KT# |
ရှင်သန်မှု စစ်စစ်များ
ကမ်လူဝေး
(မိုးမခ) ဇန်နဝါရီ ၇၊ ၂၀၁၈
ဓမ္မနဲ့ အဓမ္မ အားပြိုင်ရာ
ဓမ္မက နိုင်ရမတဲ့
ခက်ပုံများ
ခင်ဗျား စွဲကိုင်ထားတဲ့ ဓမ္မက
ဓမ္မ မဟုတ်ဘူး
ခင်ဗျား ကိုးကွယ်တဲ့ဘုရားက
ဖွတ်ထွက်လာတဲ့တောင်ပို့ကြီး ။
စိုက်ခင်းကို မယုံကြည်မှုနဲ့ ကြည့်တယ်
ဘာတွေ သီးပွင့်လာလေမလဲ
စိုက်တဲ့ အတိုင်းရိတ်သိမ်းရမတဲ့
ဖြစ်နိုင်ပါ့မလား
မယုံကြည်မှုတွေသာ ပွားများလာခဲ့။
မပျော်ဘူး
ရှင်သန်နေမှုက မပျော်ဘူး
ရှင်သန်နေမှုကို အဆုံးသတ်ရင်
ပျော်ရွှင်မှုတွေ ဝင်လာမလား
တချို့ကတော့ နောင်ဘဝမှာ
ပျော်ရွှင်စရာ ရှာဖို့ ထွက်သွားကြ။
ထမင်းဝအောင် မစားရတဲ့သူကို
ဟင်းလျော့စားခိုင်းတဲ့ အဖိုးက
အကောင်းစားဝီစကီပုလင်းကို ပိုက်လို့။
ဓမ္မအတု
စိုက်ခင်းအတု
ဝီစကီအတုသောက်နေတဲ့ လူအတု
မပျော်မရွှင်ရှင်သန်မှုသာ အစစ်ဖြစ်ရဲ့။ ။