မောင်လူရေး – အဆိပ်စားများ
ညွှန်းထားတာက တစ်ဧကကို ၇ ထုပ်။ ဒါပေမယ့် အာ့လောက် မကြဲဘူး။ 1 kg ကို မြေဆီ 5 kg နဲ့ရောမယ်ဆိုရင် 6 kg ဖြစ်သွားတာ။ ပွားလိုက်တာပေါ့လေ။ အဲဒီမှာ ကျဲတဲ့အချိန် ပိုကြာသွားတယ်။ မြေဆီနဲ့ မွှေလိုက်တော့ သူက ရောပြီးတော့ အဆိပ်ငွေ့တွေ ဖြစ်သွားတာပေါ့။ ပုလဲဆို ပိုဆိုးတယ်။ သုံးထုပ်ဆို သုံးထုပ်ကျဲတာက ဘာမှ မကြာဘူး။ မြေဆီနဲ့ ရောတဲ့အခါကျတော့ အဆိပ်က ပိုများလာတာပေါ့။ ပိဿာနဲ့ ပြောမယ်ဆိုရင် ၆ ပိဿာ၊ ၇ ပိဿာပေါ့။ မြေဆီတစ်ဝက်လောက်နဲ့ ရောမယ်ဆိုရင် ၁၅ ပိဿာလောက် ဖြစ်သွားတာ။ တစ်ထုပ်ကြဲလို့ ၁၅ မိနစ်၊ မိနစ် ၂၀ ဆို၊ အရောက တနာရီလောက်ပိုကြာတာပေါ့။
ဒီကောင်က ပုံမှန်တော့ အနံ့မရှိဘူး။ ဈေးကွက်ထဲမှာတော့ အနံ့ပါတာများတယ်။ ဈေးသက်သာလို့လို့လည်း ပြောလို့ရတယ်။ 3ဂျီလို့ ပြောပေမယ့် အစစ်တော့ မဟုတ်ဘူး။ တရုတ်က လာတဲ့ဟာတွေကိုး။ ဒါပေမယ့် ပြီးခဲ့တဲ့ ဦးသိန်းစိန်ခေတ်တုန်းက ဗမာစာပါရင် မှတ်ပုံတင်ရှိတယ်ဆိုပြီး ဗမာလိုရေးကြတယ်။ တကယ်တမ်းတော့ မှတ်ပုံတင် မရှိဘူး။ ခုနောက်ပိုင်း ကြပ်လိုက်တော့ ဈေးကွက်ထဲက ပျောက်သွားတာတွေက မှတ်ပုံတင်မရှိဘူး။ ကုမ္ပဏီတွေက လုပ်တာ။ စိုက်ပျိုးရေးပိုင်းက အောက်လူတွေကလည်း ဗမာစာပါရင်ကို မှတ်ပုံတင်ရှိပြီ ထင်နေကြတာ။ ရောင်းတာကလည်း ကုမ္ပဏီကြီးတွေဆိုတော့ ယုံကြတာပေါ့။
စိုက်တဲ့ရက်ကနေ ရက် ၉၀ လောက်မှ ဖြန်းရမှာ။ အဲဒါကို ကြိုဖျန်းကြတာ။ မဖြန်းလဲ ဘာမှ မဖြစ်ဘူး။ ပုံမှန်ဆို ရက် ၉၀ လောက်မှ ဖြန်းတာ။ အဓိက ဖြစ်တာက စစ်ပိုးရှိတယ်။ ဖြုတ်ရှိတယ်။ အာ့တော့ စစ်ပိုးကို ကြောက်လို့ လုပ်တာ။ စစ်ပိုးက ကျတော့ ကျတယ်။ တစ်ပင်တည်း ကျတာလောက်ကတော့ ကြောက်စရာမလိုဘူး။ အပင်များမှသာ ကြောက်ရတာ။
ဆေးဖြန်းလို့ဆိုပြီး အလုပ်သမားတွေကိုလဲ ပိုမပေးဘူး။ အန္တရာယ်များမှန်းသိလည်း စားဝတ်နေရေးအရ လုပ်ကြရတာပေါ့။ ကာကွယ်မှုလေးတွေတော့ လုပ်သင့်တာပေါ့။ နိုင်ငံခြားတွေဆိုလည်း သုံးမှာဘဲလေ။ လက်အိတ်တို့ ဘာတို့ပေါ့။ ဒီမှာတော့ အာ့ဒါတွေ သွားပြောရင် လှောင်ခံရမှာပေါ့။ သူတို့ကို သူတို့ အဆိပ်ပြီးတယ် ထင်နေကြတာပေါ့။ တကယ်တမ်းတော့ ဘာကိုင်ကိုင် လက်အိတ်နဲ့ ကိုင်ရမယ်။ ဝတ်စုံတွေရှိတယ်။ ဆေးမတိုးတဲ့ အရာလေးတွေရှိတယ်။ အာ့ဒါဆိုရင် ကြောက်စရာမလိုဘူး။ မသုံးတာက ခက်တာ။
လယ်ကွက်တွေထဲ ဆင်းတဲ့သူတွေလဲ ဖြစ်တာဘဲ။ ချက်ချင်း မသေတာဘဲ ရှိတယ်။ ကျနော်တို့ရွာမှာတောင် ဆုံးသွားတာ။ အနာရှိနေတာရယ် ဆေးက အရေပြားပေါ်ထိတာနဲ့ သေသွားတာ။ မီသိုမှိုင်း(methomyn)ဆိုတဲ့ ဆေးတော်တော်သုံး ကြတယ်။ သူက ပြင်းတယ်။ ဒါပေမယ့် အနံ့မရဘူး။ အာ့တော့ လူတွေက သူတို့ထဲ ဝင်မှန်းလဲ မသိကြဘူး။ အာ့ကောင်က တကမ္ဘာလုံးက ပိတ်ထားတယ်။ ဒါပေမယ့် တရုတ်မှာ အာ့ဆေးတွေ ရှိတယ်။ ဒီမှာလည်း ဝင်တယ်။ အောက်ပိုင်းက တအားသုံးတယ်။ မှောင်ခိုတွေပဲပေါ့။ တရုတ်ဘက်မှာ အာ့စက်ရုံ နှစ်ရုံ ရှိတယ်လို့ ကြားတယ်။ တိုးတက်တဲ့ နိုင်ငံတွေမှာတော့ ban ထားတယ်။ နောက်ဆေးတစ်မျိုးရှိတယ်။ သူများနိုင်ငံမှာ မသုံးပေမယ့် ကျနော်တို့ဆီမှာ တအားရောင်းရတယ်။ ရေနေ သတ္တဝါတွေ သေတယ်။ ငါးဖော်တဲ့သူတွေဆို သိတယ် အာ့ဆေးက။ ငါးဖော်မယ်ဆို ညလောက်ကတည်းက နည်းနည်းလေးထည့်ထားလိုက်တာဘဲ။ မနက်ကျရင် ပေါ်လာတဲ့ ငါးတွေ ဆယ်လိုက်ရုံဘဲ။ အရင်ကတော့ သုံးတယ်။ ခုတော့လည်း ပြောလို့တော့ မရဘူးပေါ့။ ရေထဲရှိတာ အကုန်သေတယ်။
ဘာဆေးဘဲသုံးသုံး အရေပြားပေါ်ရှိတဲ့ အနာထဲ စိမ့်ဝင်သွားရင် သေသွားတာဘဲ။ ဆရာဝန် မမှီဘူး။ ဆရာဝန်ကို အပြစ်ပြောကြသေးတယ်။ ဆေးဖြန်းရင် ဘယ်လောက်တောင့်တဲ့သူဖြစ်ဖြစ် ၁၀ ပုံးကျော်အောင် ဘယ်သူမှ မဖြန်းနိုင်ဘူး။ ဆေးခန်းပြေးကြ ရတာဘဲ။ တစ်ချို့ဆို ဖြန်းလိုက် အကြောဆေးသွင်းလိုက်လုပ်ပြီး ဖြန်းကြတာဘဲ။ ၈ ပုံး၊ ၉ ပုံးလောက် ဖြန်းပြီး ဖြန်းတဲ့သူ မနိုင်တော့မှန်းသိရင် ဆေးခန်းပြေး အကြောဆေးသွင်းခိုင်းတော့ တာဘဲ။ ခင်ဗျားတို့ ဆေးမှူးက မတားဘူးလားဆိုတော့ ဟောဗျာ သူက ပိုက်ဆံရနေတာ ဘယ်တားမလဲတဲ့။ သူက ပိုတောင် ကြိုက်သေးတယ်။ ကိုယ်တောင် ဘာပြောရမှန်း မသိဘူး။
တောင်သူတွေက အဆိပ်တွေနဲ့ ကစားနေရတာပေါ့။ တောင်သူလည်း အဆိပ်တွေနဲ့ကစား၊ ကျနော်တို့လည်း အဆိပ်တွေနဲ့ စားနေရတာဘဲ။ ပြဿနာကတော့ တအားကြောက်ဖို့ ကောင်းတယ်။ ကိုယ်ကိုယ်တိုင် စိုက်ကြတော့တာဘဲ။ တခြားနိုင်ငံတွေဆို မြေမရှိတော့ ဝရံတာမှာဘဲ စိုက်စားကြတာဘဲ။ ဟိုတစ်လောက ကျနော် သွားတက်တဲ့ သင်တန်းဆိုရင် မလေးရှားက ကောင်လေးတွေ ပါတယ်။ နေပုံထိုင်ပုံက gipsy လိုဘဲ။ ဒါပေမယ့် တင်ပြသွားတဲ့ idea က မိုက်တယ်။ သူတို့က မုန့်ညှင်းစိုက်ခင်းပေါ့။ သူတို့အတွေးက တိုက်ခန်းတွေမှာ စိုက်ချင်တာ။ စိုက်ပျိုးရေးအခြေခံလည်း သိပ်မရှိဘူး။ ပျိုးတောင် မပျိုးတတ်ဘူး။ သူတို့က ငါးမွေးတယ်။ အပင်စိုက်တယ်။ တိုက်ခန်းလေးထဲမှာပေါ့။ ကိုယ့်ဆီကတော့ မြေပေါတာကို မစိုက်ကြတာ။ သူတို့က ပြဿနာက ဘာလဲဆိုတော့ တိုက်ခန်းသေးသေးလေးထဲမှာ ငါးမွေးတော့ အညှီနံ့ ထွက်တယ်။ မထွက်အောင် အနံ့ပျောက်တဲ့ ဆေးလေးတွေကို ရေထဲကို ထည့်လိုက်တော့ အနံ့ပျောက်သွားတယ်ပေါ့။ ကျနော်တို့ဆီကတော့ သူလည်း မစိုက်ဖြစ်ဘူး။ ကိုယ်လည်း မစိုက်ဖြစ်ဘူး။ စားစရာပေါလား ဆိုတော့လည်း သိပ်မရှိဘူး။ သူများနိုင်ငံဆို ပေါတယ်။ ရွေးချယ်စရာ ပေါတယ်။ သူတို့ဆီက စနစ်ကလည်း မိုက်တယ်။
ဈေးဧရိယာက ဧက၂၅၀ လောက်ကျယ်တယ်။ လက်မှတ်ပါရင် ရောင်းလို့ရတယ်။ ကားတွေလည်း ဝင်လို့ရအောင် လုပ်ထားတယ်။ အသီးအနှံတွေလည်း အစုံရတယ်။ ဓာတ်ခွဲခန်းတွေလည်း ရှိတယ်။ အသီးအနှံတွေကို စစ်တယ်။ ဓာတ်ကြွင်းများလို့ အန္တရာယ်ရှိတယ်ဆိုရင် အာ့တောင်သူကို မှတ်လိုက်တယ်။ ၂၄ နာရီ မီးလင်းတယ်။ လာရောင်းလို့ရတယ်။ အခန်းခလည်း သိပ်မယူဘူး။ မှတ်လိုက်တဲ့ တောင်သူကို နောက်တစ်ခါ ဒါတွေလာရောင်းရင် ဖမ်းမှာ။ သူ့ရပ်ကွက်လူကြီးကိုလည်း အကြောင်းကြားတယ်။ သူကလည်း ပြန်စစ်တယ်။ ဘာလို့ အာ့လိုလုပ်လည်းဆိုတော့ ကျောင်းတွေ၊ ဟိုတယ်တွေ၊ ဆေးရုံကလူတွေ ဝယ်ကြတယ်။ သူတို့တွေ အစာအဆိပ်သင့်လို့ မရဘူး။ နိုင်ငံခြားသားတွေ တစ်ခုခု ဖြစ်သွားရင် သူတို့နိုင်ငံရဲ့ ဝင်ငွေကျမှာဆိုတော့ စစ်တယ်ပေါ့။