စာပဒေသာ မြန်မာပြည်တွင်း

မြင့်မြတ်သိင်္ဂီ – အဖြူရောင်ပိတ်ကားထက်ကအလွမ်းရောင်လွင်ပြင်

အဖြူရောင်ပိတ်ကားထက်ကအလွမ်းရောင်လွင်ပြင်
မြင့်မြတ်သိင်္ဂီ
(မိုးမခ) မတ် ၁၅၊ ၂၀၁၈

ရာသီတွေ အလီလီပြောင်းခဲ့ပြီ။ နှစ်တွေလည်း တရွေ့ရွေ့ အိုဟောင်းပြောင်းလဲသွားခဲ့သလို မိမိတို့အရွယ် အသက်သည်လည်း တနေ့ချင်း တရက်ချင်း တလချင်း တနှစ်ချင်းဖြင့် ကြီးရင့်သထက် ကြီးရင့်လို့ လာခဲ့လေပြီ ။

သို့သော် မည်မျှပင်မည်သို့ပြောင်းလဲပါစေ၊ အတိတ်၏ခြေရာတို့နှင့် အရိပ်ပမာဆုံရလေတိုင်း မိမိစိတ်အစဉ်တို့က နုသစ်လန်းဆန်းလာကာ ငယ်ဘဝဆီသို့ စိတ်စေစရာမိသွားတတ်ပြီး လန်းဆန်းပျော်ရွှင်စရာ၊ ကြည်နူး ချမ်းမြေ့ စရာများပြန်လည်ခံစားမိရင်း အဆုံးမှာတော့ လွမ်းရိပ်ဝေရမြဲဖြစ်ကာ နွမ်းလျကျန်ရစ်ရလေသည်။


အထူးသဖြင့် လေးငါးတန်းအရွယ် ဆယ်စုနှစ်မောင်မယ်ကလေးများကို မြင်ရလေတိုင်း မိမိတို့၏ ထိုအရွယ် ထိုဘဝကို ပြန်ပြောင်း သတိရတမ်းတမိရပြီ။

သို့သော် သူတို့ကလေးများ၏ ယခု ခေတ်နေထိုင်လှုပ်ရှားအပြုအမူများက မိမိတို့နှင့် အနည်းငယ်မျှကွာခြားနေခဲ့သည်ကို သတိပြုမိရပြီ။ ယခုအခါ သူတို့ က ဖုန်းထဲက Game တွေကိုသာထိုင်ရာမထစွဲစွဲလမ်း လမ်းကစားတတ်ကြသည်။ သူတို့ငယ်ဘဝနှင့် မိမိတို့ကလေး ဘဝအာရုံကျက်စားမှု ဝင်စားမှုတို့ကမတူကြတော့။ နည်းပညာခေတ်ကြီးကပဲ ခားနားပြောင်းလဲလိုက်ရော့သလားပေါ့။

မိမိတို့ သူတို့အရွယ်လောက်ကမူ ပြေးတမ်းလိုက်တမ်း ကစားကြသည်။ ဇယ်တောက်ကြ၊ ကြိုးခုန်ကြသည်။ တူတူပုန်းကြ၊ ထုတ်စည်းတိုးကြသည်။ ပျော်စရာလွမ်းစရာကောင်းလိုက်ပါဘိတော့။ 

မှတ်မိနေပါသေးသည်။ ထိုစဉ်က အိမ်မှာ ရွယ်တူမတိမ်းမယိမ်း ညီအစ်မတွေက ၄ ယောက်၊ အိမ်ရှေ့အိမ်နှင့် ဘေးအိမ်မှလာကစားသည့် မတိမ်း မယိမ်းသူငယ်ချင်းကောင်လေးကောင်မကလေးတွေက ၃ ယောက်၊ ပေါင်း ၇ ယောက်စုကြကစားကြသည်မှာ တအိမ် လုံးမှောက်မတတ်။
လူကြီးတွေရှိနေလျှင်တော့ ခပ်တည်တည် ငြိမ်ကြသည်။ လူကြီးတွေအပြင်ထွက်၍ ကလေးတွေချည်းကျန်သည်နှင့်
မျောက်ရှုံးအောင် ဆော့ကြတော့သည်။ ထိုအဖွဲ့ထဲမှာ အကြီးဆုံးဖြစ်သည့် မိမိက အကဲဆုံးဖြစ်ခဲ့သည်။


တူတူပုန်းတမ်းကစားကြတော့ သူတကာတွေလို အကွယ်တွေမှာမပုန်း၊ မိန်းကလေးတန်မဲ့ အိမ်ထုပ်တန်းပေါ်
တက်ပုန်းသည်။ ထုပ်တန်းကြီးပေါ်မကြောက်မရွံ့ကားယားမှောက်ရင်း မိမိကိုလိုက်ရှာနေသူကို အပေါ်စီးမှကြည့်လျက် တခွီခွီ သဘောကျနေခဲ့၏။

ထို့ပြင် ထိုစဉ်က အိမ်ခေါင်းရင်းမှာ သရက်ပင်ကြီးတပင်ရှိသည်။ နွေဆိုသရက်ကင်းကလေးတွေ မိုးအစဆို သရက် သီးတွေ ပြွတ်နေအောင်သီးတတ်သည်။ တခါတရံ သရက်သီးတွေကို တံချူနှင့်မခူးဘဲ ထိုသရက်ပင်ကြီး ခွဆုံအထိ လှေကားထောင်တက်ကာ ခွဆုံမှာထိုင်လျက် ဝါးလုံးတချောင်းဖြင့် သရက်သီးများပုတ်ချတတ်သည်။ အမှန်က သရက် သီးခူးချင်သည်ထက် အပင်ပေါ်တက်ချင်၍ ဖြစ်ပါသည်။ သို့သော် အတက်မှာ ဟုတ်တိပတ်တိ ခွဆုံအထိတက်ပြီး ကာမှအဆင်းကျတော့မှ မဆင်းရဲတော့၍ ထိုသရက်ပင်ခွဆုံကြီးမှာ ကြောက်ကြောက်ရွံ့ရွံ့ထိုင်ငိုခဲ့ဖူးသည်ကို အမှတ်ရ သည်။ 

