ဂါမဏိ – ယနေ့ ကရင်အမျိုးသားတို့ရဲ့ အဆင့်မြင့်ပညာရေးအခြေအနေ – (အပိုင်း ၂)
(က) အင်ဂျင်နီယာသင်တန်း Engineering Study Programme ။ မယ်လဒုက္ခသည်စခန်းမှာရှိပြီး ၃ နှစ်သင် ကျောင်းဖြစ်တယ်။ ၂၀၀၃ ခုမှာ တည်ထောင်ခဲ့ပြီး လက်ရှိ ကျောင်းသား ၆၀ ကျော်ရှိတယ်။
(ခ) ခေါင်းဆောင်မှုနှင့်စီမံခန့်ခွဲမှုအတတ်သင်ကောလိပ် Leadership and Management Training College ။ မယ်လဒုက္ခသည်စခန်းမှာရှိပြီး ၄ နှစ်သင်ကျောင်း ဖြစ်တယ်။ ကျောင်းသား ၂၀၀ ကျော်ရှိတယ်။
(ဂ) ရှလွမ် အနုပညာနှင့်ခေါင်းဆောင်မှုကောလိပ် Shalom Arts and Leadership College (Leadership and Management Course) ။ မယ်လဒုက္ခသည်စခန်းမှာဘဲရှိပြီး ၄ နှစ်သင်ကျောင်း ဖြစ်တယ်။ ကျောင်းသား ၂၀၀ ကျော်ရှိတယ်။ ၁၉၉၉ ခုမှာ တည်ထောင်ခဲ့တယ်။
(ဃ) ကရင်စီးပွားရေးဖွံ့ဖြိုးရေးသင်တန်း Karen Economics Development Course ။ နို့ဖိုးဒုက္ခသည်စခန်းမှာ ရှိပြီး ၂ နှစ်သင်ကျောင်းဖြစ်တယ်။ ကျောင်းသား ၇၀ ရှိတယ်။ ၂၀၀၃ တုန်းကစခဲ့တယ်။ စီးပွားရေးပညာနဲ့ စာရင်းကိုင်ပညာ အဓိကသင်ပေးတယ်။
(င) အင်္ဂလိပ်စာအကျွမ်းဝင်သင်တန်း English Immersion Programme ။ ယခင်က အုမ်းဖျံဒုက္ခသည် စခန်းမှာရှိပြီး အခုတော့ ကရင်ပြည်နယ်တွင်း KNU တပ်မဟာ(၆) နယ်မြေကို ရွှေ့သွားပြီဖြစ်တယ်။ တနှစ်သင် ကျောင်းဖြစ်တယ်။ ကျောင်းသား ၂၄ ယောက်ဘဲ လက်ခံတယ်။ ၂၀၀၃ မှာ စတင်ခဲ့တယ်။
KRC IHE အောက်မှာမဟုတ်ဘဲ သီးခြားလွတ်လပ်စွာရပ်တည်နေတဲ့ အဆင့်မြင့်ပညာကျောင်းတချို့လည်း ရှိသေးတယ် –
(စ) ဆရာဖြစ်သင်တန်း Teacher Certification Programme ။ မယ်လဒုက္ခသည်စခန်းမှာရှိပြီး ၁၀ လသင် တန်းဖြစ်တယ်။ ၂၀၀၉ မှာ စတင်ခဲ့တယ်။
(ဆ) ကရင်ဆရာအတတ်သင်ကျောင်း Karen Teacher Training College က ဖာပွန်ခရိုင်မှာရှိပြီး ၂ နှစ်သင် တန်းဖြစ်တယ်။ ၂၀၀၄ ခုမှာ ထူထောင်ခဲ့တယ်။
(ဆ) မဲဆောက်မြို့က နာမယ်ကျော် မင်းမဟော်ကျောင်းကတော့ ၂၀၀၇ ခုနှစ်မှာ ဦးသန်းထွဋ် (NLD-LA) တည်ထောင်ခဲ့ပြီး တနှစ်ကို ကျောင်းသား ၂၄ ယောက် လက်ခံတယ်။ အမေရိကန်အထက်တန်းအောင် လက်မှတ်စာမေးပွဲ GED အတွက် တနှစ်ကာလအချိန်ယူပြီး ပြင်ဆင်ပေးတဲ့အတွက် ကျောင်းသူကျောင်းသား ၁၀၀ ကျော် ၂၀၀ နီးပါးဟာ ထိုင်း ဟောင်ကောင် ဘင်္ဂလားဒေ့ရှ် ဖိလိပိုင်တက္ကသိုလ်တွေမှာ စကောလားရှစ်နဲ့ တက်ရောက်နိုင်ခဲ့ကြတယ်။ ကိုယ့်စရိတ်နဲ့ကိုယ် တတ်နိုင်ရင်တော့ ဘယ်နိုင်ငံကတက္ကသိုလ်မဆို တက်ခွင့်ရှိ တယ်။ GED အဆင့်မမှီသေးတဲ့ ကျောင်းသားတွေကိုတော့ Post-10 တနှစ်သင်တန်း ဖွင့်ပေးတယ်။
(ဇ) ဒါ့အပြင် မဲဆောက်မြို့က ရွှေ့ပြောင်းအလုပ်သမား သားသမီးတွေအတွက် ဖွင့်ထားတဲ့ (ဒေါက်တာစင်သီ ယာမောင်ရဲ့) CDC ၊ (ဆရာမကြီးနော်ဖောရေရဲ့) ဆာသူးလေ၊ (ဆရာမင်းလွင်ရဲ့) ပါရမီ၊ (ဆရာကြီးမန်းဗလ ရှင်ရဲ့) ခွဲကဘောင်၊ (ဒေါ်အေးအေးမာရဲ့) SAW ၊ (ဆရာကြီးခိုင်ဦးမောင်ရဲ့) BHSOH ၊ (ဆရာဇော်လွင်ဦးရဲ့) သွေးသစ် အထက်တန်းကျောင်းတွေကလည်း ၁၂ တန်းအောင်တဲ့ ကရင် အပါအဝင် မြန်မာပြည်သားရွှေ့ ပြောင်းကျောင်းသားတွေကို အမေရိကန်အထက်တန်းအောင်လက်မှတ်စာမေးပွဲ GED ဖြေနိုင်အောင် ပြင်ဆင် ပေးပြီး ထိုင်းနိုင်ငံက ချင်းမိုင်၊ ဖာယပ်၊ ကွန်းကင် စတဲ့ တက္ကသိုလ်တွေမှာ စကောလားရှစ်နဲ့ သို့မဟုတ် ကိုယ့် စရိတ်နဲ့ကိုယ် အဆင့်မြင့်ပညာ ဆည်းပူးနိုင်အောင်လုပ်ပေးနေတယ်။
(ဈ) ဆရာမကြီးနော်ဖောရေတည်ထောင်ခဲ့တဲ့ Wide Horizon ကျောင်းကတော့ NGO တွေနဲ့ ရုံးလုပ်ငန်းတွေ အတွက်အသုံးဝင်မယ့် အဆင့်မြင့်ပညာရပ်တွေ အဓိကသင်ပေးတဲ့ အင်္ဂလိပ်စာဦးစားပေး တနှစ်သင်အသက် မွေးဝမ်းကျောင်းပညာသင်ကျောင်းဖြစ်ပြီး ၂၀၀၆ ခုမှာ တည်ထောင်ခဲ့တယ်။ ကျောင်းသား ၂၄ ယောက်ဘဲ လက်ခံတယ်။ အခုတော့ မဲဆောက်မြို့ကနေ မော်လမြိုင်ကို ရွှေ့သွားပြီဖြစ်တယ်။
(ည) ၂၀၀၇-၂၀၀၈ မှာ တည်ထောင်ခဲ့တဲ့ မဲဆောက် Youth Connect သင်တန်းကျောင်းက ၁၀ တန်း ၁၂ တန်း ကျောင်းသားတွေ အဆင့်မြင့်တက္ကသိုလ်ပညာရေး ဆက်မလိုက်တော့ဘဲ ပြင်ပလောကထွက်ပြီး အသက်မွေး ဝမ်းကျောင်းနိုင်ဖို့ ဘာသာစကား၊ ကိုယ်ရည်ကိုယ်သွေးနဲ့ တခြားအရည်အသွေးတွေ ပြင်ဆင်ပေးတာဖြစ်တယ်။ အထူးသဖြင့် ကျွမ်းကျင်ရွှေ့ပြောင်းအလုပ်သမားတွေကို မွေးထုတ်ပေးဖို့ဖြစ်တယ်။ ၃ လသင်တန်း၊ ၁၀ လသင် တန်းတွေ ဖွင့်ပေးတယ်။ ၄၅ ယောက်ဘဲ လက်ခံတယ်။
