ကဗျာ

ညီလင်းနိုင် – “စိတ်ခတ်ကျောက် ၁၈”

ညီလင်းနိုင် – “စိတ်ခတ်ကျောက် ၁၈”
(မိုးမခ) မတ် ၂၄၊ ၂၀၁၈
တခြားတစ်ဘက်မှာ တပ်ခ်ျမဟာရှိနိုးနဲ့ နံရံကိုတဂျစ်ဂျစ်ကုတ်ခြစ်နေတဲ့အသံကို
စိတ်မမှန်တော့တဲ့ အိန္ဒိယနိုင်ငံသားအဖိုးကြီးဆီကကြားရတယ်။

အခုနေများ ကုလအတွင်းရေးမှူးချုပ်ဦးသန့် သက်ရှိထင်ရှားရှိနေသေးရင်
အနည်းဆုံးတော့ ကျွန်တော်တို့အဝတ်အစားတွေ အပိုယူခွင့်ရှိမှာ
အခုတော့ ကိုယ်လုံးတီးရေချိုးပြီး ဒီအဝတ်ပဲပြန်ဝတ်နေရလို့ လူလည်းဝဲစွဲနေပြီဆိုတဲ့အသံကို
ပဲခူးမြို့သားလေး သန့်ဇော်ဦးဆီကကြားရတယ်။

နောက်ဘဝရောက်ရင် ငုရင်ဗန်ထရွိင်းနဲ့ဆုံနိုင်မယ်ထင်လို့
ခေါင်မိုးပေါ်တက်ပြီးခုန်ချလိုက်တဲ့အသံကို ဗီယက်နမ်ကောင်လေးဆီကကြားရတယ်။

ထိုင်းမှာဆို ဒီလိုမဆိုးဘူး အခုက ၅ ရက်လောက်ရေမလာတော့ အကုန်သွားပြီပေါ့
အိမ်သာအပုပ်နံ့ကတစ်မျိုး အာခေါင်ခြောက်လို့ထွေးထားကြတဲ့တံတွေးအပုပ်နံ့ကတစ်မျိုး
ဘယ်သွားရမလဲမသိ အကုန်လုံးသေမှ အေးတော့မှာပေါ့ဆိုတဲ့အသံကို
မော်လမြိုင်မြို့သားလေး နိုင်ဝင်းထွန်းဆီကကြားရတယ်။

အူအတက်ရောင်ပြီး တစ်ကိုယ်လုံးပြာနှမ်းနေတဲ့အချိန်
သူ့ကိုကျောပိုးပြီးဆေးရုံလိုက်ပို့ခဲ့တာကို မမေ့ဘူးထင်ပါရဲ့
သူမသေခင် ၆ မိနစ်ခန့်အလိုမှာ ပြောဖြစ်အောင်ပြောသွားတဲ့
တက်ရီးမားကားစေးဆိုတဲ့အသံကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသားဆီကကြားရတယ်။

မလေးရှားဆိုတာ ဗဟာဒူးတို့ခေတ်က ဘောလုံးကွင်းထဲမှာ ငါတို့မြန်မာတွေဂိုးပြတ်သွင်းနေကျ
အခုတော့ ငါတို့မြန်မာတွေကို ဘဝထဲအထိပါသူတို့က ဂိုးပြတ်သွင်းနေပြီဆိုတဲ့အသံကို
အသက် ၆၀ နားနီးနေတဲ့ မန္တလေးသား ဦးတိုက်စိုးဆီကကြားရတယ်။

ဆိုဗီယက်မပြိုကွဲခဲ့ဘူးဆိုရင် လက်ထိပ်ကိုလက်သီးမှာစွပ်ပြီး
ငါ့ကိုမေ့လဲသွားအာင်အထိ ဒီကောင်တွေထိုးရဲမှာမဟုတ်ဘူးဆိုတဲ့အသံကို
မျက်နှာတစ်ခုလုံးဖူးရောင်နေတဲ့ ကာဇက်စတန်နိုင်ငံသားဆီကကြားရတယ်။

ဘိတ်သားကခင်ရင် ဘိတ်သားကိုလည်းတဖန်ပြန်ခင်ရမယ်ဆိုပြီး
အမြဲနောက်ပြောင်လေ့ရှိတဲ့အသံကို
အေကိုက်လို့အရိုးပဲကျန်တော့တဲ့ မြိတ်သားလေးဆီကကြားရတယ်။

အာဖရိကသားတွေထဲမှာ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုရတာ ဂျော့ခ်ျဂျီဝဲလ်
ဒီတစ်ခုတည်းနဲ့တင် လူခြောက်သိန်းကျော်သေခဲ့ရတဲ့ပြည်တွင်းစစ်ကိုမေ့ထားပြီး
ငါ ဂုဏ်ယူနိုင်ခဲ့တယ်ဆိုတဲ့အသံကို
အိမ်နဲ့အဆက်အသွယ်မရသေးလို့ ထိန်းသိမ်းရေးစခန်းမှာ ၂ နှစ်ကျော်ကြာနေတဲ့
လိုက်ဘေးရီးယားနိုင်ငံသားဆီကကြားရတယ်။

ထူးအိမ်သင်ရဲ့ မေမေချစ်တဲ့သားကြီး သီချင်းကိုဆိုမိတိုင်း
ငါ မျက်ရည်မထိန်းနိုင်ဘူးညီလေးရာ ဆိုတဲ့အသံကို
ရွှေဘိုသား ကိုအောင်မိုးဆီကကြားရတယ်။

ဖျားနာလို့ဆေးသွားတောင်းတဲ့အခါ ဖျားရင်ရေချိုးဆိုတဲ့အသံကို
တာဝန်ကျနေတဲ့ အင်မီဂရေးရှင်းအစောင့်တွေဆီကကြားရတယ်။

ဒါဘဝပေါ့ကွာ ငါထောင်ကျနေတုန်း ငါ့မိန်းမနောက်လင်ယူသွားတာဘာဆန်းလဲဆိုတဲ့အသံကို
မျက်ရည်ခိုင်ပုံရတဲ့ စစ်တွေမြို့သား ခိုင်မြတ်ကျော်ဆီကကြားရတယ်။

မလေးရှားမှာ ငါတို့နိုင်ငံသား ပြည့်တန်ဆာတွေအရမ်းများလာတာ
အန်ကောဝပ်ကို အားနာဖို့ကောင်းတယ်ဆိုတဲ့အသံကို
ကမ္ဘောဒီးယားနိုင်ငံသားဆီကကြားရတယ်။

အိမ်ကိုငွေလွှဲချင်လို့ ကိုတာရာယာကိုသွားတာ
ပက်စပို့ ဘယ်နားကျပျောက်သွားမှန်းမသိလို့ အဖမ်းခံရတယ်
အသိပြည့်ဖို့အတွက် သတိဖြည့်နေရတယ်ပဲသဘောထားပါတယ်ဆိုတဲ့အသံကို
မြင်းခြံမြို့သား ကျောင်းဆရာလေးဆီကကြားရတယ်။

ငါ့အစ်ကိုက မင်းတို့မြန်မာမလေးကိုယူထားတာ
မြန်မာတွေအရမ်းသဘောကောင်းတယ်လို့ပြောပြီး မြန်မာမြင်တိုင်းအမျိုးလိုက်စပ်နေတဲ့အသံကို
အရပ်ပုပုနဲ့ ခတ်မန္ဒူမြို့သား နီပေါကောင်လေးဆီကကြားရတယ်။

ကာဂျန်းထောင်ထဲကညီအစ်ကိုသုံးယောက်က သံရုံးမီးရှို့တာ ဘာအကျိုးရှိလို့လဲ
ကျွန်တော်ကတော့ ဟောဒီ Lenggeng Camp ကြီးကိုမီးရှို့ပစ်ချင်တာဆိုတဲ့အသံကို
နံရိုးအပြိုင်းပြိုင်းနဲ့ ခါးကိုင်းနေတဲ့ တောင်ငူသားလေးဆီကကြားရတယ်။

ဘွေးနော့စ်ဒီးယက်စ်ကို အသံထွက်မှန်အောင်ပြောရင် ဂရာဆီးယက်စ်ကို ထပ်သင်ပေးမယ်
လောလောဆယ်ငါဖျားနေလို့ ဆေးတစ်လုံးလောက်တောင်းပေးပါဆိုတဲ့အသံကို
ကိုလံဘီယာနိုင်ငံသားဆီကကြားရတယ်။

ဘယ်ဘာဝင်ဖြစ်ဖြစ် စိတ်ကောင်းရှိမှ ဘုရားချစ်တာကွ ဆိုတဲ့အသံကို
အစ္စလာမ်ဘာသာဝင် မိတ္ထီလာမြို့သား အဘိုင်ကြီးဆီကကြားရတယ်။

ကိုယ့်ဘာသာဝင်အချင်းချင်း နှုတ်ခမ်းကွဲအောင်အထိမထိုးသင့်ပါဘူးလို့ငါပြောတော့
အင်မီဂရေးရှင်းတွေက ငါ့ရင်ဘတ်ကို ထပ် ထိုးကြတော့တာပဲဆိုတဲ့အသံကို
ရင်ဘတ်တစ်ခုလုံးအညိုအမဲစွဲနေတဲ့ ပါလက်စတိုင်းနိုင်ငံသားဆီကကြားရတယ်။

ဒီကောင်တွေက ငါတို့နာမည်ခေါ်တာကျတော့အသံမပီဘဲနဲ့
သူတို့လက်ယားတိုင်း အလကားရိုက်နေတော့တာပဲဆိုတဲ့အသံကို
ချင်းတိုင်းရင်းသားလေး ထျန်ဖရဲ့ဆီကကြားရတယ်။

ဒီ အီဂျစ်ကောင်က ငါ့ထမင်းခွဲတမ်းကိုယူစားသွားတာ ကြက်ဥတစ်လုံးတည်းဆိုလည်းငါ့ခွဲတမ်းပဲ
အခု အဲဒီပြဿနာကို မင်းဖြေရှင်းပေးဆိုတဲ့အသံကို
အီရတ်နိုင်ငံသား အက်ဇမီးဆီကကြားရတယ်။

ငါးခြောက်က လက်သန်းလောက်ရှိတာကို ငန်လိုက်တာမှ ဆားကဘုရားခေါ်ရမယ်ဆိုတဲ့အသံကို
နာဂတိုင်းရင်းသားလေး ကျော်ဦးဆီကကြားရတယ်။

ပတ်စပို့ရှိနေလည်း အလုပ်နေရာမှားတယ်ဆိုပြီးထောင်ချလိုက်တာပဲ
ပက်ကွီယိုလက်သီးခဏငှားပြီး အေးဂျင့်တွေကိုသေအောင်ထိုးပစ်လိုက်ချင်တယ်ဆိုတဲ့အသံကို
ဒဗာအိုမြို့သား ဖိလစ်ပိုင်ကောင်လေးဆီကကြားရတယ်။

ဒီအဆောင်သေးသေးထဲမှာတောင် ငါတို့နေ့တိုင်းရန်ဖြစ်နေကြတာ
မြန်မာပြည်ကြီးငြိမ်းချမ်းရေးရဖို့ကိစ္စ ဘယ်ကနေ စ ရမလဲမသိပါဘူးဆိုတဲ့အသံကို
နမ့်ခမ်းမြို့သား ရှမ်းတိုင်းရင်းသားလေးဆီကကြားရတယ်။

ငါ့ လက်ပ်တော့ပ်ထဲမှာ ပွန်းဗွီဒီယိုဖိုင်တွေသိမ်းထားတာတွေ့လို့ အဖမ်းခံရတာ
ငါတို့နိုင်ငံမှာဆို အမျိုးသမီးက အမျိုးသားကိုမုဒိမ်းကျင့်တာတောင်ဘာမှမဆန်းဘူးဆိုတဲ့အသံကို
တောင်အာဖရိကနိုင်ငံသားဆီကကြားရတယ်။

ကျွန်တော်တို့ဆီမှာ ဘိန်းရှုရတာကမှတကယ့်အစစ်အဖြူရောင်ကို အမှန်အကန်ရှုရတာ
အခု ဒီမလေးရှားကဘိန်းတွေက ပန်းရောင်တွေ ချောကလက်ရောင်တွေ
ဘာတွေမှန်းမသိ ရှုပ်နေတာပဲဆိုတဲ့အသံကို ကချင်တိုင်းရင်းသားလေးဆီကကြားရတယ်။

မွေ့ယာမရှိ အခင်းမရှိ စောင်မရှိ ခေါင်းအုံးမရှိ စီးစရာဖိနပ်မရှိ အဝတ်အစားအပိုမရှိ
ဒီလိုသာအမြဲတမ်း သမံတလင်းပေါ်အိပ်နေရရင် ကြာရင်ကျန်းမာရေးထိခိုက်မယ်ဆိုတဲ့အသံကို
လက်ဝှေ့ထိုးတတ်တဲ့ ဂါနာနိုင်ငံသားဆီကကြားရတယ်။

ငါတို့နိုင်ငံထက်ဆယ်နှစ်နောက်ကျပြီးမှ လွတ်လပ်ရေးရတဲ့နိုင်ငံမှာ
ငါတို့ခိုးဝင်ပြီးအလုပ်လုပ်လို့အဖမ်းခံရတာလည်း အမှန်တရား
ခေတ်အဆက်ဆက်အာဏာရှင်စနစ်နဲ့ ကမ္ဘာ့အရှည်ကြာဆုံးပြည်တွင်းစစ်ကြောင့်
အခုအချိန်အထိ ငါတို့ဘဝတွေ အောက်ကျပြီးနောက်ကျနေခဲ့ရတာလည်း အမှန်တရား
အဲဒီကြားမှာ မှားနေခဲ့ရတာက ငါတို့ဘဝတွေပေါ့ညီလေးရာဆိုတဲ့အသံကို
ကယားပြည်နယ်က ရှေ့နေကြီးဆီကကြားခဲ့ရတယ်။

ဟိုအင်ဒိုနီးရှားကောင်က တမာခေါက်ဆေးသားအထုပ်နှစ်ဆယ်ကို စအိုထဲထည့်ပြီး
ကာဂျန်းထောင်ထဲသယ်သွားခဲ့တာကို ထောင်ထိန်း UKP တွေမိသွားတယ်
ငါက အထုပ်လေးဆယ်တိတိကိုမျိုချပြီး စွန်ဂိုင်းဗလို့ထောင်ထဲသယ်သွားတာ အေးဆေးပဲ
အထဲရောက်တော့ ဘီစကစ်တွေနဲ့ လဲလှယ်စားတာ စားလို့တောင်မကုန်ဘူးဆိုတဲ့အသံကို
ပြင်သစ်စကားပြောတဲ့ အိုင်ဗရီကို့စ်နိုင်ငံသားဆီကကြားရတယ်။

ကြိမ်ဒဏ် ၃ ချက်ရိုက်ခံထိထားလို့ အခုထိမှောက်အိပ်နေရတုန်း
အရိုက်ခံရတာမနာပါဘူးဗျာ ဖင်ကွဲသွားတာကိုပဲ ရင်နာမဆုံးဘူးဆိုတဲ့အသံကို
အမြဲတမ်းဟာသတွေပြောတတ်တဲ့ မြောက်ဥက္ကလာသားထွန်းမင်းနိုင်ဆီကကြားရတယ်။

မလေးရှားရောက်ခါစမို့ မလေးစကားလည်းမပြောတတ်ကြ
ဘင်္ဂလားတွေနဲ့ရန်ဖြစ်တော့ မလေးလိုပြောတတ်တဲ့ဒီကောင်တွေက
ရဲကိုဘယ်လိုပြောလိုက်လည်းမသိပါဘူး
တရားရုံးတက်ပြီးထောင်ကျတော့မှ ဓားပြမှုမှန်းသိရတယ်ဗျာဆိုတဲ့အသံကို
တစ်ရွာတည်းသား ၉ ယောက်အဖွဲ့ရေနံချောင်းသားတွေဆီကကြားရတယ်။

သြစတေးလျသတင်းထောက်က camp ထဲအထိဝင်လာပြီးရုပ်သံအင်တာဗျူးလုပ်တော့
နိုင်ဂျီးရီးယားနိုင်ငံသား အလီက သူ့အသံကို အလံလိုလွှင့်ပြီးပြောတယ်
“ဒီလို ပုံစံခွက်မျိုးနဲ့ခွေးကိုကျွေးရင် ခွေးတောင်မစားဘူး” တဲ့။

SBS Dateline ချန်နယ်၊ ခေါင်းစဉ်က Welcome to Malaysia
၁၇ မိနစ် ၁၃ စက္ကန့်စာ ဗွီဒီယိုဖိုင်
Youtube မှာတင်ထားတဲ့ အဲဒီဗွီဒီယိုဖိုင်ကြည့်ဖြစ်တိုင်း
အခုအချိန်အထိ အလီ့ကို သတိရနေတုန်း
၁၀ မိနစ် ၂၅ စက္ကန့်ကို မှတ်ဥာဏ်က အလိုလို သိမ်းထားပေးနေတုန်း
သူ့လက်မနဲ့ ထရေးကိုခြစ်ထုတ်လိုက်တော့ ရေညှိဟာ လက်မပေါ်မှာလက်တစ်ဆစ်စာ
ကျွန်တော်တို့အားလုံး နာနာကျင်ကျင်ရယ်မောခဲ့ကြ
ကျွန်တော်တို့အားလုံး ရယ်ရယ်မောမောနာကျင်ခဲ့ကြ
အလီပြောခဲ့တဲ့ ခွေးတောင်မစားတဲ့ အဲဒီပုံစံခွက်နဲ့ စားခဲ့ရတဲ့တစ်နပ်ဟာ
အရင်ရက်တွေကထက် ပိုပြီး ထမင်းဝခဲ့တယ်ဆိုတဲ့ ကျွန်တော့်ရဲ့အသံကို
အလီ့ကို ကြားစေချင်လိုက်တာ။

ညီလင်းနိုင်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts