လင်းသက်ငြိမ် ● မယုံကြည်ရခြင်းများ
(မိုးမခ) ဖေဖော်ဝါရီ ၁၇၊ ၂၀၁၈
မယုံကြည်ရခြင်းဟာ နေရောင်ထိုးကျနေတဲ့
သဲသောင်ပြင်လို တလက်လက်
ငါ့ဘယ်ဘက်နံဘေးကထွက်လာတယ်
ငါ့ညာဘက်နံဘေးကထွက်လာတယ်
ငါ့အရှေ့အနောက်ကထွက်လာတယ်
ငါ့တောင်မြောက်ဝဲယာကထွက်လာတယ်
ငါ့အုပ်ချုပ်သူဆီကထွက်လာတယ်
ငါ့ချစ်သူဆီကထွက်လာတယ်
ငါ့မိတ်ဆွေတွေဆီကထွက်လာတယ်
မယုံကြည်ရခြင်းကို မယုံကြည်ရခြင်းက ခရီးဦးကြိုပြုလို့
မယုံကြည်ရခြင်းကိုမယုံကြည်ရခြင်းက
လက်ဖက်ရည်ခေါ်တိုက်တယ်
မယုံကြည်ရခြင်းဟာ မယုံကြည်ရခြင်းတွေနဲ့
ပြိုင်တူစီးဆင်းသွားကြလေရဲ့
မယုံကြည်ရခြင်းနဲ့ မယုံကြည်ရခြင်းတို့
ပြိုင်တူတိုက်ခတ်ကြတယ်
မယုံကြည်ရခြင်းက မယုံကြည်ရခြင်းတွေနဲ့
မှီတင်းနေထိုင်ပြီး
မယုံကြည်ရခြင်းနဲ့ မယုံကြည်ရခြင်းတို့
သံဝါသပြုကြတယ်
ဘယ်နေရာကြည့်ကြည့်
မယုံကြည်ရခြင်းများ
ဘာသံကိုပဲကြားကြား
မယုံကြည်ရခြင်းများ
အမှန်တရားဆိုတာလည်း မယုံကြည်ရဘူးတဲ့
အသိပညာဆိုတာတွေလည်း မယုံကြည်ရဘူးတဲ့
ကိုယ့်ရှင်သန်မှုကိုယ် လှမ်းခေါ်ကြည့်တော့
မယုံကြည်ရခြင်းတွေပဲ ပြေးထွက်လာကြတယ်
အပျက်အပျက်နဲ့ အိုင်ထွန်းနေတဲ့ သွေးတွေ
အရူးအမူး ကခုန်နေကြတဲ့ မယုံကြည်ရခြင်းတွေရဲ့
တေးသွားက ဘာတံဆိပ်လဲ။
လင်းသက်ငြိမ်