ကရင်နီတိုင်းရင်းသားတွေအတွက်လည်း အထက်တန်းလွန်တကျောင်းရှိတယ်။ –
၂ နှစ်သင် ကရင်နီဒေသကောလိပ် Karenni Community College ဟာ ကရင်နီ ဆယ်တန်းလွန် ဝိဇ္ဇာ သိပ္ပံ ကျောင်း Karenni Post Ten Art and Science School နဲ့ ကရင်နီ ခေါင်းဆောင်မှုနဲ့ စီမံခန့်ခွဲရေးသင်တန်း Karenni Leadership and Management Course တို့ကို ပူးပေါင်းလိုက်တာဖြစ်ပြီး မဲဟောင်ဆောင်ခရိုင် နားဆွယ်ရွာအနီးက ကရင်နီဒုက္ခသည်စခန်းအမှတ် ၁ မှာရှိတယ်။ ဒါ့အပြင် ၂၀၀၅ တုန်းကတည်ထောင်ခဲ့တဲ့ နားဆွယ်ရွာဒေသကျောင်း Ban na soi Community Learning Center ဆိုတာကလည်း အသက်မွေးဝမ်း ကျောင်းပညာတွေ သင်ပေးတာရှိတယ်။
စစ်အာဏာရှင်တွေရဲ့ ဖြတ်လေးဖြတ်ဒဏ်ကြောင့် ပညာရေး ကျန်းမာရေး လူမှုရေး အဖက်ဖက်က နိမ့်ကျခဲ့ရတဲ့ ကရင်တိုင်းရင်းသားလူငယ်တွေကို အဆင့်မြင့်ပညာ တတ်နိုင်သမျှရအောင် နိုင်ငံတကာနဲ့ပူးပေါင်းပြီး ကြိုးစား နေကြပေမဲ့ အခုအခါမှာတော့ ငွေကြေးထောက်ပံ့သူတွေဟာ ပြည်တွင်းဝင်ခွင့်ရလာလို့ နယ်စပ်ဒေသ ဒုက္ခသည် စခန်းတွေက တိုင်းရင်းသားလူငယ်တွေနဲ့ ရွှေ့ပြောင်းအလုပ်သမား သားသမီးတွေကို လျစ်လျူရှုလာကြတယ်။ ဒါကြောင့် အထက်ကပြောခဲ့တဲ့ အဆင့်မြင့်ပညာကျောင်းတွေဟာ ဘဏ္ဍာငွေအတော်ခက်ခဲလာကြပြီး မနည်း ရုန်းကန်နေကြရတယ်။ ဒီကျောင်းတွေမှာ ကျောင်းအိပ်ကျောင်းစား ဘော်ဒါဆောင်တွေလဲရှိလို့ ရိက္ခာနဲ့ နေထိုင် ရေးစရိတ်တွေပါ ကုန်ကျခံကြတယ်။
ကျောင်းဆင်းအများစုကတော့ အင်္ဂလိပ်စာအဆင့်အတန်း တော်တော်ကြီး မြင့်သွားကြတယ်။ နိုင်ငံတကာ တက္ကသိုလ်တွေတက်နိုင်ဖို့ အခြေခံတွေ အဆက်အသွယ်တွေ ရသွားကြတယ်။ တကယ်တော့ ငယ်ငယ်ကလေး တည်းက တောကြိုအုံကြားမှာနေခဲ့ရ သို့မဟုတ် ထိုင်းနယ်စပ်ရောက်လာခဲ့ရတဲ့ ကရင်လူငယ်တွေအဖို့ အဆင့် မြင့်တက္ကသိုလ်ပညာသင်နိုင်ဖို့ တခြားနည်းလမ်းတွေလည်း ဟုတ်ဟုတ်ငြားငြားမရှိသေးပါဘူး။
ဂါမဏိ
ရည်ညွှန်း။
http://childsdream.org/projects/karen-refugee-committee-education-entity-krcee/