မိုးဦးလေဦး သရက်သီးတွေ ကြွေချိန်ဆို ကိုယ်တိုင်လည်းအပြေးအလွှားသွားကောက်ကြသလို လမ်းကဖြတ်သွားရင်း သရက်သီးကြွေ ကောက် ကြသူများကို မျက်စောင်းတထိုးထိုးရန်စောင်ခဲ့ကြသည်မှာ အခု ပြန်တွေးမိတော့ရယ်စရာကောင်းလှပါသည်။


နေ့လည်နေ့ခင်း လူကြီးတွေမရှိချိန်ဆို ကလေးတသိုက် သရက်သီးတွေကို ခဲတံချွန်ဓားနှင့် လှီးဖြတ် အခွံသင်ကြ ငါးပိစိမ်းတွေနှင့် တို့စားသုတ်စားကြသည်မှာ တပျော်တပါး။ တခါတလေတော့လည်း ထိုသရက်သီးလုရင်း ဆော့ ကစားရင်း ကလေးတသိုက်ရန်ဖြစ်တတ်ကြသေးသည်။

သို့သော် အိမ်ရှေ့အိမ်မှ ဆရာကြီးက တုတ်ကြီးကိုင်၍ အရိပ်ပြအသံပေးလိုက်သည်နှင့် ကိုယ်စီဇက်ကလေးတွေပု ကာ ငြိမ်သွားကြတော့၏။
ထို့နောက်တော့ ချက်ချင်းပင် မျောက်ရှုံးအောင် ဆက်ကစားကြပြန်ပါသည်။ သာမန်ကလေးတွေကစားကြသလို အိုးပုတ်ကလေးတွေဖြင့် ထမင်းဟင်းချက်တမ်းဈေးရောင်းတမ်းလည်း
ကစားကြသည်။ ထိုမျှမက ရိုးရိုးကစားရတာ အားမရကြ။


ကြည့်ဖူးသမျှ ဗွီဒီယိုရုပ်ရှင်ကားတွေထဲလို သရုပ်ဆောင်တမ်းလည်း ကစားကြပြန်သည်။ ထိုအခါ  အမေ လျှော်ဖွပ်မီးပူထိုးကာ သေသေချာချာကျကျနနဗီရိုထဲထည့်ထားထပ်ထားခဲ့သော အဝတ်အစားတွေက မိမိတို့ မျက်စိ ကျစရာဖြစ်လာပြန်၏။
ထို့ကြောင့် မမီ့တမီဗီရိုကြီးကို အားကုန်သုံး၍ရအောင်ဖွင့်ကာ ထိုအထဲမှ ပြောင်ပြောင်လက်လက်အမေ့ချိတ်ထဘီတွေ
ဖဲအင်္ကျီတွေ ပုဝါတွေ ဆွဲထုတ်သည်။ ထိုအဝတ်အစားတွေကိုအပေါ်မှထပ်ဝတ်လျက် မိမိကိုယ်မိမိ မင်းသမီးတပါး ကဲ့သို့ဆင်သည်။ ထို့နောက် ခေါင်းပေါ်ကိုအင်္ကျီတထည်တင်၊ဆံပင်ပုံစံလုပ်၊ ဆံထုံးလိုလိုထုံးသရဖူကဲ့သို့ပုံစံလုပ်ထား သည့်စက္ကူပတ်ကြီးခေါင်းပေါ်တင်ကာ တယောက်တလှည့် သရုပ်ဆောင်တန်းကစားကြတော့သည်။


မှတ်မိနေပါသေးသည်။ သူ့ကျွန်မခံပြီ ရုပ်ရှင်ကားကြီးကြည့်ပြီးကာစ အချိန်။
ထိုဇာတ်ကားထဲက စုဖုရားလတ်ပုံ သရုပ်ဆောင်တမ်းကစားကြသည်။ အကုန်လုံးမှတ်မိလာကြသော ဇာတ်ဝင်ခန်းက စုဖုရားလတ်နှင့် ကင်းဝန်မင်းကြီး အချီအချပြောသောအခန်းနှင့် ဘုရင်မိဘုရားတို့ သင်္ဘောဆိပ်သို့ဆင်းရသော ဇာတ် ဝင်ခန်းတို့ ဖြစ်သည်။ ထို့ကြောင့် တယောက်တလှည့်စီ မပီကလာပီကလာသရုပ်ဆောင်ကစားကြရင်း မိမိအလှည့် ရောက်တော့ အနားစပုံကျနေသည့် အမေ့ထဘီကြီးကိုဝတ်ကာ အဖျားကိုလက်ကလေးနှင့်ပြန်ဆွဲဖိုသီဖတ်သီ အဝတ် အစားကြီးဖြင့် စုဖုရားလတ်သင်္ဘောဆိပ်ဆင်းသည့်ပုံ သရုပ်ဆောင်ပြသည်။

မျက်နှာကိုတင်းချီကာ ခေါင်းမော့ ဟန်လုပ်ပြီး ပါးစပ်က ပါတော်မူသီချင်းတပိုင်းတစကို ဆွဲဆွဲငင်ငင်ဆိုလိုက်သေး၏သီချင်းက ပါတော်မူလေပြီ၊ ဒါပဲရ သည်။ ဒါကိုပဲသံရှည်ဆွဲအထပ်ထပ်အခါခါဆိုလို့ကောင်းနေစဉ်မှာပင် ကြည့်နေကြသောကျန်ညီအစ်မများက ဟီးဟီး ဟီးဟုထငိုလိုက်ကြတော့ သရုပ်ဆောင်နေရာမှရပ်ကာ ဘာဖြစ်တာတုန်း ဘာလို့ငိုကြတာတုန်းဟု အလန့်တကြား မေးမိတော့ စုဖုရားလတ်ကိုသနားလို့ တဲ့။
 
ထိုအခါမှပင် ဟယ်သရုပ်ဆောင်တာ ကိုဟုဆိုကာမိမိမှာ ငိုအားထက်ရယ်အားသန်ခဲ့ရဖူးပါသည်။
ငယ်နုစဉ် အဖြူရောင်ထိုကာလများက သူ့ကျွန်မခံပြီဟူသော ရုပ်ရှင်ဇာတ်ကားကြီးမှ ဇာတိမာန်စိတ်ထားများသည် အမှန်တကယ်ပင် မိမိတို့နှလုံးသားထဲ ထိုးဖောက်ဝင်ရောက်ခဲ့ဖူးပါသည်။

ထို့ပြင် တန်ဆောင်တိုင်ပွဲတော်ကာလက ကြည့်ခဲ့ကြရဖူးသော ရုပ်သေးပွဲများကိုအတုယူကာ ရုပ်သေးပမာ ကလေး တယောက်ခြေလက်တို့ကို အပ်ချည်ကြိုးဖြင့်ချည်ကာ အောက်မှာရပ်စေ၍ မိမိက ခုံအမြင့်မြင့်ဆင့်ထိုင်ကာ ရုပ်သေး ဆရာလုပ် ပါးစပ်က ရရာသီချင်းဆိုကာ ဟိုကြိုးမြှောက် ဒီကြိုးမြှောက်ဖြင့် ရုပ်သေးကတမ်းလည်း ကစားခဲ့ဖူးကြ သည်။

အိမ်မှာရှိသမျှ အဝတ်အထည်တွေ ပုံချကာ အထည်ရောင်းတမ်းလည်း ကစားခဲ့ကြသည်။

ထိုသို့ ကစားထားကြသမျှဖွထားသမျှ ညနေအမေတို့ပြန်လာချိန်နီးပြီးဆို ညီအစ်မတတွေ ကမန်းကတန်း ပြန်လည် သိမ်းဆည်းကြရပါသည်။ 

အမေပြန်လာ၍ ဖွထားကြောင်းသိသည်နှင့် ရေစိမ်ဘောစကိုင်းသားကြိမ်ဖြင့် ညီအစ်မ ၄ ယောက်စလုံးလက်ပိုက်ကာ တန်းစီအဆော်ခံကြရပါတော့သည်။ အရိုက်ခံရ၍နာသည့်အခါ ခြေသလုံးလေးတွေ ကိုယ်စီပွတ်သပ်ကာ မျက်ရည် ကျကြသော်လည်း ခဏသာ။ 

မကြာပြန်၍ တဟီးဟီးရယ်မိခဲ့ ကြသည်သာ။ ထို့ပြင် ကျောင်းဆင်းညနေတချို့မှာ ရပ်ကွက်ထဲက စာအုပ်အငှားဆိုင်ဘက်ခြေဦးလှည့်တတ် ကြသေးသည်။

အသားမည်းမည်း ဆံပင်ကောက်ကောက် မျက်မှန်ကြီးနှင့် စာအုပ်ဆိုင်ပိုင်ရှင်ဦးအီကျားကြီးက သဘောအလွန် ကောင်းလှသည်။ မိမိတို့ငှားသွားသမျှ စာအုပ်တွေရက်လွန်မှ ပြန်အပ်ကြလည်း ရက်လွန်ကြေး မယူတတ်။ စာအုပ်ငှားခတွေလျှော့ပေးသမျှ မိမိတို့ကလည်း အားပါးတရ စာအုပ်တွေငှားကြ တော်တော်နှင့် ပြန်မအပ်ပဲထားကြ
ငှားခတွေလျှော့ခိုင်းကြနှင့် စိတ်ကြိုက်သောင်း ကျန်းခဲ့ကြသည်။
တခါငှားလျှင် ကာတွန်း ရုပ်ပြမဂ္ဂဇင်းဝတ္ထုပေါင်းစုံ မသွားတတ်ကြသည်မှာ ဆိုင်ကို တော်တော်နှင့် ပြန်မရောက် တော့။


ယခုတော့လည်း ပြောင်းလဲလာသောခေတ်နှင့်အညီ စာငှားသူရော စာဖတ်သူတွေပါ စာအုပ်တွေနေရာမှာ ဖုန်းတွေ အစားထိုး ကြည့်ကြဖတ်နေကြပြီ။
ထိုသို့ဖြင့် စာအုပ်တွေဖတ်လိုက်
ရုပ်ရှင်ဗီဒီယိုတွေကြည့်လိုက်ကစားလိုက်ဖြင့် ထိုအရွယ်ထိုအချိန်ကို ပျော် ပျော်ပါးပါးဖြတ်သန်းခဲ့ကြသည်။ ထိုမျှမက အမှတ်တရတွေကြားမှာ တခါကလည်း အဆော့လွန်ကာ အအဖြစ်မည့် အခြေအနေထိရောက်ခဲ့ဖူးသည်။

မှတ်မှတ်ရရ မိကျောင်းလုပ်တမ်း ကစားကြချိန်။ အလှည့်ကျသူက မိကျောင်းပုံစံဖြင့် သူ့ ပိုင်နက်ရေဟုသတ်မှတ်ထားသောကွက်လပ်အတွင်း ဖြတ်ပြေး သူကို ဖမ်းရသည်။
မိသည့်သူက မိကျောင်း ပြန်လုပ်ရသည်။ မိမိမိကျောင်းလုပ်ရမည့်အလှည့်မှာ ရိုးရိုးမဖမ်းဘဲ မိကျောင်းကြီးက ပုလွေပါ မှုတ်မယ်ဟေ့ဆိုကာ ဝါးတူ တုတ်တချောင်းကို လက်နှစ်ဖက်ဖြင့်ကိုင်ကာ နှုတ်ခမ်းမှာတေ့လျက် ပုလွေမှုတ်ဟန်ဖြင့်
ဖြတ်ပြေးသူများကို လိုက်ဖမ်းလေရာ တယောက်က သူ့မိသွားမည်စိုး၍ လက်နှစ်ဖက်ဖြင့် မိမိကိုတွန်းလိုက်ပါ၏။

