(မိုးမခ) ဖေဖော်ဝါရီ ၂၁၊ ၂၀၁၈
၁၉၈၀ ခုနှစ်အလွန်ကာလတခုမှာ ကျွန်တော်ဟာ ပရိုက်ဘိတ်တက္ကစီမောင်းစားရင်းနဲ့ တနေ့မတော့ အော်ဒါကြီးကြီးတခုနဲ့ ချိတ်မိပါတယ်။ ကျွန်တော့်ကားကို နေ့တိုင်းငှားစီးပြီး တနေ့တရာကျော် (စားပြီး သောက်ပြီး) ရနေတော့ အဲဒီခေတ်အခြေအနေ နဲ့ မဆိုးဘူးပြောလို့ရပါတယ်။ နောက်တော့ ကျွန်တော်လည်း ဂိတ်ကိုတောင်မရောက်တော့ပဲ တနေကုန်သူနဲ့လျှောက်သွားနေ တာ ရန်ကုန်မြို့တခွင် ပြဲပြဲစင်ဆိုပါတော့။ အဲဒီလို သွားရင်း လာရင်းနဲ့ ရင်းနှီးလာတော့ သူ့အလုပ်ထဲ ကျွန်တော်ပါမှန်းမသိ ပါ လာပါတော့တယ်။ သူနဲ့ပတ်သက်ပြီး ဘောလုံးသမားအချို့နဲ့လည်း ရင်းနှီးလာပါတယ်။ ဒီလိုနဲ့ဘောလုံးပွဲလုပ်ပွဲ (ခေါက်ဆွဲပွဲ) တွေအကြောင်း တဖြည်းဖြည်း သဘောပေါက်လာပါတော့တယ်။
တကယ်တော့ ဘယ်ဘောလုံးသမားမှ ကိုယ့်ဂိုးကိုယ် မသွင်းချင်ကြပါဘူး။ ငါ့ဝမ်းပူစာမနေသာလို့ပဲ ပြောကြပါစို့။ ပထမတန်း အသင်းတွေမှာ ကန်နေတဲ့ဘောလုံးသမားတွေဟာ ခေသူတွေတော့ မဟုတ်ဘူး။ တချို့က လက်ရွေးစင်အသင်းမှာ ကန်နေ သူတွေ တချို့က လက်ရွေးစင်ဟောင်းတွေ။ တကယ်ကန်ကြမယ်ဆိုရင် အထိုက်အလျောက် အရည်အချင်းရှိကြပါတယ်။ ဒါပေမယ့် သူတို့ရတဲ့ဝန်ထမ်းလစာလေးနဲ့ မိသားစုနဲ့တခြားဝင်ငွေရပေါက်ရလမ်းကလည်းမရှိတော့ နောက်ဆုံးခေါက်ဆွဲပွဲ သည်သာ အားထားရာဖြစ်လာပါတော့တယ်။
ရာနှုန်းပြည့်နီးပါးသောဘောလုံးသမားတွေဟာ ပွဲမစခင် တပတ်အလိုလောက်ကတည်းက ဖြဲရမှာလား ကန်ရမှာလားဆိုတာ ကိုပဲ စိတ်ဝင်စားကြပါတယ်။ လစာထက ဘောလုံးပွဲက ရမယ်၊ ဖြဲကြေး ကန်ကြေးကိုပဲ မျှော်လင့်နေတတ်ကြပါတယ်။ နည်းနည်းပါးပါး အခြေအနေကောင်းတဲ့ ချောင်လည်တဲ့ဘောလုံးသမားအနည်းစုလည်း နောက်ဆုံးတော့ သူလည်း မိုးခါး ရေသောက်ရတော့တာပါပဲ။ ဘောလုံးတသင်းမှာ လူ ၁၁ ယောက်ကစားနေပေမယ့် ရည်ရွယ်ချက်ချင်းက