အီကြာအော် ● ဖွတ်ကလေး၊ ခီကြာအော်နှင့် ခက်သေးရွာမှ အကယ်ဒမီဆုပေးပွဲကြီး

အီကြာအော် ● ဖွတ်ကလေး၊ ခီကြာအော်နှင့် ခက်သေးရွာမှ အကယ်ဒမီဆုပေးပွဲကြီး
(မိုးမခ) မတ်လ ၂၇၊ ၂၀၁၈

ခက်သေးရွာကြီးတရွာလုံး အကယ်ဒမီဆုပေးပွဲကြီးကြောင့် ကလေးကအစ ခွေးကအစ ဖွဘုတ်နှင့် တီဗွီရှေ့တွင် အလုပ်များ နေကြလေသည်။

ဒီနှစ် အကယ်ဒမီဆုပေးပွဲကြီးကား ခက်သေးရွာအတိုင်ပင်ခံကြီးအမေပုက မိန့်ခွန်းပြောသည်ကြောင့် ခက်သေးရွာသားအများ ခါတိုင်းနှစ်ထက် ပိုပြီးစိတ်ဝင်စားကြလေသည်။

“ဟေ့ကောင် ဖွတ်ကလေး ဒီနှစ် ဘယ်သူတွေ အကယ်ဒမီရသလည်းကွ”

အီကြာအော်က သိချင်ဇောဖြင့် ခက်သေးရွာလယ်ကောင်တွင် ဖုန်းပွတ်ကာ လိုက်ဗ်ကြည့်နေသော ဖွတ်ကလေးကို မေးလိုက် လေသည်။

“ဆရာအော်က ဒီနှစ်မှာ ထူးထူးခြားခြားပါလား…၊ ခါတိုင်းနှစ်ဆို အကယ်ဒမီပွဲပြောရင် ဆရာအော်က စိတ်တောင်ဝင်စားတာ မဟုတ်ဘူး”

“အေးလေကွာ…၊ ငါက အတင်းကလိထိုးတဲ့ကားတွေဆို ကြိုက်တာမဟုတ်ဘူး..၊ ဒီနှစ်တော့ အမေပုတက်တဲ့ပွဲမို့လို့ပေါ့ကွ”

“ဆရာအော်ကလည်းဗျာ..၊ ဘယ်သူတွေက ဆရာအော့်ကို ကလိထိုးနေလို့လဲ”

“တင်စားပြီး ပြောတာပေါ့ကွ…..၊ အတင်းကြီးကို ရီခိုင်းတဲ့ပေါကားတွေမို့ မကြည့်ဖြစ်တာတောင် ကြာပြီ…”

“ပေါကားလို့မပြောနဲ့ ဆရာအော်ရဲ့ …ရှော့ရှိတယ်”

“မင်းတောင် ပြောတုန်းကပြောသေးတယ်..၊  ခက်သေးရုပ်ရှင်လောကက ပေါလီးဝုဒ်ဆို..၊ မင်းပဲ မနေနိုင် မထိုင်နိုင်.. ပေါ ကားပြောလိုက် အားပေးလိုက်”

“ဆရာအော်ကလည်း…၊ ပေါတော့ပေါတာပေါ့…၊ ဒါပေမယ့် မပေါဘူး… မင်းသမီးသစ်လေးတွေက ကိတ်တယ်ဗျ..”

“အေးကွာ…၊တို့ခက်သေးရွာမှာကလည်း စီးပွားရေးက မချောင်လည်တော့ ပေါချောင်ကောင်းလေးတွေ ရိုက်ရတာပေါ့…၊ဖွတ် ကလိဒေါ်လာကလည်း ရှာရအတော်ခက်သကိုး…၊ ဒါနဲ့ စကားပြတ်သွားလို့…၊ ဒါရိုက်တာဆုက ဘယ်သူ ရသွားသလည်း”

“ဒါရိုက်တာဇင်ယော်ပြောင်ပြောင် ရသွားတယ် ဆရာအော်ရဲ့..”

“အေးလေကွာ..၊ တို့ခက်သေးရွာကလည်း တခါလာ မဲပြာပုဆိုး ဖြစ်နေတယ်…၊ ရှိတဲ့ရွာသားတွေပဲ လှည့်ပတ်ပေးနေရတာ ကိုး”

“ဆရာအော်ပြောတာ ဟုတ်မယ်..၊ ဒါရိုက်တာကြီးက သူဟာရွာသားပါလို့ ကြေညာသွားသေးတယ်..”

”ဒါများ ကြေညာစရာ လိုလို့လားကွာ…၊ ရွာသားဆိုတာ ဇင်ယော်ကြီးပြောတဲ့စကားသံကြည့်ရင် သိတာပေါ့ကွ”

“ဒါနဲ့…၊ မဲပြာပုဆိုးဆိုတာ ဘာကြီးလည်း ဆရာအော်ရဲ့ အဲဒါဝတ်တာတော့ မတွေ့ဘူးဆရာအော်ရေ….၊ မဲပြာရောင် ထမီရင် လျားဝတ်ထားတဲ့ အလန်းဇယားလေးတွေတော့ တွေ့လိုက်တယ်..”

“မင်းက ဒါမျိုးအခန်းတွေပဲ လိုက်ငန်းနေတာကိုး….၊ ဇင်ယော်ကြီးက သူရိုက်တဲ့ သင်္ကြန်ပိုးဇာတ်ကားတော့ကောင်းသား”

“ဆရာအော်ရော ခီမောင်နှံရဲ့ ဥပါယ်တမျှင်နှစ်မျှဉ်နဲ့ မုဒိတာခေါ်သံဆိုတဲ့ ရုပ်ရှင်ကားတွေ ကြည့်ပြီးပြီလား”

“မင်းကလည်းကွာ ဥပါယ်တံမျဉ် နဲ့ မုဒြာခေါ်သံ ပြောပါကွာ….၊ ဖွဘုတ်မှာ တော်တော်လေး နာမည်ကြီးနေတယ်…၊ အေး….. မင်းပြောတာလည်း မဆိုးပေဘူး၊ ခက်သေးရွာသားတွေ မုဒိတာပွားအောင် ခေါ်ရင်တော့ကောင်းမယ်..၊ တို့ ရွာသားတွေ ကလည်း မနာလိုစိတ်က အရမ်းများတယ်လို့ အမေပုတောင်ပြောသွားသေးရဲ့ ”

“ခီတွေကလည်း တော်တော်ကိုခေတ်စားနေပါလား ဆရာအော်ရဲ့ ”

“အေးကွ ခီလင်းတို့၊ ခီလင်းဆာဒေါ်တို့တောင် ပေါ်လာမှကိုး…”

ထိုစဉ်တွင် ခက်သေးရွာလယ်ကောင်တွင် နှပ်ချေးတွဲလောင်းဖြင့် ကစားနေသော ကြွက်နီတို့ ကလေးတသိုက် ထွက်လာလေ သည်။ ကြွက်နီက စာတမ်းတခုကိုကိုင်ပြီး ခက်သေးကလေးအုပ်ကြီးကို ဦးဆောင်လာလေသည်။

စာတမ်းပေါ်တွင် “ပေါလိဝုဒ်မှ ပေါကားများ ရပ်စ်၊ ပေါကားများရပ်စ်” ပုံ ကြွက်ခီ” ဟု ရေးထားလေသည်။

“ဟိုက် ပေါဘားစ်၊ ကြွက်နီကများကွာ သူ့ကိုယ်သူ ကြွက်ခီတဲ့..၊ ခက်သေးရွာမှာ ငါတို့လည်း ခေတ်မှီသွားအောင် ခီကြစို့”

အီကြာအော်က စာရေးဆရာကြီးအီကြာကွေး၏ “ဟိုက်ရှားဘား” ကိုကော်ပီလုပ်ပြီး “ဟိုက်ပေါဘားစ်” ဟု အာမေဋိတ် လိုက်ခြင်း ဖြစ်သည်။ ခက်သေးရွာသားပီပီ အီကြာအော်လည်း ကော်ပီလုပ်တာ ဝါသနာအလွန်ကြီးသည်။

“ဆရာအော်က “ခီတော်မှာ” “ခါတော်မှီ” လုပ်ပြီး “ခီကြာအော်” လုပ်တော့မယ်ပေါ့…”

အီကြာအော်ငယ်ငယ်က ရုပ်ရှင်မင်းသားဖြစ်ချင်လွန်းသောကြောင့် အိုက်တင်အမျိုးမျိုးထုတ်ကာ နေပူမရွေး၊ မိုးရွာမရှောင် ခက်သေးရွာလယ်တွင် နေကာမျက်မှန်အမည်းကြီးတပ်ပြီး စတိုင်ထုတ်ခဲ့ဘူးသည်။ ခက်သေးရုပ်ရှင်မင်းသားကြီး ကျော် ဟင်းကို သဘောကျလွန်းသဖြင့် ခေါင်းလောင်းဘောင်းဘီဖင်ကျပ်ဝတ်သည်တွင် ခက်သေးရွာလယ်ကောင် ခွေးများက တ အူအူနှင့် အားပေးကြသဖြင့် ထွက်ပြေးခဲ့ရဘူးလေသည်။

ထိုစဉ်က ကိုကျော်ကို အားပေးလွန်ပြီး “အီကြာအော်” တောင် “အီကြာကျော်” လုပ်ခဲ့သေးသည် မဟုတ်ပါလား။

“မင်းပြာတဲ့ “ခီကြာအော်” လည်းဆိုးတော့ မဆိုးဘူး…၊ ငါတို့ခေတ်တုန်းကဆိုရင် ငါကရွာမှာ “အီကြာကျော်” ဆိုပြီး ငါက နာ မည်ကြီးခဲ့သေးသကွ”

ကြွားဝါတတ်သော ခက်သေးရွာသားပြီပြီ အီကြာအော်က ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်လေသည်။

“ဆရာအော်က “အီကြာကျော်” ဆိုတော့ “အီကြာကွေးကျော်” နဲ့ ဘယ်လိုများခွဲကြသလည်း”

“ဖွတ်ကလေးတော့ကွာ…..၊ မင်းတော့ ….သေချင်ပြီထင်တယ်…၊ လူကြီးကို မလေးမစားနဲ့”

စကားမနိုင်လျှင် “လူကြီး” ဆိုသည့်စကားနှင့် ကိုင်ပေါက်တတ်သော ခက်သေးရွာကြီး၏ထုံးကို နှလုံးမူပြီး အီကြာအော်က ဖွတ်ကလေးကို အပေါ်စီးမှ ဟောက်လိုက်သည်။

“ငါသာ ဒါရိုက်တာလုပ်ရရင် ဟိုခိုနီတို့အကြောင်းကို “ခို၍ ခီ၍မရသော မျက်နှာ” ဆိုပြီး ဓာတ်ရှင်ကား တကားတော့ ရိုက် လိုက်ချင်တယ်…၊ ငါတို့ငယ်ငယ်က “ငို၍ ရီ၍ မရသောမျက်နှာ” ဆိုတဲ့ ဓာတ်ရှင်က နာမည်အတော်ကြီးခဲ့တာကွ”

ထိုစဉ်အခါတွင် ဘယ်အချိန်က နားထောင်နေမှန်းမသိသော ဒေါ်အွန်မေးက ဝင်ရောက်လာပြီး …

“ကိုအော်ရေ…..၊ တော်လည်း “သူများရီဖို့ ကိုယ်ငိုမယ်” ရုပ်ရှင်လိုပဲ အိမ်မှာဆန်မရှိတော့လို့ “သူများခီလို့ ကိုယ်ငိုမယ်” ဖြစ် နေဦးမယ်…၊ “ကိုခိုခီ့” အဲလေ ရှင်တို့ “ခီ” တာနဲ့ ကျုပ်ပါ “ခီ” သွားတယ်…၊ ကိုခိုနီ့ဆိုင်မှာ ထုံးစံအတိုင်း ဆန်အကြွေး သွားဝယ်လိုက်ပါဦး…”

ဤသို့ဆိုလျှင် ခီကြာအော်လည်း တတ်သည့်ပညာမနေသာသကဲ့သို့ အကြွေးဝယ်နေကျ ကိုခိုနီဆူပါမားကက်သို့ ပြေးရလေ သည်။

ကြွက်ခီတို့ ကလေးတသိုက်ကား ခက်သေးရွာလယ်ကောင်တွင် နှပ်ချေးတွဲလောင်းဖြင့် တခီခီ့ဖြင့် ခီနေကြဆဲ “ပေါလီဝုဒ်က ပေါကားများ … ရပ်စ်ပေါကားများရပ်စ် … ခီတို့ကို ဝန်းရံကြ”

ကြွက်ခီတို့ကို ငေးရင်းလမ်းလျှောက်လာသော အီကြာအော်တယောက် ခလုတ်တိုက်ရင်း ယောင်လိုက်မိသည်။

“ဟိုက် ပေါဘားစ်”

သဗ္ဗေသတ္တာ ကမ္မသကာ
အီကြာအော်

သရုပ်ဖော်ကာတွန်း – ဘီရုမာ