စူးခနဲနာကျင်မှုနှင့်အတူ အာခေါင်ထဲ စိုက်သွားသော ဝါးတူကိုကယောင်ကတမ်းဆွဲထုတ်လိုက်မိတော့ သွေးတွေပါ ပါလာသည်။ ထိုအခါမှ အားလုံး ကစားတာရပ်၍စိတ်ပူပန်စွာအနားဝိုင်းလာကြတော့ ငပေငတေမိမိက ရတယ်ဟုလက်ကာပြကာ ပါးစပ်ကို ရေဖြင့်
ချက်ချင်းပလုတ်ကျင်း၏။ သွေးတွေထွေးချ၏။ သွေးတိတ်သွားသော်လည်း အသံက ခပ်တိုးတိုးသာ အီး အဲ ထွက်တော့သည်။ 

ထိုနေ့က ညနေအထိ အားလုံး ဆက်မကစားဖြစ်ကြတော့ဘဲ တယောက်မျက်နှာ တယောက်ကြည့်ကာ အကုန်ငြိမ်သွားကြသည်မှာ လူကြီးတွေ ပြန်လာသည့်အချိန်ထိ။

အမေပြန်လာတော့လည်း အကုန်ငြိမ်နေကြကာ လုပ်စရာရှိတာသာလုပ်နေကြတော့ အမေက မသင်္ကာတော့။ ထို့ကြောင့် ထိုစဉ်က အကြီးဆုံးကလေးခေါင်သူကြီးဖြစ်သော ခြောက်တန်းကျောင်းသူ မိမိကို မေးပါလေတော့၏ သို့သော် မိမိကအာခေါင်မှတဆစ်ဆစ်နာနေသောအရှိန်ဖြင့် အသံကျယ်ကျယ်မထွက်နိုင်တော့။ အင်း အဲ ဖြစ်နေ တော့မှ အမေ့မှာစိုးရိမ်တကြီးဖြစ်ကာ ကျန်သူများကိုမေးမြန်းဆူပူလေမှ အားလုံးဖြစ်ကြောင်းကုန်စင်ကိုမျက်နှာ ငယ်ကလေးများဖြင့် ပြောပြကြပါလေ၏ ထိုအခါမှ မိမိကိုဆရာဝန်ဆီ
ချက်ချင်း ခေါ်သွားကာ ဆေးခန်းပြဆေးထိုး သောက်စေရတော့သည်။ ကံကောင်း၍ သုံးရက် လောက်ရှိမှ အသံပြန်ရ ပြန်ကောင်းလာကာ မူလအတိုင်း ဖြစ်ပါတော့၏။

ထို့ပြင် ထိုစဉ်က သိုင်းဝတ္ထုများဖတ် ကာသိုင်းရူးလည်း ရူးခဲ့ကြဖူးသည်။ နွေရာသီအားလပ်ချိန်ဆို သရက် သီးသုပ်သုပ်စားကြသိုင်းချတမ်း ဈေးရောင်းတမ်း စသည်ဖြင့် ကစားနည်းပေါင်းစုံနှင့် ညီအစ်မတသိုက် ဗြောင်းဆန်အောင်ဆော့ကစားကြတော့သည်။

ဆော့ကြကစားကြရုံတင်မဟုတ်။
ငယ်ငယ်ရွယ်ရွယ်နှင့် ဆရာမကြီးတွေလည်း လုပ်ခဲ့ကြသေးသည်။ အဖေက ယမကာကြိုက်၏။ ကြိုက်သည်နှင့်အမျှ
မှီဝဲတတ်၏။ ညနေနေညိုပြီဆို အဖေ လေပြိုလေပြီ။ တားမရမည့်အတူတူ အပြင်မှာမသောက်နဲ့ အိမ်မှာသောက်ဟု
အမေက ခွင့်ပြုတော့ အဖေက သူ့ယမကာကို ပုလင်းပြားကလေးဖြင့် ဝယ်ထားပြီး အိမ်မှာသောက်လေ၏။ တယောက်တည်းတော့မဟုတ်။ တခါတရံ အဖေ့သူ ငယ်ချင်းဦးဘိုနီဆိုသည့် အသားဖြူဖြူ လူကြီးပါ အိမ်ကိုရောက် လာကာ အတူသောက် တတ်ကြသည်။ ထိုသို့သောက်ကြသည်ကို မိမိတို့ညီအစ်မများကမကြိုက်ကြ။ 

အရက်ဆိုတာမကောင်းမှန်းသိနေကြသလို ချစ်သောအဖေ ဒီအရက်ကြောင့်စောစောစီးစီးသေမည်ကို လည်း စိုးရိမ်နေကြပြီ။ အဖေကလည်း ဘယ်လိုဖြတ်ဖြတ် ဒီအရက်ကို ပြတ်မည်မဟုတ်။ ဒီတော့ အဖေ့ကို ပြော မရသမျှ မိမိတို့မြားဦးက အဖေ့သောက်ဖော်သောက်ဖက် ထိုလူကြီးဆီဦးတည်လေသည်။


ထို့ကြောင့် ညီအစ်မတတွေ ခေါင်းချင်းဆိုင်ကာတိုင်ပင်၍ ဆန္ဒပြကြတော့၏။

ထိုလူကြီးလာ၍ ခြံပေါက်ဝကခေါ်လျှင်တံခါး ထမဖွင့်ပေး၊ သူဘာခိုင်းခိုင်းမလုပ်၊ နောက်ဆုံးထိုလူကြီးလာလျှင် ထိုင်နေကျ နေရာနှင့်မျက်နှာချင်းဆိုင်နံရံမှာ ဘိုနီအလိုမရှိ၊ အရက်သောက် အဖေ့ကိုမဖျက်ဆီးပါနဲ့ စသည့် စာသားများကို မြေဖြူဖြင့်မြင်အောင် ရေးပြထားကြ၏။