တူကြတာမဟုတ် ဘူး။ တချို့က ကြိုးစားပြီးကန်ချင်တယ်။ ဒိုင်းရအောင် ဒါမှမဟုတ် ဒုတိယတန်းမဆင်းရအောင် ကန်ချင်ကြတယ်။ ၂ ယောက် ၃ ယောက်လောက်က ကုန်းကြုံးကန်နေပေမယ့် ကျန်တဲ့သူတွေက ဝိုင်းဖြဲနေကြရင် ဒီလိုနဲ့ ကျွန်တော်တို့ရဲ့မြန်မာ့ဘောလုံး ရွှေခေတ်ကနေ (ငွေခေတ်) ကိုရောက်သွားတော့ ဘောလုံးကွင်းဆိုတာ ပိုက်ဆံရှာတဲ့ကွင်းကြီးဖြစ်လာပါတော့တယ်။ လေးဖက်လေးတန် မီးမောင်းကြီးတွေရဲ့အောက်မှာ ကစားနေတဲ့ဘောလုံးသမားတွေဟာ အဲဒီအချိန်မှာတော့ ငွေရှာနေတဲ့ လောဘသမားတွေဖြစ်ကုန်ပါပြီ။ အဲဒီအချိန် တနာရီခွဲအတွင်းမှာ သူတို့ ဘာမဆိုလုပ်ရဲတယ်။ ကိုယ့်ဂိုးကိုယ်သွင်းရမလား၊ ပယ်နတီပေးအောင် ဂိုးစည်းအတွင်း လူချပြရမလား၊ ဘောလုံးလက်နဲ့ပုတ်ရမလား၊ ပွဲပြီးငွေရဖို့ ဂုဏ်သိက္ခာတွေ မအေ နှမ ကိုင်တုတ်ပြီး အဆဲခံရတာအားလုံးကို လျစ်လျူရှုပြီး အောက်တန်းကျတဲ့အလုပ်ကို လုပ်ခဲ့ကြတယ်။
ကနေ့ ရွှေပြည်ကြီးရဲ့ နိုင်ငံရေးအခင်းအကျင်းကစားပုံကစားကွက်ကိုကြည့်ရတာ ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ ကျော်က အောင် ဆန်းကွင်းထဲက ခေါက်ဆွဲပွဲလုပ်ပွဲကို ကြည့်နေရသလိုပါပဲ။ ကိုယ့်ဂိုးကိုယ်ပြန်သွင်းတဲသူ၊ ဘောလုံးလက်နဲ့ပုတ်တဲ့သူ၊ ဂိုး စည်းအတွင်းမှာ ခါးဖြတ်ကန်ရဲတဲ့သူ၊ လက်ရှိအစိုးရနဲ့ လူထုခေါင်းဆောင်ကို အထင်သေးအောင်အမြင်စောင်းအောင် နောက် ရွေးကောက်ပွဲမှာ ဒီချုပ်ရှုံးအောင် လက်လွှတ်လိုက်ရတဲ့အာဏာပြန်ရအောင် အထက်လမ်းနည်း အောက်လမ်းနည်း ထမိန် ခြုံနည်းတွေနဲ့ နိုင်ငံရေးခေါက်ဆွဲပွဲတွေဆိုတာ အလွန်ထင်ရှားပါတယ်။
၁၉၆၂ ခုနှစ်၊ ဗိုလ်နေဝင်းအာဏာသိမ်းတော့ ဘာအကြောင်းပြရမှန်းမသိတဲ့အဆုံး တိုင်းပြည်ချောက်ထဲကျဖို့ လက်နှစ်လုံး အလိုမှာ ကယ်တင်ခဲ့ရတယ်လို့ ဆိုပါတယ်။ ၆၂ ခုနှစ်ကအခြေအနေကို လက်နှစ်လုံးဆိုရင်ဖြင့် ခုအခြေအနေကတော့ ချောက်ထဲ ဒုတ်ဒုတ်ထိရောက်နေပြီလို့ ပြောရပါလိမ့်မယ်။ ပြည်သူတွေအော်ကြောလန်နေတဲ့ ကနေ့တရားစီရင်ရေး၊ သာ သနာ့အရိပ်ခိုပြီး စစ်တပ်ဖင်ခုထိုင်နေတဲ့ဘုန်းကြီးအတုတွေ၊ ဗိုလ်သိန်းစိန်ဆင်းခါနီး မြှုပ်နှံထားခဲ့တဲ့ စစ်တပ်အလိုတော်ရိ တွေ၊ ရွေးကောက်ပွဲတုန်း ခွက်ခွက်လန်ရှုံးခဲ့တဲ့ ခွက်ပျောက်နေတဲ့ကောင်တွေဟာ တိုင်းပြည်ကို ဒုက္ခပေးရုံကလွဲလို့ ဘာမှ အသုံးမဝင်ပါဘူး။
ဘောလုံးတသင်းမှာ အနိုင်ရအောင်ကန်မယ်ဆိုတဲ့ အကန်သမားက အားနည်းပြီး ငွေရရင် ဘာမဆိုလုပ်မယ်ဆိုတဲ့ အဖြဲသမားဘက်က အားကောင်းရင် အဒီအသင်းရဲ့ ကံကြမ္မာကို ခန့်မှန်းလို့ရပါတယ်။ ပရိသတ်ကတော့ ဆဲရုံကလွဲလို့ ဘာ မှမတတ်နိုင်ပါဘူး။ ခုခေတ် ဖေ့စ်ဘုတ်မှာ ပျစ်ပျစ်နှစ်နှစ်ဆဲနေတာတွေ တွေ့ရတော့ ဟိုတခေတ်က တောင်ဘက်တန်း မြောက်ဘက်တန်းက ပယ်ပယ်နှယ်နှယ်ဆဲနေတဲ့သူတွေကို မြင်ယောင်မိပါသေးတယ်။ တဖက်အသင်းက ပိုက်ဆံယူထားတဲ့ဒိုင်လူကြီးများကတော့ သူ့အသင်း ဘာလုပ်လုပ် မမြင်ချင်ယောင်ဆောင်နေပြီး တဖက်အသင်းကိုတော့ ဘာမဟုတ်တာ လေးနဲ့ အဝါကဒ် အနီကဒ် ပြတော့တာပါပဲ။ ထမင်းဝအောင်စားထားဆိုတဲ့စာတန်းပါတဲ့တီရှပ်ဝတ်ပြီး တရားရုံးလာဝံ့တယ် ဆိုတာ တောရရုံဘက်လိုက်မှုနဲ့ မရပါဘူး။
ဘောလုံးတသင်းမှာ ရှေ့တန်းကလူတွေ ဘယ်လောက်ပဲ ကြိုးစားကြိုးစား နောက်တန်းရယ်၊ ဂိုးသမားရယ် ဖြဲပြီဆိုရင် ရှုံးဖို့ သေချာပါတယ်။ အုတ်တံတိုင်းကြီးနဲ့တူတဲ့ နောက်တန်း၊ အသင်းရဲ့အနိုင်အရှုံးကို အဆုံးအဖြတ်ပေးနိုင်တဲ့ ဂိုးသမား၊ သူတို့မရိုးသားတော့ဘူးဆိုရင် …။ ထို့အတူပါပဲ ပြည်ထဲရေးတို့ ကာကွယ်ရေးတို့ နယ်စပ်လုံခြုံရေးတို့ဆိုတာ တိုင်းပြည်ရဲ့ အုတ်တံတိုင်း နိုင်ငံရဲ့ ကံကြမ္မာကို ဆုံးဖြတ်ပေးနိုင်တဲ့သူ … သူတို့ဖြဲပြီဆိုမှဖြင့် …။
သာထက်အောင်