ရသဆောင်းပါးစုံ ဖြစ်ရပ်များ၊ အမှတ်တရများ

မြတ်စံ – နှင်းပျောက်တဲ့ နွေဦး တနေ့ရဲ့အတွေး

 

မြတ်စံ –  နှင်းပျောက်တဲ့ နွေဦး တနေ့ရဲ့အတွေး
(မိုးမခ) ဧပြီ ၆၊ ၂၀၁၈

တပို့တွဲလကုန် တပေါင်းလဆန်းရက်၏ အေးမြမြမနက်ခင်း အရုဏ်ဦးမှာ ဗိုလ်အောင်ကျော်ရာပြည့်ပွဲတော် ကျင်းပရာ ဧရာဝတီတိုင်း အင်္ဂပူမြို့နယ် မယ်ဇလီကုန်းကျေးရွာသို့သွားဖို့အတွက် မနက်ပိုင်းခပ်စောစောမှာ လိုက်ပါမယ့်သူများ စုရပ်သတ်မှတ်ထားတဲ့ ရန်ကုန်မြို့ ရှင်စောပုလမ်း ဓမ္မစေတီဘုန်းကြီးကျောင်းရှေ့ MEP (Myanmar Event Park) ကိုရောက်ရှိချိန် Express ကားဖြင့်လိုက်ပါမည့် အဖွဲ့သားများ စုံသလောက်ဖြစ်နေ။ ကားပေါ်ရောက်တော့ PEN Myanmar အဖွဲ့နဲ့အတူ အခြားကဗျာဆရာ ဆရာမများပါဝင်နေကြ။ ဧရာဝတီတိုင်း အင်္ဂပူသား သူငယ်ချင်းဖြစ်သူ ထိန်ထိန် Htein Linရဲ့စည်းရုံးဆော်သြမှုဖြင့် ဗိုလ်အောင်ကျော် ရာပြည့်ပွဲခရီးစဉ်ကိုလိုက်ပါဖို့ဖြစ်လာခဲ့။
ကိုစောဝေ Poet Saw Wai ။ ကဗျာဆရာကိုခင်အောင်အေး။မသီတာ(စမ်းချောင်း)@Ma Thida။ဆရာမ မိချမ်းဝေ။ Recycle Artist @San Zaw Htway@ ညီထွေး ။ခရီးစဉ်မှတ်တမ်းမျာနဲ့လှုပ်ရှားမှုမှတ်တမ်းများကို ရိုက်ကူးပေးသူ Documentry Flim Maker@Khin Thethtar Latt@ ညီမလေးနိုရာ။ စိန်ပေါလ်ကျောင်းသားဟောင်းမျိုးဆက်ထဲက ညီလေး ရန်နောင်@ Yan Naung… … စတဲ့ သူတွေနဲ့နှုတ်ဆက်စကားပြောဆိုပြီး အားလုံးလူဆုံချိန်လောက်မှာ ရန်ကုန်မှ စတင်ထွက်ခွာခဲ့။

ကားပေါ်မှာ ကျနော်နဲ့ ညီထွေး နှစ်ယောက်မှာ နှစ်ခုံတွဲထိုင်ဖြစ်ခဲ့ပြီး သူနဲ့ပထမဦးဆုံးအကြိမ် ခရီးအတူထွက်ဖြစ်ခဲ့တာကို အမှတ်ရမိ။၂၀၁၂ ခုနှစ်နောက်ပိုင်း (ညီထွေးပြန်လွတ်လာပြီးနောက်ပိုင်း ) သူနဲ့ အနုပညာပြပွဲတွေမှာ မကြာခဏဆုံဖြစ်ခဲ့။ ပြောဆိုဖြစ်ပေခဲ့ပေမဲ့ ခရီးတစ်ခုကို အတူတူသွားခဲ့ဖူးတာ ပထမဆုံးအကြိမ်ဖြစ်ခဲ့။ ကျနော်နဲ့ပက်သက်ပြီး သူ့အကိုတစ်ယောက်လို ခင်မင်ရင်းနှီးဖြစ်မှုကို သိနားလည်ပြီး နှစ်ယောက်သား ရှေးဟောင်းနှောင်းဖြစ်စကားများနဲ့ လက်ဆုံကျနေခဲ့။
၁၉၉၉ ခုနှစ်တောင်ငူထောင်ကို အင်းစိန်ထောင်မှ ညီထွေးတို့ထောင်ပြောင်းရောက်ရှိလာချိန်မှာ ကျနော်ဟာ ပုဒ်မ ၅/ည နဲ့ပြစ်ဒဏ်သတ်မှတ်ထားတဲ့ တစ်သက်တစ်ကျွန်းပြစ်ဒဏ် လွတ်ရက်စေ့တော့မည့်အချိန်။ သိပ်မကြာခင်မှာပဲ ကျနော့်ကို လွှတ်တော့မယ်ဆိုတာ သိနေလို့ ညီထွေးက အခါအခွင့်သင့်သလို သူ့မိဘ ညီအကိုမောင်နှမများရှိတဲ့ အိမ်သို့သွားပေးဖို့နဲ့ သူ့ဆီမကြာ မကြာအဆက်အသွယ်လုပ်ဖို့မှာကြားခဲ့။

