏာရှင်တွေက ဂုတ်သွေးစုတ်၊ အဆီစား၊ အသားမြို အကုန်လုံး ငါ့ဘို့ချည်းသက်သက် အစွန်းကုန်အမြတ်ထုတ်ခွင့်ကို တရားတယ်လို့ နိုင်ရာစား သဘောထားကြမလား၊ စည်းကမ်း နည်းလမ်း အပြန်အလှန်လေးစားမှုနဲ့ ယဉ်ကျေးမှု လူနေမှုကို ဆက်လက်ထိန်းသိမ်း ထူထောင်နေကြမလား။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts