အပြည်ပြည်ဆိုင်ရာ သက်ကြီးများနေ့၊ မောင်စွမ်းရည်နဲ့ စကားစမြီ
မောင်ရစ်၊ အောက်တိုဘာ ၁၊ ၂၀၁၃
တကယ်တန်းကတော့ ဒီနေ့က စက်တင်ဘာ ၃၀ ပါ။ အမေရိကားမှာ နက်ဖြန်မှ လူကြီးများနေ့ ဖြစ်မှာ။ မိုးမခရဲ့ လူကြီးတွေထဲမှာ ဆရာဦးဝင်းတင်နဲ့ ဆရာမောင်စွမ်းရည်တို့နဲ့ စကားစမြီ မပြောဖြစ်တာ ကြာပြီ။ အန်တီမာမာအေး ဗမာပြည်က ပြန်ရောက်တုန်း လူကြီးက လူငယ်ဆီကို ဖုန်းဆက်ရှာတယ်။ မပြောလိုက်ရဘူး။ ပြန်ဆက်တော့လည်း ဖုန်းက မကိုင်ဘူး။ ဘာတွေ အလုပ်များနေတယ် မသိ။ ကဲ သည်တော့ ပြောချင်တာက နက်ဖြန် လူကြီးများနေ့၊ မိုးမခမိသားစုမှာ လူကြီးတွေ ရှိတယ်။ ကျနော်တို့ လူရွယ်တွေက အချိန်ယူပြီး လူကြီးတွေနဲ့ စကားစမြီ မပြောဖြစ်ဘူး။ သူတို့အကြောင်း စာလည်း မရေးဖြစ်ဘူး။ အတော်ဆိုးတာပဲ။ သည်တော့ ဒါနဲ့ပဲ လူကြီးများနေ့အကြောင်း စာရေးမယ် ဆုံးဖြတ်ပြီး အခု စာရေးလိုက်တယ်။
အမြဲတန်း လူကြီးက ကလေးတွေဆီ ဖုန်းဆက်တာ ထုံးစံလိုဖြစ်နေတယ်။ ဆရာမောင်စွမ်းရည်က တပတ်တခါတော့ ဖုန်းဆက်တယ်။ သူက နားကလည်း လေးတော့ သူတခွန်း၊ ကိုယ်တခွန်း တောင်ပြော၊ မြောက်ပြော ပြောဖြစ်တာပေါ့။ ဒီတခေါက်တော့ ကိုယ်က စပြီး ဖုန်းဆက်တာပါ။ အကြောင်းရှိလို့။ လူငယ်တွေက လူကြီးတွေ ဆီကို ကိစ္စရှိမှ တခုခုလိုချင်မှ ဆက်တာများပါတယ်။ လူကြီးတွေကတော့ သတိရရင် ဆက်တာပါပဲ။
ဆရာမောင်စွမ်းရည်ကို ဆက်တဲ့အချိန်က သူတို့နယူးယောက်အချိန် နေ့ခင်း ၁ နာရီကျော်။ သူက လမ်းပေါ်မှာနဲ့ တူတယ်။ ကိုယ်ပြောတာ ကြားပုံမရဘူး။ သူပြောချင်တာ ဆက်ပြောနေတာပဲ။ သူက လူကြီးကိုး၊ ကြိုးစားပြီး ပြောရတာပေါ့။
ရစ် – ဆရာ့ကို မျက်နှာဖုံးတင်ပြီး ဗမာပြည်က ပိတောက်ပွင့်သစ်က မဂ္ဂဇင်းထုတ်မယ် သတင်းလုပ်ထားတယ်၊ သိပြီးပြီလား
စွမ်း – မသိဘူး။ ငါလည်း ဒီမှာ ဘုန်းကြီးကျောင်း ၁၀ ကျောင်းလောက်ရှိတော့ ဘုန်းကြီးကျောင်းတွေ လှည့်သွားနေတာနဲ့ အလုပ်များနေတယ်။
ရစ် – အော် … အလင်္ကာစာပေက ဖေ့စ်ဘွတ်မှာ ရေးထားတယ်။ ကိုဦးက သူ့ဘလောက်မှာ တင်ထားတယ်။ ဒါနဲ့ ကျနော်တို့ကလည်း မိုးမခမှ ကူးတင်လိုက်တယ်။ ဆရာ့ကို ဘယ်သူမှ လာမပြောဘူးလား။