တကယ်လည်း ထိုစဉ်က ကလေးသာသာမိမိတို့ဆန္ဒပြပွဲကြီး အောင်မြင်ခဲ့ပါသည်။ 

မိမိတို့ညီ အစ်မတသိုက်၏ပညာပြမှု များကြောင့် ထိုလူကြီး နောက်ပိုင်း

အိမ်ကိုမလာတော့။ အဖေက သူ့သူငယ်ချင်းကို အားနာကာ မိမိတို့ကို ဆူပူသော်လည်း မရိုက်ရက်။ မိမိတို့ကလည်း အချိန်အခါမရွေး ရေစိမ်ကြိမ်နှင့်ဆော်ပလော်တီးတတ်သော အမေ့ကိုသာ ကြောက်သည်။ အမေရိုက်သည်နှင့် ရှေ့မှ ဝင်ကာ ပေးတတ်သော၊ ယမကာလေးထွေသည် နှင့် သူ့ဘာသာ ငြိမ်နေတတ်သောသမီးများကို ချစ်လွန်းလှသော အဖေ့အကြောင်း ကောင်းကောင်းသိ၍ ဤမျှအတင့်ရဲခဲ့မိကြခြင်းဖြစ်ပါသည်။


ထို့ပြင် ညီအစ်မတတွေ ခေါင်းချင်း ဆိုင်ကာ မလိမ့်တပတ်ဖြင့်အဖေ့ကိုအပြင်ခေါ်ထုတ်သူက ခေါ်ထုတ်၊ နောက်မှာကျန်သူက အဖေ့ပုလင်းပြားထဲက အရက်ကို သုံးပုံတပုံသွန်ကာ ရေရောမူလနေရာ ဟန်မပျက် ပြန်ထားလုပ်ခဲ့ကြသည်။ အဖေက သူ့သမီးတွေ ထိုသို့ လုပ်နေသည်ကို အစောပိုင်းမသိခဲ့။ နောက်ပိုင်း မိမိတို့ကလည်း လောဘကြီးကာ ပုလင်းတဝက်ကျော်ရေရောထည့် တဝက်ကိုပုလင်းတခုနဲ့ ရေတဝက်ရော သိမ်းနောက်တရက်မှာ မလိမ့်တပတ်ဖြင့် အမေ ဝယ်ထားတာရှိတယ်အဖေဟု ဆိုကာ အဖေ့ဆီမှမုန့်ဖိုး တောင်းပြန်ရောင်းလုပ်တော့မှ အဖေသိသွားခြင်း ဖြစ်ပါလေ၏။ သို့သော် စိတ်တိုရုံမှတပါး သူ့ သမီးများကိုလက်ဖြင့်ပင်မရွယ်ရက်ခဲ့။
မိမိတို့ထိုသို့ပြုလုပ်ခဲ့ခြင်းကြောင့်သာ ယမကာစွဲလန်းလွန်းသော အဖေအသက်ငါးဆယ်ကျော် အထိနေနိုင်သွားခဲ့ခြင်း ဖြစ်မည်ထင်ပါ၏။


အရက်သောက်ခြင်းကို မကြိုက်သော်လည်း အရက်သမားသမီးဟုအခေါ်ခံရခြင်းကို အားငယ်ဝမ်းနည်း နာကျင်ရသော် လည်း ညမှောင်သည်နှင့် ယိုင်တိယိုင်ထိုးအဖေ့ပုံရိပ်ကို မြင်ရပါမှ အာလေးလျှာလေး အဖေ့အသံကိုကြားရပါမှ မိမိတို့ တွေကျေနပ်ပျော်ရွှင် စိတ်အေးခဲ့ရသည်။ အဖေ့ အရိပ်မိုးပါမှ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နိုင်ခဲ့ပါသည်။

ထိုစဉ်က မိမိတို့အိမ်မှာ ဖုန်းလည်း မရှိ၊ တီဗွီလည်းမရှိ ရေစက်မီးစက်တွေလည်းမရှိ။ ဗီဒီယိုဇာတ်ကားကြည့်ချင်လျှင် အိမ်နှင့်မနီးမဝေး ရပ်ကွက်ထဲမှ ဗီဒီယိုရုံသို့ ပြေးကြည့်ကြရပါသည်။
ကျောင်းပိတ်ရက်တွေဆို ညီအစ်မ တတွေ ထိုရုံမှာဗီဒီယိုသွားကြည့်ကြဖို့ ပြင်ဆင်ကြပြီ။ ထို့အတွက် အမေ ပေးခဲ့သည့်မုန့်ဖိုးလေးနှင့်မလောက်ငှ၍ ရုံ လက်မှတ်ဖိုး မုန့်ဖိုးရအောင် ကြံဖန်ကြရတော့၏။ ထိုစဉ်က ရေစက်မရှိ၍ အိမ်သုံးဖို့အတွက်ရေကို ရပ်ကွက်ထဲမှ
ရေစည်လှည်းဝယ်၍ဖြည့်ကြရသည်။


ထို့အတွက် အမေက သူအလုပ်မသွားမီ ရေစည်းလှည်းတွန်းနေကျ ရပ်ကွက်ထဲကမကုလားမကိုခေါ်ခိုင်း ဖြည့်ခိုင်းဖို့ မှာကာ ရေစည်လှည်းဖိုးရောတွန်းခကိုပါပေးထားခဲ့လေ့ရှိ သည်။ မိမိတို့ညီအစ်မတသိုက်က ထိုပိုက်ဆံကို ကျစ်ကျစ် ဆုပ်၍ မကုလားမကိုမခေါ်ကြတော့။ 

တက်ညီလက်ညီပင် စောစောစီးစီး ဝီရိယထားကာ ရေပုံးကိုယ်စီဆွဲ၍ တဖက်ခြံမှ အန်တီသီတို့ရေငုတ်ရှိရာ ချီတက်ကြတော့၏။ ရေနှိပ်သူကနှိပ်၊ ဆွဲသူ ကဆွဲ၊ ဖြည့်သူကဖြည့်နှင့် ဗီဒီယိုဖိုးရအောင် ကြိုးစားကြတော့သည်။
အိမ်မှာရှိသမျှ ရေကန်ရေအိုး ရေပုံးမကျန်ဖြည့် ပြီးကာမှ ရေချိုးကြ၊ ဖီးလိမ်းပြင်ဆင်ကြကာ နေ့လည်စာ စား သောက်ပြီး ထိုပိုက်ဆံဖြင့် ဗီဒီယိုရုံသို့ ခပ်သုတ်သုတ် ပြေးကြပါတော့၏။

တခါက မူဆယ်မှအလည်လာသော မောင်ဝမ်းကွဲကလေးကိုလည်း ထိုဗီဒီယိုရုံသို့ ခေါ်သွားကြကာ အတူသွား ကြည့် ကြ၏။

ရွှေဥဒေါင်းဟုခေါ်သော ထိုဗီဒီယိုရုံက ပထမနိုင်ငံခြားကားတကား အရင်ပြကာပြီးမှ မြန်မာကား ပြလေ့ရှိသည်၊ ထိုးကြကြိတ်ကြသောအကြမ်းအရမ်းများပါသည့်ဇာတ်ကားကို မိမိတို့ ညီအစ်မတတွေက မျက်တောင်မခတ်တမ်း ကြည့်နေကြသော်လည်း အလည်လာသော မောင်ဝမ်းကွဲ ကလေးကမျက်နှာကြီးငုံ့၊ လက် နှစ်ဖက်ဖြင့်ကာကာ
ချောင်းကြည့်၏။ ဘာဖြစ်လို့လဲဆိုတော့ ကြောက်လို့တဲ့ဟုဆိုသည်။ 
သို့သော် မင်းသားမင်းသမီးနှစ်ပါး ကြည်သည့်ဇာတ်ဝင်ခန်းရောက်တော့ တခွီခွီသဘောကျလျက် ကြည့်လိုက်ရယ်လိုက်ဖြစ်တော့သည်။ မြန်မာကား ဇာတ်လမ်းဆုံးခါနီးမှာတော့ တရှုပ်ရှုပ်အသံကြား၍ လှည့်ကြည့်မိကြတော့ အသားဖြူဖြူသူ့မျက်နှာမှာနီနေကာ
မျက်ရည်နှရည်တို့ ရွှဲလျက်ငိုနေရင်းက ခပ်ရှက်ရှက်ပြုံးပြလေသည်။
ဘာဖြစ်ပြန်ပြီတုန်းဟဆိုတော့
ဇာတ်ကားထဲက အဖေအဖြစ်သရုပ်ဆောင်တဲ့သူကြီး သေ သွားတာသနားလို့ တဲ့။ ထိုစဉ်က သံလက်သီးဟု အိမ် နာမည်တွင်သော်လည်း ငိုလွယ်ရယ်လွယ် ခံစားလွယ်သောထိုမောင်လေးကိုကြည့်ကာ မိမိတို့ ဝိုင်းဝန်းရယ်မောခဲ့ ကြရသည်။
လူကြီးတွေ အပြင်သွားချိန်နေ့ပိုင်းမှာ ဗြောင်းဆန်အောင်ဆော့ကြသလောက် အမေအဖေတို့ ပြန်လာချိန်ညပိုင်းမှာတော့ အဖေကျင့်ပေးထားသည့်အတိုင်း
လုပ်ကြရသည်။ 

ညနေနေစောင်းသည်နှင့် ဘုရားစင်မှာ သောက်တော်ရေကပ်၊ အမွှေးတိုင်
ဖယောင်းတိုင်
ပူဇော်ကာ ညီ အစ်မတတွေတန်းစီလျက် အသံကျယ်ကျယ်ဖြင့် ဘုရားရှိခိုး မေတ္တာပို့ အမျှဝေကြရပါသည်။ ထိုအချိန်ဆို ယမကာတန်ခိုးနှင့် ရီဝေနေသောအဖေက ဘေးမှာထိုင်ကာ သူ့သမီးတွေ ဘုရားရှိခိုးကြသည်ကို ပီတိ တဝေဝေခေါင်းတညိတ်ညိတ်ဖြင့် ကြည့်နေတတ်သည်။ အဆုံးသတ် အမျှဝေ ကြေးစည်ကလေး ထုတော့
သာဓုသာဓုဟု ခပ်လေးလေးခေါ် တတ်ပါသည်။ 

ဘုရားရှိခိုးပြီး အမေအဖေတို့ကိုပါ ကန်တော့ပြီးသည်နှင့်အဘိုးတို့အဘွားတို့ ဓာတ်ပုံရှေ့မှာပါ ကျုံ့ကျုံ့ထိုင်ကန်တော့ကြသည်။
ထိုမျှမက ထိုစဉ်က မိမိတို့နေ့စဉ်လုပ်ခဲ့ရသော အလုပ်တခုရှိပါ သေး၏။ ဘုရားရှိခိုးပြီးသည်နှင့် အဖေ့မိန့်မှာ
တိုက်တွန်းချက်ဖြင့် အဖေ၏အဖေ ဘိုးဘိုး၏ခဲပန်းချီကားဓာတ်ပုံမှန်ဘောင်ကြီးရှေ့တန်းစီရပ်ကြရသည်။ ထို့နောက် သတိဆွဲလျက် နိုင်ငံတော်သီချင်းကို သံနေသံထားမှန်မှန် ညီညီညာညာ ဆိုကြရပါသည်။
ဓာတ်ပုံထဲက ဦးစာဟူသော နဖူးပြောင်ပြောင် ခန့်ခန့်ညားညား ဘိုးဘိုးကြီးက မိမိတို့ကိုသူ၏စူးနက်နက် မျက်ဝန်း များဖြင့် ခပ်နက်နက်စိုက်ကြည့်လျက်။ အဖေလူပျိုဘဝကတည်းက ကွယ်လွန်သွားခဲ့ဖြစ်သော မိမိတို့မမြင်ဘူးလိုက် သည့် ဖေဖေ့အဖေ ထိုဘိုးဘိုးကြီးအကြောင်းကိုအဖေက စီကာပတ်ကုံး လွမ်းလွမ်းဆွေး ဆွေးပြန်ပြောပြတတ်ပါ သည်။ 

အဘိုးသည် ရာဇဝတ်ဝန်ထောက် တဦးဖြစ်ကြောင်း၊ သတ္တိကောင်းကြောင်း၊ လူဆိုးများကိုမည်သို့ နှိမ်နင်းခဲ့ကြောင်းကြားသိရသည့်အခါ မိမိတို့ညီအစ်မ တသိုက်မှာ ထိုဓာတ်ပုံကြီး ကိုငေးမောကြည့်လျက် မမြင်ဖူးလိုက်သောအဘိုးကို လွမ်းခဲ့ရသည်။ ထို့ကြောင့် နေစောင်း တိုင်း အဘိုးနှင့် အဘွားဓာတ်ပုံကြီး ရှေ့မှာရပ်သတိဆွဲ၍ နိုင်ငံတော်သီချင်းသီဆိုကြခြင်းအမှုကို နှစ်နှစ်ခြိုက်ခြိုက် စိတ်ပါလက်ပါ ပြုလုပ်ခဲ့ကြပါသည်။ စိတ်ဖြူလူနုလေသော ထိုစဉ်ကကစားမက်ခဲ့ကြသည်သာမဟုတ်။ 

ဥပုသ်နေ့များအခါကြီးရက် ကြီးများမှာ လည်း အဘွားလက်ဆွဲ၍ဘုန်းကြီးကျောင်းလိုက်ကာ ဥပုသ်စောင့်တတ်ကြပါသေးသည်။ လူကြီးတွေသက်သက်လွတ် စားသည်ဆိုတော့လည်း အတုယူကာ လိုက်စားကြသည်။ လူကြီးတွေ တရားထိုင်တော့လိုက်ထိုင်ကြသည်။ 

သို့သော် လေးငါးတန်းအရွယ် ထိုစဉ်က ဝင်လေထွက်လေလည်းသေချာနားမလည်ပါ။ လူကြီးများကဲ့သို့  တင် ပျဉ်ခွေထိုင်သည်။ ဘယ်လက်ပေါ်ညာလက်ထပ်ကာမျက်စိစုံမှိတ်၏။ ဝင်လေထွက်လေမှတ်ဆိုတော့ နှာခေါင်းက လေကိုလိုက်ဖမ်းရတာ စိတ်မောလေသည်။ ထို့ကြောင့် နောက်ဆုံး ဘာမှမမှတ်တော့ဘဲ ဗုဒ္ဓံ သရဏံဂစ္ဆာမိ ဓမ္မံ သရဏံဂစ္ဆာမိ သံဃံသရဏံ ဂစ္ဆာမိဟုသာ စိတ်ထဲမှာ အကြိမ်ကြိမ်ရွတ်ဆိုတော့သည်။


စိတ်ထဲမှာရွတ်ရင်းဆိုရင်း ထိုင်လျက်အိပ်ပျော်သွားသည်မှာ နောက်ပြန်လန်ကျတော့မှ အလန့်တကြား သတိဝင်လာရ လေတော့သည်။ ထိုစဉ်က အံ့သြစရာတခုမှာ မိမိထိုသို့ အိပ်ငိုက်ရင်းနောက်ပြန်ကျသည်ကို မည်သူမျှမသိ။ 

တိတ်ဆိတ်သောဘုန်းကြီးကျောင်းခန်းမကြီးထဲမှာ လူကြီးများနှင့်အတူ တရားထိုင်နေကြခြင်းဖြစ်လေရာ အမှန်တကယ်ငိုက်ရင်း နောက်ကိုဗုံးခနဲကျသည့် မိမိအသံကိုကပ်လျက် အစ်မဝမ်းကွဲပင်မကြား၊ ကိုယ်တိုင်လည်း
ထိုသို့လဲကျသည့်အတွက် မည်သည့်နာကျင်မှုမျှ မရှိ၊ ကြမ်းခင်းကောဇောအကြမ်းပေါ်ကျသည်ကိုပင် ဂွမ်းမွေ့ရာထက် ကျသလိုသာ နူးနူးညံ့ညံ့ခံစားခဲ့ရသည်မှာ အံ့သြစရာ ကောင်းလှပါသည်။

ထိုမျှမက ပြန်တွေးတိုင်း မမေ့နိုင်စရာမြင်ကွင်းတခုလည်း ရှိခဲ့ပါသေးသည်။
 
တခုသော နေ့လည်ခင်းမှာ ညီအစ်မတတွေအိမ်အောက်ထပ်မြေကြီးမှာ ထုံးစံအတိုင်းကစားနေကြစဉ် ထရံလိပ်ကြီးကြားမှ ကင်းမည်းကြီးတကောင် ထွက်လာသည်ကို မြင်လိုက်ရသဖြင့် အလန့်တကြားဖြစ်ကုန်ကြ၏။ ကင်းကြီးကရှေ့တိုးလေ မိမိတို့က နောက်ဆုတ် လေဖြင့် သတ်လည်း မသတ်ရဲကြ၊ သတ်လည်းမသတ်ရက်ကြဖြစ်ကြသည်။ 

ထိုအချိန်မှာပင် ကျန်သူတွေ နောက်ဆုတ် နေကြရန်ပြောပြီး ကလေးသူကြီး မိမိကပင် ကင်းကြီးရှေ့က မြေပြင်ကို ဖိနပ်နှင့်တဖျပ်ဖျပ်ရိုက် အသံပေးပြီး ရသမျှဘုရားစာ အကုန်ရွတ်တော့သည်။
သရဏဂုံသုံးပါး၊ ဂုဏ်တော်ကိုးပါး သံ ဗုဒ္ဓေ၊ နှစ်ဆယ့်လေးပစ္စည်း၊အောင်ခြင်းရှစ်ပါး ဂါထာတွေကို ပါးစပ်က တတွတ်တွတ်ရွတ်တော့ ရှေ့တိုးလာသည့် ကင်းကြီးက အံ့သြဖွယ်ထိုနေရာမှာပဲရပ်တန့်ကာ ငြိမ်သက် သွားပါလေ၏။ ဖိနပ်သံတဖျပ်ဖျပ်ကြောင့် ငြိမ်သွားသည်ဟု ထင်မိစဉ်မှာ ကင်းကြီးကနောက်ပြန်ဆုတ်လေသည်။ ရှေ့ဆက်တိုးမလာတော့ဘဲ တရွေ့ရွှေ့နောက်ပြန်ဆုတ်သွားသော ကင်းကြီးကိုကြည့်ရင်း မိမိတို့တအံ့တသြဖြစ်သွားကြသလို အားတက်သရောဖြင့် ဘုရားစာဆက်ဆိုမိကြလေ၏။ ထို့ပြင် ထိုစဉ်က စိတ်ကူးပေါ်လာသည့်အတိုင်း မိမိနှုတ်မှ ဘာရယ်မဟုတ် စကားအချို့ထွက်သွားခဲ့သည်။
ကင်းကြီးရေ နင့်ကို ငါတို့မသတ်ပါဘူး၊ နင်လည်း ဘေးလွတ်ရာသွားပါ၊ မသွားခင်နင်လည်း လူတွေကို အန္တရာယ် မပြုရအောင် နင့်မှာရှိတဲ့ အဆိပ်တွေ ထုတ်ထားခဲ့ပါဟု။


တခါတရံ လက်တွေ့အဖြစ်အပျက်တို့သည် စိတ်ကူးယဉ်ထက်ဆန်းကြယ် နေတတ်သည်ကို ဆယ်နှစ်အရွယ်က
ကြုံခဲ့ရဖူးသောဤအဖြစ်က သက်သေခံနေခဲ့ပါသည်။
ဘာရယ်မဟုတ် ဖြူစင်သော ကလေးအတွေးဖြင့်ပြောလိုက်မိသောထိုစကားအဆုံးမှာ ဝါးလုံးတခုပေါ် တွယ် တက် နေပြီဖြစ်သောကင်းကြီးတုံ့ခနဲရပ်သွားကာ မလှုပ်မရှားထိုနေရာမှာပင်ခေတ္တငြိမ်သွားခဲ့သည်။


ထို့နောက်မှာတော့ မိမိတို့ မျက်ဝန်းရှေ့မှာပင် သူ့ခန္ဓာကိုယ်ကို လိန်တွန့်နေတော့သည်။ ထိုလိမ်တွန့်နေသော ကိုယ်ကြားမှ အဖြူရောင်ပျစ်တွဲတွဲအစေးများ ပေါ်ထွက်လာသည်ကို သေချာကြည့်နေသောကလေးတသိုက် မြင် လိုက်ရပါ၏။ မိမိကိုယ်တိုင်လည်း တအံ့တသြဖြင့် ဒါ အဆိပ်တွေညှစ်ထုတ် နေတာပါလားဟုသိသလိုဖြစ်ကာ ကင်းကြီးကိုပင်သနားမိလိုက်ပါသေး၏။

ထို့နောက် ခဏအကြာမှာတော့ ထိုကင်းကြီးလည်း သူ့လမ်းသူ ရှေ့ဆက်သွားတော့သည်။ ထိုစဉ်က တွေ့ကြုံခဲ့ရဖူးသော အဖြစ်နှင့်အတူ ယခုထိတိုင် ထူးထူးဆန်းဆန်း ထိုကင်းမည်းကြီးကို သတိရနေမိပါ၏။
ငယ်နုစဉ် ကလေးဘဝ အဖြူရောင် ပိတ်ကားထက်က ဇာတ်ဝင်ခန်းများသည် ရယ်စရာမောစရာ တွေးစရာ ဆွေးစရာအံ့သြဖွယ်ရာ တွေးမကုန် ဖွဲ့ မကုန်ရသအစုံစုံဖြင့် အလွမ်းရောင်တောက်ပနေဆဲ ဖြစ်ပါသည်။

အဖြူရောင်ပိတ်ကားထက်က အလွမ်း ရောင်လွင်ပြင်ကို ဝင်ရောက်မိလေတိုင်း ပျာတိပျာယာထူးဆန်းထွေလာလျှောက်ကစားတတ်သည့် ဆံတိုကုပ်ဝဲ ကလေးမကလေးကို သတိရသည်။

ဖြူဖြူသွယ်သွယ် ဗလသေးသေး လူပုံချောချောနှင့် ဘဝပြောင်းသွားခဲ့ပြီဖြစ်သော ယိုင်တိယိုင်ထိုးပုံရိပ်ရှင်ကိုလည်း တမ်းတရသည်။ ကြိမ်လုံးတကိုင်ကိုင် ချော့တခါချောက်တလှည့်ဖြင့် မျောက်ရှုံးသည့်ကလေးများကို ထိန်းသိမ်းပဲ့ ကိုင်ပေးခဲ့သော ညိုသွယ်လှပလက်ဦးဆရာ မိမာတာကိုလည်း မြတ်နိုးရသည်။
 

ငိုချင်ငို ရယ်ချင်ရယ် ဟန်ဆောင်မှုမရှိ ပကတိချစ်စရာကောင်းခဲ့ကြသော ကလေးတသိုက်ကိုလည်း မြင်ယောင်သည်။ ကြုံခဲ့ဆုံခဲ့ရသမျှ ဇာတ်လမ်းဇာတ် ကွက်မှန်သမျှ တိတိကျကျသိနေသေးသည်။


ထို့ပြင် ရှိပါသေးသည်။ ရှိနေပါသေး၏။ ဤအဖြူရောင်ပိတ်ကားထက်မှာ အလွမ်းရောင်ဖြင့်သာ ဆေးခြယ်ရပါလျှင်
လှပသောအမှတ်တရများစွာ၊ ပြည့်ဝသောရသများစွာထွန်းတောက် အသက်ဝင်လာပါလိမ့်ဦးမည်။

မြင့်မြတ်သိင်္ဂီ

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts