မောင်စိန်သော် ● ကောင်းလင်း ကောင်းလန်းတိုက်ပွဲ သို့မဟုတ် (၄ – ၁၀၊ ၄ – ၃၀) တိုက်ပွဲစဉ် – အပိုင်း (၂)
(မိုးမခ) ဖေဖော်ဝါရီ ၂၄၊ ၂၀၁၈
မိမိတို့ပြည်သူ့တပ်မတော် တပ်မ ၄၈ မှ ၅၀၁ တပ်ရင်းသည် ကောင်းလင်းစခန်းမတိုက်မီကပင် ရန်သူရှိနေသည့် ကောင်းလင်းစခန်းအား ညအချိန် တိတ်တဆိတ်ရှောင်ကွင်း၍ လျှိုမြောင်တခုဖြတ်ကျော်ပြီး ရန်သူ အထိမခံနိုင် သည့် တဖက်တောင်ကြောပေါ်ရှိ ကောင်းလန်း ဆိုသည့်ရွာဘက်ကို နေရာဝင်ယူထားနှင့်ပြီး ဖြစ်နေပြီ။ ထို့ကြောင့် ကောင်းလင်းစခန်းအတိုက်ခံရစဉ် စခန်းပေါ်မှဆင်းပြေးသည့် ရန်သူများ အဖမ်းခံရခြင်းဖြစ်သည်။ ကောင်းလန်းရွာဘက်မှာ မိမိ ၅၀၁ တပ်ရင်း နေရာဝင်ယူထားသည်ကို ရန်သူ လုံးဝလျစ်လျူရှု၍မရ၊ မော်ဖာ ဒေသတွင်း ၎င်းတို့သိမ်းယူထားသည့်စခန်းများ နောက်ပိုင်းလမ်းကြောင်းကို ဗကပ တပ်တွေ ခြိမ်းခြောက်တော့ မည်ကို ရန်သူ စိုးရိမ်တကြီးနှင့် ငါးရံ့ပြာလူးဖြစ်သွားသည်။ ဤအတွက်ကြောင့် တပ်မ ၇၇ ၏ လက်အောက်ခံ ရှမ်းသနက ၁ ရင်းမှူး ဒုဗိုလ်မှူးကြီးသာစိန် ခေါင်းဆောင်သည့် ကူးတို့ဆိပ်လမ်း လုံခြုံရေးတပ်နှင့် မိမိဘက်မှ ၅၀၁ တပ်ရင်းတို့ ကောင်းလန်းရွာဘက်တွင် တညနေလုံးတိုက်ပွဲဖြစ်နေသည်။ ကျွန်တော်တို့တပ်ဖွဲ့၏ လက် နက်ကြီးပစ်ကူများ ညအချိန်ထိ ပစ်ကူပေးနေရသည်။ ထိုအချိန် အမြောက်တပ်နှင့် လက်နက်ကြီးအဖွဲ့အားလုံး တိုက်သိမ်းယူထားသည့် ကောင်းလင်းတောင်ကြောပေါ်သို့ ပြောင်းရွှေ့နေရာယူထားပြီးလည်းဖြစ်သည်။ ၁၉၈၀ ခု ဧပြီ ၁၃ ရက်ညဟုထင်သည်။ ညအချိန် မိမိခြေလျင်တပ်မှ သုံ့ပန်းတယောက်မိလာပြန်သည်။ ကျွန်တော်တို့ ဆီ ခဏလာအပ်ထားသည်။ ရှမ်း ၁ ကဖြစ်မည်၊ သုံ့ပန်းက တယောက်တည်းဖြစ်လို့ စိုးရိမ်ပုံရသည်။ အသက် ချမ်းသာပေးရန် တောင်းပန်နေသည်။ ပါတီခေါင်းဆောင်တဲ့တပ်မှာ ပေါ်လစီရှိတယ်။ စစ်မြေပြင်မှာ လက်မြှောက် အရှုံးပေးသူကို ဘယ်တော့မှမသတ်ဘူး၊ စိတ်ချပါဟု ပြောပြရသည်။
နောက်တနေ့ မိမိ ၅၀၁ တပ်ရင်း သိမ်းပိုက်နေရာယူထားသည့် ကောင်းလန်းစခန်းအား မျှော်လင့်ထားသည့် အတိုင်း ရင်းမှူးလဗျပန်းအောင် ခေါ် ဒုဗိုလ်မှူးကြီးတင်မြင့် ဦးစီးသည့် ခမရ ၁၀၅ က၊ လာထိုးသည်။ မိမိ ၅၀၁ တပ်ရင်းက ပြင်းပြင်းထန်ထန်ခံစစ်ဆင် တုံ့ပြန်တိုက်ခိုက်သည်။ တချိန်တည်း မိမိ ၇၀၁ တပ်ရင်းက ရှေ့ထိုး တိုက်နေသည့်ရန်သူကို နောက်ကပတ်တိုက်လိုက်ရာ ရန်သူအထိနာပြီး ဆုတ်ခွာထွက်ပြေးစဉ် အလောင်းများ လက်နက်ကျည်ဆန်များ ကျန်နေရစ်သည်။ ရှေ့တန်းစစ်ဦးရုံးမှ ရဲဘော်ခိုင်အောင်သည် သူရထားသည့် သတင်းများ တိုက်ပွဲဖြစ်စဉ်များ မိမိတို့တပ်ဖွဲ့အားပြောပြနေသည်။ ရန်သူ ခမရ ၁၀၅ သည် ကောင်းလင်းစခန်း သိမ်းခံရစဉ်တကြိမ်၊ ယခုတကြိမ်ပါ ဆိုလျှင် အထိနာသွားသည်မှာ နှစ်ကြိမ်ရှိသွားပြီ။ ပြည်သူ့တပ်မတော်၏ စစ်နည်းပရိယာယ်သည် ရန်သူ အထိမခံနိုင်သည့်စစ်နေရာ (ကောင်းလန်းတောင်ကြောစခန်း) အား အရင်ဦး အောင် ၅၀၁ တပ်ရင်းမှနေရာယူထားသည်။ ထိုစခန်းအား မရမကလာထိုးမည့် ရန်သူ့တပ်အား ခံစစ် နည်းပရိ ယာယ်သုံးချေမှုန်းသော တိုက်နည်းဖြစ်သည်။ ၁၀၅ အထိနာသလို၊ ရှမ်းသနက ၁ လည်း အထိနာ သည်။ ၎င်းတိုက်ပွဲများတွင် မိမိဘက် အမြောက်နှင့်လက်နက်ကြီးများ ထိထိရောက်ရောက်ပေါင်းစပ် ပစ်ကူ ပေးနိုင်ကြ သည်။
ရန်သူတပ်မ ၇၇ ၏ နဗဟရုံးရှိနေသည့် ၀မ်ကန် ဆိုသည့်တောင်ကုန်းကို ကျွန်တော်တို့ရောက်နေသည့် ကောင်း လင်းတောင်ကြောမှ လှမ်းမြင်နေရသော်လည်း အတော်အလှမ်းဝေးသည်။ ရန်သူ၏ ၇၆ မမ အဝေးပစ် အမြောက်က ကျွန်တော်တို့ဘက် လှမ်းပစ်မီသည်။ ညပိုင်း ရန်သူက ၀မ်ကန်မှလှမ်းပစ်လျှင် မီးပွင့်သွားသည်နှင့် စပစ်ပြီဆိုတာသိ၍ ကျွန်တော်တို့ရှောင်ချိန်ရသည်။ မိမိတို့ ၁၂၀ မမ စိန်ပြောင်းက ၀မ်ကန်ကုန်းကို လှမ်းပစ်မမီ ဖြစ်နေသည်။ တချိန်မှာ ၇၆ မမ ကျည်ထိမှန်၍ ရဲဘော်လေးတယောက် ပွဲချင်းပြီးကျဆုံးသွားသည်။ ဒီအဖြစ် အပျက်ကို နိုင်ဝင်းဆွေက နောင်မှာ သူစာရေးမည်ဟု ပြောပြနေသည်။ နေ့ခင်းပိုင်းတွင် ရန်သူလေတပ်က ဗုံးကြဲ သည်။ ရန်သူ ၁၀၅ နှင့် ရှမ်း ၁ တို့ အထိနာပြီး တရက် နှစ်ရက် နှစ်ဘက်လုံးငြိမ်နေကြသည်။ မိမိတပ် ကိုင်ထား သည့် ကောင်းလန်းကုန်းအား ရန်သူ မုချလာထိုးလိမ့်မည်ဟု သေချာပေါက်တွက်လို့ရသည်။ မိမိဘက် လက် နက်အား လူအားဖြည့်၍ ခံတိုက်နိုင်ရန် ပြင်ဆင်မှုလုပ်ထားကြရသည်။ တွက်ထားသည့်အတိုင်း တရက်သော နေ့ခင်းပိုင်းမှာ ရန်သူတိုက်လေယာဉ်နှစ်စင်း ကောင်းလန်းကုန်းပေါ်ရှိ မိမိ ၅၀၁ တပ်ရင်းအပေါ် ၀ဲပျံစိုက်ဆင်း၍ စက်သေနတ်နှင့် အကြိမ်ကြိမ်ပစ်သည်။ ဒုံးကျည်များပါပစ်ချသည်။ မြေပြင်မှ မိမိရဲဘော်များ ကတုတ်ကျင်းထဲမှာ အသာပုနေကြရသည်။ တိုက်လေယာဉ်များ ပြန်သွားပြီးနောက် ရန်သူက အမြောက်များနှင့် ထပ်ပစ်ပြန်သည်၊ မကြာမီ ခြေလျင်တပ်လာထိုးတော့မည်ဟု တိုက်ပွဲအတွေ့အကြုံရှိသူတိုင်းသိကြသည်။ ဒီတချီ ရန်သူတပ်လဲ၍ နေရာပြောင်း ထိုးစစ်ဆင်လာသည်။ ကောင်းလင်းတောင်ကြောနှင့် ကောင်းလန်းတောင်ကြောအကြား လျှို မြောင်တခု ခြားနေသည်။ မိမိဘက် အမြောက်တပ်နှင့် လက်နက်ကြီးများ ကောင်းလင်းကြောဘက်မှာ တန်းစီ ချထားသည်။ ကောင်းလင်း ကောင်းလန်းတောင်ကြောနှစ်ခုမှာ မျက်နှာချင်းဆိုင်အနေအထားဖြစ်သည်။ နေရာ ပြောင်းထိုးလာသည့် ရန်သူတပ်မ ၇၇ လက်အောက်ခံ ခလရ ၆ သည် သံလွင်မြစ်ဘက်မှတောတိုး၍ မိမိ လက်နက်ကြီးတပ်များရှေ့ မျက်နှာချင်းဆိုင်တွင်ရှိသော ကောင်းလန်းဘက်ခြမ်းက ၅၀၁ တပ်ရင်းကို ဦးတည်ပြီး လျှိုမြောင်ဘေးတိုက် တက်လာထိုးစစ်ဆင်သည်။ မိမိအမြောက်နှင့် လက်နက်ကြီးများ တန်းစီချထားသော ကောင်းလင်းကြောအား နောက်ကျောပေးလျက် တက်ထိုးနေသည်ကို အံ့သြဖွယ်တွေ့ရှိရသည်။ ရန်သူ ခလရ ၆ ရင်းမှူး စစ်မြေပြင်အနေအထား နားမလည်၍လား သို့မဟုတ် အောက်ခြေတပ်သားများ သေဘေး ထည့်မတွက် သလားမပြောတတ်။ တက်ထိုးသည့်တပ်များ လှုပ်ရှားခွင် ၃.၅ လောင်ချာ သို့မဟုတ် ၉၀ မမ ဘဇူကာ ပစ်နေ သည့် မီးခိုးတန်းတွေကအစ ၎င်းတို့အား ပစ်မှတ်အဖြစ် ပြပေးနေသည့်အလားမြင်နေရသည်။ နောက်ကျောပေး တက်ထိုးနေသည့်ရန်သူအား မိမိဘက်မှ စက်ကြီး (ပွိုင့်ဖိုက်) နှင့်ပစ်ပြ၊ အမြောက်များ လက်နက်ကြီးများနှင့် ၀ိုင်းထု၊ စုပြုံပစ်ခတ်တိုက်ခိုက်သဖြင့် အချိန်ကြာကြာ တက်မထိုးနိုင်ဘဲ လျှိုမြောင်လိုက် သံလွင်မြစ်ဘက် ထွက်ပြေးရသည်။ လျှိုမြောင်လိုက် ရန်သူ့ဆုတ်လမ်းကို ဖြတ်ပိတ်ထားသည့် မိမိ ၅၀၃ တပ်ရင်းနှင့် ရန်သူ ခလရ ၆ တို့ ပိတ်မိ တိုက်ပွဲဖြစ်ပြန်သည်။ ညအချိန်ထိထွက်မရ၊ သေနတ်သံမစဲ ကြားနေရသည်။ နောက်နေ့ နံနက်ပိုင်း အထိ သေနတ်သံမစဲ တိုက်ပွဲဖြစ်နေဆဲဖြစ်သည်။ သံလွင်ကမ်းခြေအနီး နမ့်ယားလုံဒေသ ဟုသိရသည်။ လက်နက်ကြီးများလည်း ရှေ့တိုး ပစ်ကူပေးရသည်။