စွမ်း – ဘယ်သူမှ မပြောပါဘူး။ ရန်ကုန်မှာ ငါ့ သားသမီးတွေ အမျိုးတွေ ရှိသေးတာ မသိကြဘူးနဲ့ တူတယ်။ အဆက်အသွယ် မရကြသလားလည်း မသိပါဘူး။ ငါ့တူ သားစိုးတို့လည်း ရှိတာပဲ။ ပြောရင် ငါလည်း တဆင့် သိမှာပေါ့။
ရစ် – အင်း၊ ဒါဆိုလည်း ပြီးရော။ တခြား ဘာထူးသေးလဲဆရာ။
စွမ်း – ငါလည်း အိမ်ရောက်မှ အင်တာနက်ဖွင့်ကြည့်လိုက်မယ်။ ဘာထူးသလဲဆိုတော့ မင်းတို့တတွေ ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် တခုခု မလုပ်ကြဘူးလား။ မစဉ်းစားထားဘူးလား။
ရစ် – အင်း … အချိန်က လိုသေးတာပဲ ဆရာ။ ဆရာက ဘာလုပ်စေချင်လို့လဲ။
စွမ်း – ငါက ဘာမှ မလုပ်ချင်ပါဘူး။ မင်းတို့တတွေ လုပ်ချင် လုပ်ဖို့ ပြောတာပါ။ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း၊ ပြခန်းလိုမျိုး၊ စာတွေ ဆောင်းပါးတွေ စုပြီး တင်တာ ပြတာမျိုး။ မင်းတို့ဆီမှာ မောင်ထင်ရေးတဲ့ ဗမာနိုင်ငံရေးသုခမိန် ရှိသလား။
ရစ် – ရှိမယ် ထင်တာပဲ။ ဆရာလိုချင်လို့လား။ ဆရာ ကျနော့်တို့ဆီလာတော့ စာအုပ်စင်ထဲမှာ တွေ့သေးတယ် မဟုတ်လား။
စွမ်း – မသိပါဘူး။ ငါ့ဆီမှာ မရှိလို့ ကော်ပီကူးထားရတယ်။ အဲလိုမျိုး စာတွေ ပုံတွေနဲ့ ဗိုလ်ချုပ်အောင်ဆန်း ရာပြည့် လုပ်ကြရမယ်။ ငါကတော့ မလုပ်ပါဘူး။ အကြံပေးတာပါ။ ကြိုက်ရင် လုပ်၊ မကြိုက်လည်း ထားလိုက်ပေါ့။
ရစ် – ဟုတ်ကဲ့ပါ။ တခြားကော ဘာထူးသေးလဲ။
စွမ်း – ငါအခုတလော ဗမာပြည်က ကဗျာဆရာတွေ စုပြီးထုတ်တဲ့ ကဗျာစာအုပ်တွေ ဖတ်နေတယ်။ အတော် သပ်သပ်ရပ်ရပ်ထုတ်တာပဲ။ ငါ့ကို ကဗျာဆရာ မင်းတာရာက ပို့ပေးလို့ ငါဖတ်ရတာ။
ရစ် – ဟုတ်လား။ မင်းတာရာက နယူးယောက်မှာလား။ ကျနော်တို့ဆီမှာ သူလည်း ကဗျာတွေ ဘာတွေ ရေးဖူးတယ် ထင်တယ်။
စွမ်း – အင်း၊ ဟုတ်မှာပေါ့။ သူက ဖို့ဝိန်းကကွ။ တိုင်းရင်းသားပဲ။ ပြီးတော့ ဗမာပြည်က ကဗျာဝါသနာရှင်တွေ ပြည်ပက ကဗျာဆရာတွေရဲ့ ကဗျာတွေကို စုပြီး ပြည်တွင်းမှာ ထုတ်ဖို့ စီစဉ်နေကြတယ်။ မင်း သိပြီးပြီလား။
ရစ် – မသိဘူးလေ။ ဗမာပြည်ပမှာ ကဗျာဆရာတွေ အများကြီးပဲ မဟုတ်ဖူးလား။
စွမ်း – ဟုတ်တယ်။ ငါလည်း မှတ်မိသလောက် စာရင်းလုပ်ကြည့်နေတယ်။
ရစ် – ကောင်းတာပေါ့။ သတင်းလုပ်ဖို့ ရှိရင်ပြောလေ။ မိုးမခမှာ သတင်းလုပ်မှာပေါ့။
