မြန်မာနိုင်ငံဟာ ထေရဝါဒဗုဒ္ဓဘာသာထွန်းကားတဲ့တိုင်းပြည်ဖြစ်ပြီး ဗုဒ္ဓဘာသာကိုသက်ဝင်ယုံကြည်တဲ့ လူအများစုနေထိုင်ရာအရပ်လည်းဖြစ်ပါတယ်။ ဒါ့ကြောင့် ဗုဒ္ဓဘာသာမှာ ဘုရားသားတော်လို့ ရည်ညွှန်းခေါ်ဆိုတဲ့ ဆရာတော်သံဃာတော်များကို အင်မတန်မှလေးစားကြည်ညိုပြီး ဆရာတော်သံဃာတော်များရဲ့ အဆိုအမိန့် ဟောကြားတဲ့တရားတော်များကိုလည်း လေး လေးစားစား နာယူမှတ်သားလေ့ရှိပါတယ်။ ကျေးလက်တောရွာများမှာဆိုရင် သာမန်ဦးပဇ္ဇင်းလေးတပါးကြွလာတာ လမ်း ပေါ်မှာဆုံမိရင်တောင် အရိပ်နင်းမိမှာစိုးလို့ ခပ်လှမ်းလှမ်းကနေ မြေပေါ်ပုဆစ်တုပ်ထိုင် ခယဝပ်တွားရှိခိုးဦးတင်ပြုကြတဲ့ မြင်ကွင်းကို မြန်မာတိုင်းမြင်ဖူးကြလိမ့်မယ်ထင်ပါတယ်။ အဲသည်လို သာသနာ့ဝန်ဆောင် ရဟန်းသံဃာများကို ကြည်ညိုဝပ်တွားလေးစားရင်းစွဲရှိတဲ့မြန်မာတွေမှာ အနေအစားချောင်လို့ သင်္ကန်းဝတ်ထားတဲ့ ရဟန်းတု ရဟန်းယောင် အချို့ကြောင့် အကြည်ညိုတွေပျက်၊ စိတ်လက်မအီမသာဖြစ်ကြရတာလည်း ကနေ့ငြင်းမရတဲ့ကိစ္စတခုပါ။ ထေကြီးဝါကြီး သိက္ခာကြီးဆရာ တော်ကြီးများလည်း ဒီအလ္လဇ္ဇီသင်္ကန်းဝတ်အချို့ကြောင့် ကိုယ်စိတ်နှစ်ပါးဆင်းရဲကြတယ်လို့ ကြားသိရပါတယ်။ နောက်ကွယ် ကနေ ငွေအား လူအား အာဏာအားတွေနဲ့ ပံ့ပိုးထားလေတော့ ဓမ္မစက်တို့ အာဏာစက်တို့ဆိုတာတွေလည်း ခုထိသက် ရောက်ပုံ မပေါ်သေးပါဘူး။ သာ/ဝန်ရဲ့အဆိုအရ မှတ်တမ်းတင်ရုံပဲရှိပါသေးတယ်။ အရေးယူဖို့ ဘယ်သူ့အမိန့်စောင့်နေသလဲဆိုတာတော့ ကျွန်တော်လည်း မသိပါဘူး။ ထားပါတော့။
ခုတလောဖေ့စ်ဘုတ်ပေါ်မှာ အဟော့ဆုံးကတော့ “ထမင်းဝအောင် စားထား” ဆိုတဲ့စကားတခွန်းပါပဲ။ ဦးကိုနီလူသတ်မှုမှာလူသတ်သမားဘက်ကဝန်းရံအားပေးတဲ့သူတွေဆီကထွက်လာတဲ့ “ထမင်းဝအောင် စားထား” ဆိုတဲ့စကားမှာ ကြိမ်းဝါးသံ၊ လက်စားခြေလိုသံ၊ ရန်လိုသံတွေလွှမ်းနေတယ်ဆိုတာ လူမှန်ရင်သိပါတယ်။ ဒီစကားကိုပဲ သင်္ကန်းဝတ်တဦးကပဲ့ တင်ထပ်ပြီး ပစ်မဲ့ ခတ်မဲ့ပုံ ခြေဟန်လက်ဟန်နဲ့ စော်ကားတာကို တာဝန်ရှိသူများခမျာ လက်ပိုက်ကြည့်နေရုံကလွဲလို့ ဘာတခုမှ ထိထိ ရောက်ရောက် အရေးမယူနိုင်တာကတော့ တရားဥပဒေစိုးမိုးရေး ဘယ်အဆင့်ရောက်နေပြီလည်းဆိုတာ ထင်ရှားပါတယ်။ ပိုအံသြဖို့ကောင်းတာက အင်းစိန်ရွာမဘက်ကကျောင်းတကျောင်းမှာ ဒီစကားကိုပဲ မြိန်ရေယှက်ရေပြောပြီး သာဓု ၃ ကြိမ် ခေါ် ပြုံးပျော်နေကြတဲ့ သက်ကြီးရွယ်ကြီးဘုန်းတော်ကြီးများကိုပါ တွေ့လိုက်ရတော့ အနာဂတ်သာသနာအတွက် ရင်လေး စရာကြီးပါလားလို့လည်း တွေးမိပါသေးတယ်။