လွတ်ရက်စေ့လို့ ထောင်ပိုင်ဖြစ်သူက ကျနော့်ကို ခေါ်တွေ့ပြီး လွှတ်ခဲ့ပေမဲ့လည်း “နိုင်ငံတော်အား နှောက်ယှက်ဖျက်ဆီးလိုသူများအား ကာကွယ်စောင့်ရှောက်သည့်အက်ဥပဒေ( ပုဒ်မ ၁၀/က) “အရ တောင်ငူအကျဉ်းထောင်မှာပင် ဆက်လက်ထိန်းသိမ်းထားရန် ပြည်ထဲရေးဝန်ကြီးဌာနကိုယ်စား သတင်းတပ်ဖွဲ့(SB)မှ တာဝန်ရှိသူများက လာရောက်အသိပေးပြီး တောင်ငူထောင်မှာပင် ဆက်လက်ထိန်သိမ်းထားခဲ့ခြင်းကို ခံခဲ့ရချိန်။ ကျနော့်အတွက်စိတ်မကောင်းဖြစ်သလို သူ့အကိုတစ်ယောက်လို ခင်မင်အားကိုးရတဲ့သူ ဆက်ရှိနေမယ်ဆိုတဲ့အတွက် အဲ့ဒီတုန်းက မသိစိတ်ထဲက ပျော်နေခဲ့မှုအပေါ် အားတုံ့အားနာဖြစ်ခဲ့ကြောင်း ညီထွေးမှ ကျနော့်ကိုပြန်ပြောပြနေခဲ့။

အဲ့ဒီနောက်ပိုင်း တိုက်ခန်းထဲမှာ သူတစ်ဦးထဲရှိနေတဲ့အချိန်… အခြားအားလပ်တဲ့အချိန်များမှာ သူဝါသနာပါတဲ့ ကဗျာရေးစပ်ခြင်း။ ပန်းချီဆွဲခြင်းပြုလုပ်နေပုံ။ တိုက်ဝန်းတခုထဲမှာနေထိုင်ကြတဲ့ အဘဦးတင်အေးဆီ အင်္ဂလိပ်စာ လေ့ကျင့်သင်ကြားနေတဲ့ သူ့ပုံရိပ်တွေကို ကျနော့် မျက်စေ့ထဲ ပြန်မြင်ယောင်နေမိ။(သူကဗျာရေးဖို့နဲ့ ပန်းချီဆွဲဖို့ စာရွက်များ။ ရောင်စုံခဲတံ။ ဖယောင်းခဲတံ။ ပန်းချီရေဆေးများကို ကျနော်နေထိုင်ရာ ဆေးရုံအဆောင်မှဝန်ထမ်းကို အကူအညီတောင်း တဆင့်မှာပေးပြီး သူ့ဝါသနာကိုကူညီပေးခဲ့ခြင်းအတွက်လည်း ကျေးဇူးတင်ကြောင်း ကျနော့်ကိုပြောဆိုနေခဲ့) … နောက်ပိုင်း အကြောင်းအမျိုးမျိုးသော အခြေအနေတစ်ခုကြောင့် ထောင်တွင်းအုပ်ချုပ်ရေး ပိုမိုတင်းကျပ်လာပြီး တိုက်နဲ့ဆေးရုံ အသွားအလာအပါအဝင် ထောင်တွင်းအခြားစည်းကမ်းပိုင်းများ ပိုမိုတင်းကျပ်လာမှုတို့ကြောင့် ညီထွေးအပါအဝင် ကျောင်းသား/လူငယ် ရှစ်ဦးခန့်မှ ထောင်အာဏာပိုင်ကို ထောင်တွင်းအစာအငတ်ခံဆန္ဒပြခဲ့ပြီး ထောင်ဖက်မှ သက်ဆိုင်ရာအုပ်ချုပ်ရေးအဆင့်ဆင့် လာရောက်ညှိနှိုင်းဖြေရှင်းပေးတော့မှသာ နဂိုမူလနေထိုင်စားသောက်မှုများကို သီးသန့်တိုက်မှာနေထိုင်ရတဲ့ နိုင်ငံရေးအကျဉ်းသားများပြန်လည်ရရှိခဲ့ကြ။