နံနက် ၉ နာရီ ၁၀ နာရီ လောက်ဖြစ်လိမ့်မည်။ မိမိ ၅၀၃ မှ ရဲဘော်တချို့ ရန်သူ့လက်နက် အများအပြား သိမ်းမိ၍ ထမ်းလာကြသည်။ စက်လတ် ၂ လက်နှင့် ဘဇူကာတွေ သိမ်းရလာသည်ကို တွေ့ရသည်။ တိုက်ပွဲ အခြေအနေမေးကြည့်စဉ် ရန်သူသေတာ သိပ်များကြောင်း၊ သိမ်းမိတဲ့သေနတ်တွေ၊ ကျည်ဆန်တွေ၊ ကျောပိုး အိတ်တွေ အကုန်မထမ်းနိုင်ကြောင်း ရဲဘော်တွေကပြောနေသည်။ ရှေ့တန်းဦးစီးရုံး ရဲဘော်မြမောင်တို့လာမှ သိရသည်မှာ ခလရ ၆ စစ်ကြောင်းတကြောင်းလုံး ချေမှုန်းလိုက်သည်။ ရင်းမှူး ဒုမှူးကြီးသန်းညွန့် ဒဏ်ရာနှင့် လွတ်သွားကြောင်း ကြားရသည်။ အခြားအရာရှိ နှစ်ယောက်သုံးယောက်လောက် တိုက်ပွဲမှာသေသည်။ စုပုံထား သည့် ခဲယမ်းကျည်ဆန်များနှင့် ရင်းရုံးပစ္စည်းများ အခြားအရေးကြီးစစ်သုံးပစ္စည်းများ သိမ်းရသည်။ သုံ့ပန်း လည်း မိသေးသည်၊ ရန်သူရင်းရုံးစုပုံပစ္စည်းများ သိမ်းပိုက်ရရှိရေး ရဲဘော်တွေ အာရုံများနေ၍ ရန်သူရင်း မှူးလွတ်သွားခြင်း ဖြစ်သည်။ တပ် ၇၇ ၏ မင်းရန်အောင်စစ်ဆင်ရေးအစီရင်ခံစာ ကတ်ထူဖုံးနှင့်သိမ်းရသည်။ ကရင်လူမျိုးသုံ့ပန်းတယောက် မိလာသည်၊ သုံ့ပန်းကို မေး၍ ဒုဗိုလ်မှူးကြီးသန်းညွန့်အကြောင်းပြောပြသည်။ စစ်မြေပြင်အခြေအနေ နားမလည်၊ အထက်အမိန့်အရတွန်းလွှတ်၍ တက်လာရကြောင်းလည်းပြောသည်။ လှော်ကားအခြေစိုက် ခလရ ၆ သည် ဗမာပြည်ကွန်မြူနစ်ပါတီ ပဲခူးရိုးမလှုပ်ရှားခဲ့စဉ်အခါက ပါတီဗဟို ကော်မတီဝင် ရဲဘော်ဗိုလ်ဇေယျ (ရဲဘော်သုံးကျိပ်ဝင်) အား ပစ်ခတ်သတ်ဖြတ်ခဲ့သော တပ်ဖြစ်ကြောင်းသိရ သည်။ ခလရ ၆ အချေမှုန်းခံရမှုကို “လှော်ရင်းကားသွားသော လှော်ကားက ခလရ ၆” ဟု ပါတီအာဘော် ပြည်သူ့အသံမှ အသံလွှင့်ဆောင်းပါးတပုဒ် ထုတ်လွှင့်သေးသည်။ ရန်သူတပ်မ ၇၇ ပစ်မှတ်ထား၍ မော်ဖာခွင် ကောင်းလင်း-ကောင်းလန်းတိုက်ပွဲစဉ်ကြီး တိုက်နေစဉ် ရည်ရွယ်ချက်တခုဖြစ်သော ဒုဥက္ကဋ္ဌ ရဲဘော်ခင်မောင် ကြီးတို့ အလယ်ပိုင်းဗဟိုဌာနခွဲ ရုံးအဖွဲ့နှင့်တပ်များ သံလွင်မြစ်ဖြတ်ကူးသွားပြီဖြစ်ကြောင်း ကြားသိရသည်။ သို့သော် တပ်မ ၇၇ ထိုးနှက်ရေးတိုက်ပွဲစဉ်ကြီးကား မပြီးဆုံးသေး၊ ဆက်လက်တိုက်ပွဲဝင်ကြဦးမည်။ တပ်မ လက်အောက်ခံ နဗဟ ရုံးနေရာယူထားသည့် ၀မ်ကန်ကုန်းပေါ်သို့ ရန်သူရဟတ်ယာဉ် အတက်အဆင်း လုပ်နေ သည်ကို မကြာခဏ ကျွန်တော်တို့တွေ့နေရသည်။ ရဲဘော်တွေ မျက်စေ့စပါးမွှေးစူးနေကြသည်။ ၀မ်ကန်ကုန်းရှိ နဗဟ ရုံးကို ၁၂၀ မမနှင့်ပစ်ရန် ကောင်းလန်းကုန်းဘက်သို့နေရာပြောင်း ရှေ့တိုးပစ်လျှင် မီနိုင်ကြောင်း မြေပုံ ထောက် တိုင်းထွာကာ ရဲဘော်တယောက်က ပြောလိုက်သည်။ တဖွဲ့လုံးစိတ်ဝင်စားကာ ပျော်နေကြသည်။ နေ့ ၁၂ နာရီချိန်ခန့် ရဲဘော်တွေစုစည်း၍ ကျည်ဆန်များအသင့်ပြင်ကာ ၁၂၀ မမနှစ်လက်နှင့်အတူ ကောင်းလင်း ကြောမှဆင်း လျှိုမြောင်ဖြတ်ကာ ကောင်းလန်းတောင်ကြောပေါ်တက်ကြသည်။ မိမိဘက် ရှေ့ဆုံးပွိုင့်စခန်းဖြစ် နေ၍ တော်လှန်ရေးသတိ အထူးရှိရသည်။ ရည်မှန်းချက်နေရာရောက်သော်လည်း လက်နက်ကြီးပြင်ဆင် နေရာ ချတပ်ဆင်မှုက မပြီးသေး၊ ရန်သူရဟတ်ယာဉ် ၀မ်ကန်ကုန်းမှ ပျံတက်နေသည်ကို တွေ့နေရသည်။ ရဲဘော်တိုင်း အူယားနေကြ၏။ ရဟတ်ယာဉ် ကုန်းပေါ်မှာရှိနေစဉ် ၁၂၀ နှင့် အဆက်မပြတ်ပစ်သွင်းရန် စိတ်စောနေကြသည်။ အမြန်ပြင်ဆင်ပြီးသည်နှင့် ၁၂၀ နှစ်လက်ဖြင့် နဗဟ ရုံးအားပစ်ကြသည်၊ ရန်သူ မျှော်လင့်ထားပုံမရ၊ အလစ် အငိုက်ခံရ၍ ထိခိုက်ဒဏ်ရာရများသည်ဟုသိရသည်။ ချက်ချင်းဆိုသလို ရန်သူကလည်း လက်နက်ကြီးများနှင့် တုံ့ပြန်ပစ်သည်၊ ကျွန်တော်တို့ငြိမ်နေကြပြီး ရန်သူအပစ်ရပ်သွားမှ ကျွန်တော်တို့အမြန်ပြန်ဆုတ်ရသည်။ ဘာထိ ခိုက်မှုမှမရှိ၊ ကျွန်တော်တို့ လျှိုမြောင်ဖြတ် ပြန်ဆုတ်နေစဉ် ရန်သူ ပီစီ ၆ လေယာဉ်တစင်း ရောက်လာ ဗုံးကြဲ သေးသည်။ ဘာမှမဖြစ်၊ အေးဆေးစွာ ကောင်လင်းကြောပေါ် ပြန်ရောက်သည်။ ဤသည်မှာ ၁၂၀ မမဖြင့် ပြောက်ကျားပစ်ခြင်းဟု ပြောလိုကပြောနိုင်သည်။
မိမိတို့တပ်နေရာယူထားသော ကောင်းလင်း၊ ကောင်းလန်းတောင်ကြောမှာ နောက်ပိုင်းထောက်ပံ့ရေး လမ်း ကြောင်း ခက်ခဲလွန်းသည်။ ရဲဘော်များ တလှည့်စီဆင်း၍ ရေရှိသည့်နောက်ဘက် ပြန်ဆုတ် ထမင်းချက်ရ သည်။ ရက်ကြာလာသည့်အခါ လိုအပ်သည့် စခန်းစောင့်တပ်အချို့မှအပ အမြောက်နှင့် လက်နက်ကြီးတပ်များ ပြန်ဆုတ်ရေး စီစဉ်ရသည်။ စတက်လာစဉ်စခန်းချသည့်နေရာ လုံနောက်ရွာအနီး ဘုန်းကြီးကျောင်းဘေး ပြန် ဆုတ် စခန်းချကြသည်။ သင်္ကြန်ရက်ဖြစ်၍ စကားမပေါက်တပေါက် ဗမာစကားတ၀က်၊ ရှမ်းစကားတ၀က်နှင့် ၀ အမျိုးသမီးများ ရေခပ်နေစဉ် ရဲဘော်တချို့ ရေပက် စကြသည်။
တိုက်ပွဲစဉ်ဆက်တိုက်ရေး စစ်နည်းပရိယာယ်ကို ရှေ့တန်းဦးစီးရုံးခေါင်းဆောင်များ စဉ်းစားကြသည်။ မိမိ အင်အားထိန်းသိမ်းရေး အထိအခိုက်နည်းနိုင်သမျှနည်းရန် ကြံဆကြခြင်းဖြစ်သည်။ ကောင်လင်း၊ ကောင်းလန်း တောင်ကြောများအား ကျော်လွန်၍နေရာယူထားသော တပ်ဗိုစံကုန်းသည် ယခင်ကာလကတည်းက တပ်စခန်း ဟောင်းဖြစ်ခဲ့သည်ဟု ထင်သည်။ လုံနောက်၊ တွယ်နောက်ရွာတို့၏ အတွင်းဘက်မှ တက်သွားရသည်။ ပန်ခါး တောင်ကြောနှင့် ပွိုင့် ၁၈၃၇ (၆၀၂၈) တောင်ကုန်းများ တပ်ဗိုစံကုန်းတ၀ိုက်ကကြည့်လျှင် ရှင်းရှင်းလင်းလင်း တွေ့နိုင်သည်။ တပ်မ ၇၇ ရှေ့တန်းရုံးသည် မိုင်းရှူးတွင်အခြေစိုက်ပြီး၊ သံလွင်ကမ်းခြေတ၀ိုက်မှစ၍ မြစ် အရှေ့ဘက်တွင် ရန်သူနေရာယူထားသည့်အင်အား နဗဟ နှစ်ခု သို့မဟုတ် တပ်ရင်း ၆ ရင်း ၇ ရင်းခန့် ရှိလိမ့်မည်။ အချက်အခြာကျသည့် တောင်ကုန်းများသိမ်းယူ၍ နေရာယူဖြန့်ကြက်ထားသည်။ စခန်းတခုကို ဗကပ တပ်ဝင်တိုက်လျှင် အခြားစခန်းများမှထောက်ကူရန် ဆက်စပ်သိမ်းယူထားသဖြင့် မိမိတို့တပ်များက ထိုးစစ်ဆင်တိုက်ခိုက်ရာတွင် အကွက်ချ၍ အထူးဂရုပြုပြီး ပိုင်းစားပစ်ရန် ကြိုးစားကြရသည်။ ၇၇ ၏တပ်ရင်း ၃ ရင်းဖြစ်သော ခမရ ၁၀၅၊ ရှမ်းသနက ၁၊ ခလရ ၆ တို့ကို ထိုးနှက်တိုက်ခိုက်ပြီးချိန်ဖြစ်သည်။ တပ်ဗိုလ်စံကုန်းကို မိမိတပ် အနာခံ မုန်တိုင်းထိုးတိုက်ခိုက်ခြင်းမလုပ်ဘဲ အမြောက်လက်နက်ကြီးများ မီးအားသွန် စုပြုံပစ်ခတ် ညှစ်ထုတ်ပစ်ရန် ရှေ့တန်းဦးစီးရုံးမှစဉ်းစားသည်။ ဒီအတွက် ပြည်သူ့တပ်မတော် ၃၀၃၅ တပ်ရင်းမှ အင်အားပြ ခြိမ်းခြောက်ပေးရန်ဖြစ်သည်။ မိမိတပ်များ အထိခိုက်ခံ တက်တိုက်စရာမလို၊ ဤအတွက် စခန်းအောက်ခြေရှိ ရန်သူမြင်လောက်သည့် တောင်ယာထဲသို့ ၃၀၃၅ တရင်းလုံး ဖြတ်သန်းချီတက် လှုပ်ရှားပြပြီး တပ်ဗိုစံစခန်း အခြေသို့ တက်ကပ်နေရန် ညွှန်ကြားထားသည်။ ထိုအစီအစဉ် အကောာင်အထည်ဖော်ရန် ခြေလျင်တပ် ချီတက်လှုပ်ရှားနေစဉ် မိမိတပ်မ ၄၈၊ အမတနှင့် ကျွန်တော်တို့လက်နက်ကြီးများအားလုံး ရန်သူစခန်း တပ်ဗိုစံ အား ချိန်ရွယ်ထားကြသည်။ ထိုစဉ် တပ်ဗိုစံရှိရန်သူများ လှုပ်လှုပ်ရွရွဖြစ်နေသည်ကို မှန်ပြောင်းနှင့်ကြည့်လျှင် အထင်းသားတွေ့နေရသည်။ မိမိအင်အားပြလှုပ်ရှားမှုကြောင့် ရန်သူ အထိတ်တလန့်ဖြစ်နေသည်ကိုလည်း ထောက်လှမ်း ကြားသိနေရသည်။ ခမရ ၁၀၅ ၏ ခွဲရုံးအခြေစိုက်စခန်းလို့ထင်သည်။ သူ့တပ်ရင်းသို့ တပ်ကူ တောင်းနေပုံ သိနေရသည်။ တချိန်တည်း၊ တပြိုင်တည်း မိမိတို့အမြောက်များ၊ လက်နက်ကြီးများ တပ်ဗိုစံကုန်း ကို စုပြုံပစ်ခတ်ကြသည်။ တောင်ကုန်းတခုလုံး အမြောက်ဆန် အဆက်မပြတ်ထိမှန်ပေါက်ကွဲနေသည်ကို ရှင်းလင်းစွာမြင်ရသည်။ အချီကြီး နှစ်လောလောက်ပစ်ခတ်၍ ညနေမှောင်ရီပျိုးစအချိန် ကျွန်တော်တို့ ဆုံရပ် စခန်းပြန်ရောက်သည်။
နောက်နေ့နံနက် သတင်းရသည်မှာ တပ်ဗိုစံကုန်းပေါ်ရှိရန်သူများ ဆင်ပြေးကြသည်။ ၁၈ လောင်း လက်နက်ကြီး မှန်သေနေကြောင်း စခန်းကုန်းသိမ်းယူရှင်းလင်းစဉ် မိမိတပ်များကတွေ့ရှိရသည်။ တပ်ဗိုစံကုန်းမှရန်သူအား ညှစ် ထုတ်ပစ်သည့်စစ်ပရိယာယ် အောင်မြင်သည်ဟုဆိုရမည်။ မိမိတပ်အထိအခိုက်မရှိဘဲ တပ်စခန်းတခု သိမ်းရ သည့်ဖြစ်စဉ် ဖြစ်သည်။ ခမရ ၁၀၅ တတိယအကြိမ်ခံရသည့် ပွဲလည်းဖြစ်သည်။ နောက်ဆက်တွဲ ထိုစခန်း တိုက်ပွဲ ဆက်လက်ဖြစ်ပွားသည်။ အမြောက်နှင့်လက်နက်ကြီးဖိအားကြောင့် ဆင်းပြေးရသည့် ခမရ ၁၀၅ ကို ၎င်းတို့အထက်အမိန့်က ဆုတ်ခွင့်မပေးသည့်စခန်းဖြစ်ပုံရသည်။ နောက်ရက်များတွင် မိမိတို့တပ်များထိုင်ထား သည့် တပ်ဗိုစံကုန်းကို ရန်သူက အမြောက်များပစ် ပြန်ထိုးသည်။ ထိုအချိန် မိမိတို့တပ်က ခံစစ်ဆင်သတ်ရန် ပြင်ဆင်ထားပြီးဖြစ်နေသည်၊ ရန်သူ့တပ်များ တနေကုန်အကြိမ်ကြိမ်ထိုးစစ်ဆင်သည်။ ထိုးစစ် ရှေ့မတိုးနိုင် ဖြစ်နေစဉ် ဘေးတိုက်ဝင်၍ မိမိတပ်များက ဖြတ်တိုက်လိုက်သည့်အခါ အောက်လန်ကျကာ ဖရိုဖရဲထွက်ပြေးကြ သည်။ ထိခိုက်သေဆုံးမှုများသည်။ ရန်သူ့အထက်အမိန့်သည် အခြေအနေကို မဆုပ်ကိုင်နိုင်၊ ထင်သလို အမိန့် ပေးနေသည့်သဘော တွေ့ရသည်။ တိုက်ပွဲစဉ်တလျှောက်လုံး ဒီလောက်အထိနာနေသည့် ခမရ ၁၀၅ အား မကျေမနပ်အနေအထားနှင့် အတင်းပြန်ထိုးစစ်ဆင်ခိုင်းနေခြင်းမှာ သေခိုင်းနေသည့်နှယ်ဖြစ်နေကြောင်း တွက် ချက်သိရှိနိုင်သည်။ နောက်ပိုင်းတွင်လည်း ခမရ ၁၀၅ နောက်တန်းပြန်ဆင်းချိန် ရှမ်းပြည်အလယ်ပိုင်းခွင် ဖြတ် သွားစဉ် ပါတီ၏ အလယ်ပိုင်းဗျူရိုတပ်များက ယာဉ်တန်းဖြတ်တိုက်ရာတွင် အရာရှိ အပါအ၀င် ထပ်မံသေဆုံး ပြန်ကြောင်း သတင်းရသည်။