“ထမင်းဝအောင်စားထား” ဆိုတဲ့စကားကို လူစွမ်းကောင်းကြီးလုပ်ပြီး မြိန်ရေယှက်ရေပြောနေကြတော့ ဒီထမင်းနဲ့ ပတ်သက် ပြီး ရာဇဝင်မှာထင်ရှားခဲ့တဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းလေးရှိခဲ့တာကို ဖျပ်ကနဲ သတိရလိုက်ပါတယ်။ နှစ်ပေါင်းများစွာကြာခဲ့ပြီမို့ ခေတ်လူငယ်လေးတွေကြားဖူးတယ်ရှိအောင် သင်္ခေပပြုအနှစ်ချုပ်ရေးပြရရင်ဖြင့်……။
ကုန်းဘောင်မင်းဆက် ၁၁ ဆက်ကိုစတင်တည်ထောင်ခဲ့တဲ့ အလောင်းမင်းတရားကြီးလက်ထက်မှာ ယိုးဒယား- မြန်မာစစ်ပွဲ ကြီးဖြစ်ပါတယ်။ မြန်မာဘက်က မင်းခေါင်နော်ရထာ၊ မင်းလှနော်ရထာ စတဲ့ စစ်မက်ရေးရာ သတ္တိအရာမှာ အလွန်ထူးချွန် ပြောင် မြောက်တဲ့စစ်သူကြီးတွေ ကွပ်ကဲပါတယ်။ ယိုးဒယားဘက်ကလည်း ထင်ရှားတဲ့မင်းညီမင်းသား ဗိုလ်မှူး တပ်မှူးတွေ နဲ့ ခုခံတဲ့အတွက် ၅ လတိုင်တိုင် မတိုးနိုင် မဖောက်နိုင် ဖြစ်နေပါတယ်။ ဒီလိုနဲ့ ရာသီဥတုကလည်း မိုးကျတော့မယ်၊ မြန်မာတပ်မှာ လူအင်အား ရိက္ခာအင်အားနည်းလာ၊ ယိုးဒယားက သူတို့တိုင်းပြည်တွင်းဆိုတော့ အင်အားကမလျော့တဲ့အပြင် တိုးလာ၊ ဒီကြားထဲ အလောင်းမင်းတရားကြီးကိုယ်တော်တိုင် မကျန်းမမာဖြစ်လာတော့ မြန်မာတပ်တွေဆုတ်ခွာလာရပါ တယ်။ တပ်ဆုတ်ရာမှာ မင်းတရားကြီး ဘေးမသီရန်မခအောင်၊ ယိုးဒယားတပ်များဖြတ်မတိုက်အောင် စစ်သူကြီးမင်းခေါင် နော်ရထာက နောက်ကနေ ကာကွယ်ပေးထားရပါတယ်။
ဒီနေရာမှာ မင်းခေါင်နော်ရထာနဲ့ မင်းတရားကြီးတို့ရဲ့ဆက်ဆံရေးကိုတင်ပြရရင် သူတို့ဟာ ပြည်ထောင်ဘက်ရဲဘော်ကြီးတွေ ဖြစ်တယ်။ တိုက်ပွဲပေါင်းများစွာကိုလည်း အတူလက်တွဲပြီး ရွပ်ရွပ်ချွန်ချွန်တိုက်ခဲ့တဲ့ သေဖော်ရှင်ဖက်တွေဖြစ်တယ်။ မင်း တရားကြီးက အထူးအားထားသလို မင်းခေါင်နော်ရထာကလည်း မင်းတရားကြီးရဲ့ကျေးဇူးသစ္စာကို အသက်တမျှစောင့်ရှောက် သူဖြစ်တယ်။ ဒါပေမယ့် ယိုးဒယားက တပ်ဆုတ်လာတဲ့အချိန်မှာတော့ သားတော်မြေဒူးမင်းသားနဲ့ မင်းခေါင်နော်ရထာတို့ရဲ့ ဆက်ဆံရေး သိပ်မချောမွေ့တော့ပဲ သံသယစိတ်တွေ ဖုံးလွှမ်းလာပါတော့တယ်။ မင်းတရားကြီးကိုယ်တော်တိုင်အပ်နှင်းထားတဲ့ ယိမ်းနွှဲ့ပါးဓါးကို မြေဒူးမင်းသားက အတင်းသိမ်းယူပြီး တပ်များဆုတ်ခွာရာတလျောက် ရိက္ခာမထောက်ရလို့ ကြပ် တည်းစွာတားမြစ်လာတယ်။
သက္ကရာဇ် ၁၁၂၂ ခု ကဆုန်လပြည့်ကျော် ၁၁ ရက် တနင်္ဂနွေနေ့မိုးသောက်ယံ မုတ္တမအနီးကင်းရွာအရောက်မှာ မင်းတရား ကြီးနတ်ရွာစံတယ်။ မြေဒူးမင်းသားတို့က ဒီသတင်းကိုဖုံးကွယ်ထားပြီး ရန်ကုန်ရောက်မှ အိမ်ရှေ့မင်းနောင်တော်ကြီးကို လူ လွှတ်အကြောင်းကြားတယ်။ ဖခမည်းတော်လွန်လို့ နောင်တော်ကြီးနန်းတက်တဲ့အခါ မင်းခေါင်နော်ရထာက မြေဒူးမင်း သားရဲ့လုပ်ရပ်တွေကို လူလွှတ်လျေက်တင်သလို မြေဒူးမင်းသားကလည်း မင်းခေါင်နော်ရထာတယောက် လက်နက်လူသူ စုဆောင်းနေကြောင်း ပုန်စားခြားနားဖို့ကြံစည်နေကြောင်း လျှောက်တင်ပါတယ်။ ဒါပေမယ့် ဆင်ခြင်တုံတရားကြီးတဲ့ နောင် တော်ကြီးက မယုံတဲ့အပြင် ဖခမည်းတော်လက်ထက်ကတည်းကယုံကြည်စိတ်ချရတဲ့သွေးသောက်ကြီးဆိုတော့ သူကောင်း ပြုဖို့ ဘထွေးတော်တောင်ငူမင်းကို တာဝန်ပေးပါတယ်။ တောင်ငူမင်းလည်း သူ့မှူးကြီးမတ်ကြီးများနဲ့တိုင်ပင်ပြီး မင်းခေါင် နော်ရထာကို ဥပါယ်တံမျဉ်နဲ့ရအောင်ခေါ်ဖို့ ကြံစည်ပါတယ်။ တရားနာဖိတ်လို့ရောက်လာတဲ့ မင်းခေါင်နော်ရထာဟာ တရား သာနာနေပေမယ့် သူတို့အကြံအစည်ကိုရိပ်မိပြီး ဆင်နဲ့ဖောက်ထွက်လွတ်မြောက်သွားပါတော့တယ်။
ဒီတချီမအောင်မြင်တော့ အလွန်ရင်းနှီးယုံကြည်တဲ့ မင်းလှနော်ရထာကိုလွှတ်ပြီး အရခေါ်ဆောင်ဖို့ကြံပြန်ပါတယ်။ မြေဒူးမင်း သည် နောင်တော်ကြီးမင်းကို ငါ မသင့်မတင့်ကြံလေသည်လို့ လျှောက်မှာဧကန်၊ ကယ်ဆယ်မစမည့် ငါတို့ကျေးဇူးရှင်မင်း တရားကြီးလည်းမရှိပြီ။ သွေးသောက်စကားကိုယုံကြည်၍လိုက်လေသော် ငါ့ကိုယ်နှင့်တကွ မိသားစုဆင်းရဲကြီးစွာကြုံရလိမ့်မည်။ ငါမလိုက်ပြီ သွေးသောက်ပြန်လေတော့ဆိုတာနဲ့ မင်းလှနော်ရထာလည်း လက်လျော့ပြန်ခဲ့ရပါတယ်။ သံယောဇဉ်မပြတ် နိုင်ရှာတဲ့နောင်တော်ကြီးမင်းဟာ စိတ်မလျော့သေးပဲ မင်းခေါင်နော်ရထာနဲ့ အလွန်သင့်မြတ်တဲ့ စစ်ကိုင်းဇေတဝန်ဆရာ တော်နဲ့ ကျော်ထင်နော်ရထာတို့ကို စေလွှတ်စည်းရုံးစေတာလည်း မအောင်မြင်ခဲ့ပြန်ပါဘူး။