အစာအငတ်ခံဆန္ဒပြစဉ်က ခန္ဓာကိုယ်တွင်း အစာအဟာရနဲ့ ရေဓါတ်ခန်းခြောက်မှုတို့ကြောင့် ကျနော်ရှိရာထောင်ဆေးရုံကို ရောက်ရှိလာချိန်မှာ သူတို့တတွေကို အစွမ်းကုန်ကုသပေးခဲ့ရ။နှစ်ပတ် သုံးပတ်လောက်ကြာအောင် ကုသခဲ့ရ။ အများအားဖြင့် ကျောက်ကပ်ပိုင်းဆိုင်ရာ ချို့ယွင်းပျက်စီးမှုဖြစ်တာတွေ့ရ။ ထောင်အာဏာပိုင်များဖက်ကလည်း လိုအပ်တဲ့ ဆေးဝါးကုသမှုရအောင်ပြုလုပ်ပေး။ ဒါပေမဲ့ ထောင်အုပ်ချုပ်ရေးစည်းမျဉ်းစည်းကမ်းအတိုင်း ထောင်တွင်းဆန္ဒပြမှုကြောင့် ပါဝင်ပက်သက်သူတွေကို တောင်ငူထောင်မှတဆင့် အခြားဝေးလံတဲ့ နယ်အစွန်းအဖျားထောင်ကို ပြောင်းရွှေ့တဲ့အခါ တောင်ကြီးထောင်ကို ရောက်သွားကြောင်းသိခဲ့ရ။

အဲ့ဒီနောက်ပိုင်း ထောင်တခုစီဖြစ်နေလို့ မဆုံဖြစ်ခဲ့ပေမဲ့ ၂၀၁၂ ခုနှစ်နောက်ပိုင်းမှာ အားလုံးပြန်ရောက်လာကြလို့ တွေ့ဆုံဖြစ်ခဲ့ကြ။ တောင်ငူထောင်မှာနေစဉ်က ကဗျာလက်စွမ်း သွေးနေတဲ့ သူ (ညီထွေး)ဟာ” နှင်း ” ကဗျာတွေ စီးရီးလိုက်ရေးဖြစ်ကြောင်း ကျနော့်ကိုပြန်ပြောပြပြီး ကားပေါ်မှာတင် ကျနော့်ကိုပေးဖတ်ဖြစ်ခဲ့လို့ ခရီးသွားနေရင်း ဖတ်ဖြစ်ခဲ့။ အဲ့ဒီကဗျာတွေအားလုံးထဲကမှ နံပါတ် ငါးပုဒ်မြောက် “နှင်း”ကဗျာရဲ့အလယ်အပိုဒ်မှာ ကျနော့်ကို မကြာခဏဆိုသလို ညီထွေးဆိုပြခိုင်းနေတဲ့ “နောက်ဆုံးနာရီ (သို့) နှင်း” ကိုယ်ပိုင်သံစဉ်သီချင်းရဲ့ ခြေဆင်းအပိုဒ်ကို ဖော်ပြပြီး အဲ့ဒီခံစားချက်အပေါ် ဖွဲ့ဆိုထားတာကိုတွေ့ခဲ့ရ။ တောင်ငူထောင်မှ တောင်ကြီးထောင်ကို ပြောင်းရွှေ့ခံရပြီးနောက်ပိုင်း တောင်ကြီးရဲ့ချမ်းအေးလှတဲ့ နှင်းစက်များအပေါ်ခံစားပြီး ကျနော့်သီချင်းလေးကိုပါ ထပ်ဆင့် ခံစားပြီးရေးဖွဲ့ခဲ့ကြောင်း ညီထွေးမှရှင်းပြခဲ့။