စွမ်း – အေး၊ အေး၊ ဒါပဲမဟုတ်လား။ ငါ မင်းကို သတင်းပို့စရာ ကုန်ပြီ။ အခု ငါအိမ်ပြန်မှာ မြေအောက်ရထား စောင့်နေတာ။ ဖုန်းချလိုက်တော့မယ်။
(ဂလောက်)
ဒါကတော့ လူကြီးတဦးနဲ့ မောင်ရစ်စကားစမြည်ပါ။ တကယ်က ကျနော့်မှာ ပြောစရာ ရှိသေးတယ်။ သူက ပြောချင်တာပြောပြီး ဖုန်းချသွားတာပဲ။ ဒီလိုနဲ့ ဆရာမောင်စွမ်းရည်ကို နောက် ၁ နာရီလောက်မှ ထပ်ပြန်ဆက် ရပြန်ပါတယ်။
ရစ် – ဆရာစွမ်းလား။ အိမ်ပြန်ရောက်ပြီလား။
စွမ်း – ရောက်ပြီ၊ ဒါက ငါ့သားအိမ်။ အခု ကလေးထိန်းနေတယ်။ ကလေးကို ကျောင်းကြို၊ ကလေးထိန်းပေါ့ကွာ။
ရစ် – ပြောစရာ တခုကျန်သေးလို့ ဆရာရဲ့။ ဟိုဟာလေ … ကျနော်တို့မိုးမခမှာ စာပေ၀ါသနာရှင်တွေ စာရေးချင်သူတွေကို အားပေးတဲ့အနေနဲ့ မိုးမခ စာမူပြိုင်ပွဲလေး လုပ်ရင် ကေင်းမလားလို့။ ဆရာက လူကြီးပေါ့။ စာမူရွေးတဲ့ ကော်မီတီလေး ဖွဲ့မယ်။ စာမူတွေ ခေါ်မယ်။ ဆရာတို့က ရွေးမယ်။ ကြေညာပြီး ဆုပေးမယ်လေ။
စွမ်း – ဒါက မင်းအကြံလား။ ဘယ်သူပြောလို့လဲ။
ရစ် – ကျနော်တို့ဆီက ပင်တိုင်စာရေးဆရာ သန်းဝင်းလှိုင်က စဉ်းစားတာပါ။ သူက စာရေးချင်သူတွေအတွက် တခုခု လုပ်ပေးချင်တယ်။ သူလည်း ကော်မီတီထဲမှာ ပါရမှာပေါ့။ တခြားကျနော်တို့ဆီက ဆရာတွေကိုလည်း စာမူရွေးချယ်တဲ့အထဲ ထည့်ဖို့ ပြောပါတယ်။
စွမ်း – မင်းက လတိုင်းပေးမှာလား၊ တနှစ်တခါ ပေးမှာလား။ ဘယ်လို ခေါင်းစဉ်မျိုး စဉ်းစားထားလဲ။
ရစ် – သိသေးဘူးလေ။ စာပေ၀ါသနာရှင်တွေ ဘယ်လောက် စိတ်ဝင်စားမလဲ၊ ပါဝင်မလဲပေါ်မှာ မူတည်တာပေါ့။
စွမ်း – ပြည်တွင်း ပြည်ပလား။
ရစ် – ပြည်တွင်း ပြည်ပ က စာပေ၀ါသနာရှင်တွေပေါ့ ဆရာရဲ့။ ဆရာလည်း ကျနော်တို့ကို ကူပြီး ၀ိုင်းစဉ်းစားပေးမှပေါ့။
စွမ်း – အေး၊ စဉ်းစားပေးမယ်။ ခေါင်းစဉ်ကို ရှင်းရှင်းပေးနော်။ အရှည်ကြီးတွေ မပေးနဲ့။
ရစ် – အင်းပါ။ သုတကော၊ ရသကော အကုန် စပ်ပြီး ရေးလို့ရမယ့် အက်ဆေးလိုမျိုး စာတန်းငယ်လိုမျိုး ရေးအောင် လုပ်မယ်လေ။ ဆရာသန်းဝင်းလှိုင်ကိုလည်း ထပ်ပြီး တိုင်ပင်လိုက်ဦးမယ်။ သူက ဆရာ့ကို လူကြီးအဖြစ် ဦးဆောင်စေချင်တယ်။ ၀ိုင်းတော်သားထဲက ပင်တိုင်တွေထဲက သင့်တော်သူ ၅ ဦးလောက်က စာမူပြိုင်ပွဲ ဆုရွေးချယ်ရေးအဖွဲ့ထဲမှာ ပါကြမယ်ပေါ့။
စွမ်း – ကောင်းတယ်။ ပြီးမှ ငါ့ကို အသေးစိတ်ထပ်ပြောလေ။ ငါက မင်းပြောတာကို သဲသဲကွဲကွဲ မကြားရဘူး။ မင်းတို့ကလည်း ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်အတွက် တခုခုလုပ်ဖို့ မစဉ်းစားဘူးလား။ ငါ မင်းကို ပြောပြီး ပြီလား။ ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်ပွဲလုပ်ချင်တဲ့သူက စာဖတ်ထားဦးမှ ဖြစ်မှာ။ စာလည်း မဖတ်၊ စာလည်း စုမထားဘဲနဲ့ ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်ပွဲ လုပ်ချင်လို့ မဖြစ်ဘူးလေ။ ဟုတ်လား၊ ငါပြောတာ ကြားလား။
ရစ် – ကြားတယ်၊ ကြားတယ်။ ဒါပဲလေ။ နောက်မှ ထပ်ဆက်ဦးမယ်လေ။
(ဂလောက်)
ကဲ ဒါကတော့ မောင်ရစ် လူကြီးနဲ့ စကားပြောခြင်းပေါ့။
ဟိုးလွန်ခဲ့တဲ့ ၁၅ နှစ် ကျော်နောက်ပိုင်းတုန်းက ရန်ကုန်မှာ အဖိုးတွေ အဖွားတွေနဲ့ နေခဲ့စဉ်မှာ လူကြီးတွေနဲ့ စကားစမြီ ပြောခဲ့တာတွေ ပြန်တွေးမိတယ်။
အခုတလောမှာ အဖေနဲ့ အမေနဲ့ ဖုန်းကတဆင့် စကားပြောတာတွေ ပြန်တွေးမိတယ်။ အဖေက “Life goes to the movies” စာအုပ် လိုချင်တယ်လို့ပြောတယ်။ ဖုန်းချပြီးတာနဲ့ Amazon မှာ ရှာပြီး ၀ယ်လိုက်တယ်။ အခု အိမ်တော့ ရောက်နေပြီ။ အဖေဆီ ပို့ပေးဖို့ပဲ ကျန်တော့တာပေါ့။ မင်း အဆင်ပြေမှ ပို့ပါကွာလို့ အဖေက ပြောတယ်။ အင်း … အမေနဲ့ ဘာပြောဖြစ်ခဲ့သလဲ။ ပြန်စဉ်းစားမိတော့ … သူတို့လည်း အသက်ကြီးလာတော့ ရာသိဥတုတွေ ဆိုးလာရင် နေမကောင်းချင်သလိုဖြစ်တယ်တဲ့။ အရင်တုန်းက အားဆေးတွေ ဘာတွေ စားစရာ မလိုဘူးထင်တာ၊ အခုတော့ သူတို့လည်း လူကြီးတွေ ဖြစ်လာတော့ ဆေးတွေ ဘာတွေ သောက်ရတယ်။ အဲသည်ကျရင် လန်းဆန်းသွားတယ်လို့ ပြောတယ်။ ဆရာဦးဝင်းတင်နဲ့ကော ဘာပြောဖြစ်ခဲ့သလဲ။ လွန်ခဲ့တဲ့ ဇွန်လကတည်းက ဖုန်းမဆက်ဖြစ်သေးဘူး။ ပြောခဲ့တာကလည်း အင်န်အယ်ဒီအကြောင်းပဲ ပြောဖြစ်တာပါ။
ဟိုး လွန်ခဲ့တဲ့ ၁၅ နှစ်ကျော် နောက်ပိုင်းမှာ သူတို့မဆုံးခင်၊ အဖိုးတွေ အဖွားတွေနဲ့ ဘာပြောဖြစ်ခဲ့သလဲ။ သူတို့စာသင်နေတဲ့ ပြဇာတ်တွေ အကြောင်း ပြောဖြစ်ခဲ့တယ် ထင်ပါတယ်။
ခင်ဗျားတို့တတွေကော အခုတလော လူကြီးတွေနဲ့ ဘာစကားတွေ ပြောဖြစ်သလဲ။
ပြောပြီးပြီလား။