သုံးကြိမ်သုံးခါခေါ်လို့မအောင်မြင်တော့ နောင်တော်ကြီးမင်းလည်း စဉ်းစားရပြီ။ ဒီအရေးမသေးပြီ။ နေပြည်တော်မှ စစ်သည်ဗိုလ်ခြေအင်အားကောင်းစွာစီမံကာ အင်းဝကိုဝန်းရံပိတ်ဆို့ပြီး မင်းခေါင်နော်ရထာကိုရလျှင် အသက်မသေစေနဲ့လို့လည်းသံယောဇဉ်မကင်းစွာ မှာကြားခဲ့ပါတယ်။ ဘုရင့်တပ်မတော်ကြီး မြို့ထဲအတင်းဝင်တိုက်ကြပေမယ့် မင်းခေါင်နော်ရထာကို တွေ့ရင်ကြောက်လန့်ပြီး မြို့ပြင်ထွက်ပြေးကြသလို ပရိယာယ်ဆင်ပြီးမြို့ပြင်ထွက်တိုက်ကြရင်လည်း မင်းခေါင်နော်ရထာ တပ်တွေအားလုံးထွက်တိုက်တယ်ထင်ပြီး ကစဥ့်ကလျားပြေးကြပြန်ပါတယ်။ မြို့တွင်းသားတွေမှာလည်း ထင်းခွေ ရေခပ် တောင် မထွက်ဝံ့တော့ ကြာရင်ဒုက္ခရောက်မှာစိုးလို့ ၁၁၂၂ ခု၊ နတ်တော်လပြည့်ကျော် ၁၄ ရက် စနေနေ့ ညသန်းကောင် ယံအချိန်မှာ သူ့တပ်များနဲ့အတူ အင်းဝမြို့ တောင်မျက်နှာ ကျောက်ဘုံတံခါးမှထွက်ပါတယ်။ ဒီသတင်းရတော့ ဘုရင့်တပ်မှူး ဗိုလ်မှူးတွေ အပြင်းထွက်လိုက်ကြရင်း ပန်းလောင်မြစ်တဖက်ကမ်းကို မင်းခေါင်နော်ရထာရောက်တော့ မက္ခရာဗိုလ်သီရိရွှေ တောင် စွန့်စွန့်စားစား အမှီလိုက်လာပါတယ်။
“ဟယ် သီရိရွှေတောင် ဘဇာမူ၍ လိုက်လာသနည်း” လို့ မေးလိုက်တော့ ….
“မင်းကိုဖမ်းမည်ဟု လိုက်လာသည်” လို့ပြန်ပြောရာ သီရိရွှေတောင် “နင် ထမင်းကိုမုန်းပြီလား” ဟုဆိုကာ မြင်းကိုပြန် လှည့် ၍ လှံမနှင့် လွှတ်လေသည်။ လှံသည် သီရိရွှေတောင်၏လက်ယာနံဘေးကိုပွတ်၍ မြင်းနောက်ညောင်းကိုစိုက်လေသည်။ သီရိရွှေတောင်လည်း နောက်သို့ဆုတ်၍ပြေးလေသည်။
ဇာတ်လမ်းအတိုချုပ်ကတော့ ဒါပါပဲ။
ရဟန်းဝိနည်းနဲ့ညီအောင်မနေတဲ့အပြင် လူမျိုးရေး ဘာသာရေး သွေးခွဲစကားတွေပြော၊ လူသတ်သမားကိုထောက်ခံ၊ ကိုယ် အမူအယာ နှုတ်အမူအယာ မိုက်ရိုင်းလှတဲ့ သင်္ကန်းဝတ်အချို့နဲ့ လူ့အန္ဓအချို့ကြောင့် တိုင်းပြည်ရဲ့ပုံရိပ်ကျဆင်းရသလို ငြိမ်းချမ်းသိမ်မွေ့လှတဲ့ဗုဒ္ဓဘာသာကိုတောင် အမြင်စောင်းသူတချို့ရှိလာပါပြီ။
ကိုယ့်အကျိုးစီးပွားတခုတည်းကိုရှေ့တန်းတင်ပြီး ဘာသာ သာသနာနဲ့တိုင်းပြည်လူမျိုးဂုဏ်သိက္ခာ ညှိုးနွမ်းအောင်ကြံဆောင် တဲ့ငရဲလားအဖွဲ့ကို စစ်သူကြီးမင်းခေါင်နော်ရထာရဲ့ “နင်ထမင်းကို မုန်းပြီလား” စကား ငှားပြောရုံမှတပါး အခြားစကားမရှိပြီ။
သာထက်အောင်
စာကိုး
ညိုမြရဲ့ ကုန်းဘောင်ရှာပုံတော်