မနက်စာကို ဧရာဝတီတံတားအကူးနားရှိ စားသောက်ဆိုင်တခုမှာ အားလုံးဆင်းကြပြီး အညောင်းအညာဆန့်ဖြေရင်း နံနက်စာ သုံးဆောင်ကြ။ ဆိုင်မှ ကားပြန်ထွက်ပြီး ၁၅ မီနစ်ခန့်အကြာမှာ ကျနော်တို့ခရီးသွားအုပ်စုထဲမှ Documentary ရိုက်ကူးသူ ညီမလေး နိုရာ ရဲ့ပိုက်ဆံအိတ်နဲ့ ဖုန်းကို စားသောက်ဆိုင်မှာ မေ့ကျန်ခဲ့လို့ ကားကိုပြန်ကွေ့ပြီးသွားယူပေမဲ့ နောက်နားကဝိုင်းတဝိုင်းမှ လာစားသူတွေထဲက တစ်ယာက်ယောက်ယူသွားတာကို ဆိုင်ရှိ CCTV မှတ်တမ်းထဲမှာ တွေ့ခဲ့ရ။ ယူသွားတဲ့သူပါတဲ့အုပ်စုကလည်း ကျနော်တို့ပြန်မလာခင်လေးတင် ထွက်သွားဟုသိရ။ အားလုံးက ပါသွားတဲ့ ပိုက်ဆံအိတ်နဲ့ ဖုန်းအတွက် နိုရာ့ အပေါ်စိတ်မကောင်းဖြစ်ကြပေမဲ့ ကာယကံရှင်ဖြစ်သူ နိုရာက ဒီလိုပါပဲ ခရီးသွားတိုင်း ပိုက်ဆံအိတ်နဲ့ ဖုန်းကအမြဲလိုလို မေ့ကျန်ပျောက်တတ်တယ်။ မပျောက်တာဆိုလို့ သူ့လက်ထဲမှာကိုင်ထားတဲ့ ကင်မရာနဲ့ သူ ပဲရှိတာလို့လည်းပြောရော အားလုံးကပွဲကျသွားပြီး အင်္ဂပူသို့ခရီးဆက်ခဲ့ကြ…။ လမ်းမှာ ကျနော်နားထောင်နေတဲ့ဖုန်း Handset သီချင်းထဲက လေးဖြူရဲ့ သီချင်းတစ်ပုဒ်ကို ညီထွေးအား နားထောင်ရန် နားကြပ်ပေးပြီးနားထောင်စေခဲ့…

” – ဘာဖြစ်ဖြစ်ကွယ် ဘဝဟာတန်ဖိုးရှိတယ်။နေဖြစ်သလောက်တော့ လောကကြီးထဲ နေဖို့သင့်တယ်။
သေပစ်လိုက်မယ် ဘာထူးသေလဲ။ ဒီလိုမင်းမတွေးနဲ့ မစဉ်းစားနဲ့ သူငယ်ချင်းရယ်။
– ဘယ်နေ့မှန်းလဲ ဘယ်သူမှမသိတယ် လူတိုင်းတစ်နေ့တော့ လမ်းခွဲရမယ် မထူးဆန်းတယ်။
တကယ်တမ်းတွေးရင် ဘဝဟာ အကုန်အမြတ်ကြီးပဲ။ တစ်စက္ကန့်မှ မင်းမရှုံးဘူး နေပျော်ပါတယ်။
(*** အမှောင်ထဲနေဖို့  အလင်းရှိမယ် ဘဝအမောပြေဖို့ အားပေးမယ် လူသားဆန်တဲ့နှလုံသားရယ် မေတ္တာရှိမယ်။
အမှောင်ထဲနေဖို့ အလင်းရှိမယ် ဘဝအမောပြေဖို့ အားပေးမယ်
သံယောဇဉ်ရဲ့အနွေးဓါတ်နဲ့ မေတ္တာတရားရှိတယ်။)
– ငါတို့မရှိတဲ့ တချိန်ကျတော့ရင် ကမ္ဘာကြီးကတော့ မပြောင်းလဲဘူးကွယ်
အရင်အတိုင်းပဲ။
– လူသစ်များနဲ့ အသက်ရှင်လည်ပတ်လိမ့်မယ် မျှော်လင့်ချက်ကလေး အသစ်တွေအမြဲဆက်ရင်း အိပ်မက်လိမ့်မယ်။ (***)
– ဘာဖြစ်ဖြစ်ကွယ် ဘဝဟာတန်ဖိုးရှိတယ်။