အထက်ဖော်ပြပါတိုက်ပွဲစဉ်သည် ၁၉၈၀ ခုနှစ် ၄ လ ၁၀ ရက်မှ ၃၀ ရက်နေ့အထိ၊ ရက် ၂၀ ကြာသည့် တိုက်ပွဲ စဉ်ကြီးဖြစ်သည်။ ရန်သူတပ်မ ၇၇ ၏ လက်အောက်တပ်ရင်းဖြစ်သော ခမရ ၁၀၅၊ ရှမ်း သနက ၁၊ ခလရ ၆ တို့ ဗျူဟာတခုစာ ပြင်းပြင်းထန်ထန် ချေမှုန်းတိုက်ခိုက်ခံသွားရသည့် တိုက်ပွဲစဉ်ဖြစ်သည်။ ရန်သူသေ စုစုပေါင်း ၁၅၂ လောင်းတွေ့ရှိရပြီး၊ သုံ့ပန်းများလည်းဖမ်းမိသည်။ ရန်သူအလောင်းများတွင် အရာရှိအလောင်းများလည်း ပါဝင်သည်။ ဒဏ်ရာရလည်းများသည်ဟု သိရသည်။ စစ်နေရာတချို့ ပြည်သူ့တပ်မတော်က ပြန်သိမ်းနိုင်သည်။ သိမ်းဆီးရမိလက်နက်များတွင် စက်လတ်များ၊ ၉၀ မမ ဘဇူကာများနှင့် အခြားလက်နက်ငယ်မျိုးစုံ မြောက်မြား စွာ သိမ်းပိုက်နိုင်သည်။ ကျည်ဆန်ခဲယမ်းများနှင့် စစ်သုံးပစ္စည်းမျိုးစုံ သိမ်းမိသည်၊ ကျည်ဆန်ခဲယမ်းများ မသယ် ယူနိုင်တော့၍ ဖျက်ဆီးပစ်ရသည်များလည်းရှိသည်။
မော်ဖာခွင်မှာ ဤတိုက်ပွဲစဉ်ကြီးတိုက်နေစဉ် ပါတီခေါင်းဆောင်သည့် ပြည်သူ့တပ်မတော် တပ်မ ၆၈ သည် လည်း ရန်သူတပ်မ ၈၈ လက်အောက်ခံ ခမရ ၁၀၈ တပ်ရင်းအခြေပြုရာ မိုင်းယန်းမြို့ကို ၀င်ရောက်စီးနင်း တိုက်ခိုက်သည်။ စက်သေနတ်ကြီး အပါအ၀င် ခမရ ၁၀၈ ထံမှ လက်နက်မျိုးစုံနှင့် စစ်သုံးပစ္စည်းများ သိမ်းရ ကြောင်း သတင်းရရှိသည်။ ရှမ်းပြည်အလယ်ပိုင်းတိုက်ပွဲနှင့် တောင်ပိုင်းမှ ဆင်တောင်ဒေသတိုက်ပွဲ၊ ၈၁၅ ဒေသ ဖန်ငင်းတိုက်ပွဲတို့သည် ကောင်းလင်း၊ ကောင်းလန်း တိုက်ပွဲစဉ်ကြီး ဖြစ်ပွားနေသည့်ကာလအတွင်း ပြည်သူ့ တပ်မတော်ညီနောင်တပ်ဖွဲ့များမှ ပေါင်းစပ်ပေးသည့်တိုက်ပွဲများ ဖြစ်သည်။ မြောက်ပိုင်းဗျူရို၏ မူဆယ်မြို့သိမ်း တိုက်ပွဲသည်လည်း ဤရက်ပိုင်းအတွင်းဖြစ်ကြောင်း အထက်မှာဖော်ပြခဲ့ပြီး ဖြစ်သည်။
ဤသည်ကား ၀နယ်တောင်ပိုင်း မော်ဖာဒေသ ကောင်းလင်း၊ ကောင်းလန်းတိုက်ပွဲ သို့မဟုတ် ၄- ၁၀၊ ၄-၃၀ တိုက်ပွဲစဉ်ကြီးအား သိရှိမှတ်မိသမျှ ဖော်ပြလိုက်ခြင်းဖြစ်သည်။ တပ်မ ၇၇ ဗျူဟာတခုစာ တိုက်ခိုက်ချေမှုန်း သည့်တိုက်ပွဲစဉ် တိုက်ပြီးနောက်၊ ပါတီ ခေါင်းဆောင်သည့် ပြည်သူ့တပ်မတော်က မိုင်းယောင်းမြို့ရှိ ၈၈၂ ဗျူဟာကိုလည်း ချေမှုန်းတိုက်ခိုက်ကြောင်း ဆက်လက်ဖော်ပြမည်။
မောင်စိန်သော်