သီချင်းပြီးဆုံးလို့ ကျနော့်ကို နားကြပ်ပြန်ပေးရင်း”အကိုရေ…ဒီသီချင်းလေးက ကျနော့်အတွက် အားအင်ဖြစ်စေတယ်ဗျာ… ကျနော့်ကို ပြန်လည်မျှဝေခံစားပေးတဲ့အတွက် ကျေးဇူးပါအကို… အကို စိတ်ချပါ… ဘဝကိုတန်ဖိုးရှိရှိနဲ့ ကျနော်မြတ်နိုးတဲ့ အနုပညာနဲ့ ကျနော့်ရဲ့ပတ်ဝန်းကျင်ကို အကောင်းဆုံးဖြစ်အောင် ကြိုးစားနေထိုင်သွားပါ့မယ်။ကျနော့်ရဲ့ရှေ့မှာ အကို့လို ခင်မင်လေးစားရတဲ့အကိုတစ်ယောက်ရှိနေပြီး အမြဲတမ်းလမ်းပြခေါ်ဆောင်ပေးခဲ့တာ ကျနော့်အတွက် အားအင်တွေဖြစ်စေပါတယ် ” ဟုပြောခဲ့…

အင်္ဂပူ မယ်ဇလီကုန်းရောက်ပြီး ဗိုလ်အောင်ကျော်ရာပြည့်ကျင်းပပြုလုပ်ရာရွာမှာ PEN Myanmarနဲ့အဖွဲ့နဲ့အတူ ” မသီတာ(စမ်းချောင်း)ရေးထားတဲ့ “စုပေါင်းအိပ်မက်မက်ကြစို့” ကဗျာကို အားလုံးပါဝင်ရွတ်ဆိုတင်ဆက်ခဲ့ကြ……

မဲဇလီကုန်းမှာတညတာအိပ်စပ် အနားယူရပ်နားပြီး နောက်တနေ့ နေ့လည်လောက် ရန်ကုန်ပြန်စဉ်လမ်းတလျှောက် ကားပေါ်မှာ ပါလာသူအားလုံးအလှည့်ကျ ရသစာတမ်းတွေကို ဖတ်ပြသူက ဖတ်ပြ။ ကဗျာရွတ်သူတွေက ကဗျာရွတ်ကြစဉ် ညီထွေးအလှည့်ရောက်တော့ သူ့ရဲ့ ” နှင်း” ကဗျာရှည်စီးရီးတွဲ ကိုးပုဒ်တွေအထဲက ငါးပုဒ်မြောက် “နှင်း” ကဗျာကိုရွတ်ဆိုရင်း ကျနော့်ရဲ့ “နောက်ဆုံးနာရီ (သို့)နှင်း ” သီချင်းကိုပါသီဆိုစေခဲ့…


ညီထွေး@စန်းဇော်ထွေး San Zaw Htway ရေ… အခုဆိုရင်… လွန်ခဲ့တဲ့ ၂ နှစ်ဗိုလ်အောင်ကျော်မွေးဖွားရွာ အင်္ဂပူမြို့နယ် မယ်ဇလီကုန်းကျေးရွာကအပြန် PEN Myanmar အဖွဲ့သားတွေနဲ့အတူ မင်းရဲ့ နှင်းကဗျာလေးကိုရွတ်ဆိုစဉ်မှာ လျှပ်တပြတ်ရိုက်ထားခဲ့တဲ့ ညီမလေးနိုရာ@Khin Thathtar Latt ရဲ့မှတ်တမ်းလေးကိုလည်း မင်းကွယ်လွန်ခြင်း တလပြည့်နေ့လေးမှာ အမှတ်တရလွမ်းဆွတ်စွာဖြင့် ပြသနိုင်ခဲ့ပါတယ်…မင်းကြိုက်ပါတယ် ဆိုတဲ့ ကိုလေးဖြူ သီချင်းထဲကလိုပေါ့…
” ဘာဖြစ်ဖြစ်ကွယ်…ဘဝဟာ တန်ဖိုးရှိတယ်”

(ဗိုလ်အောင်ကျော်ရာပြည့်ပွဲ သွားနေစဉ် ကားပေါ်မှာ Handset ထဲကသီချင်းလေးတွေနားထောင်ရင်း လေးဖြူ ရဲ့ ဘာဖြစ်ဖြစ်ကွယ် သီချင်းလေးကိုနားထောင်မိရင်း အတွေးများစွာဖြင့်။) 26/2/2016 .11am နေ့က ခံစားချက်ကို ညီထွေး@စန်းဇော်ထွေး ကွယ်လွန်ပြီး နှစ်လအကြာတွင် ပြန်လည်ဖြစ်ပေါ်လာသော ခံစားမှုစာစု…

အစဉ်အမြဲ မေတ္တာဖြင့်
ကိုမြတ်စံ
26/2/2018( 11:26pm)

Credit Photo-Yan Naung; BoBo Htoon;Anaw Mar…


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts