ခေတ်ပြိုင်အတွေ့အကြုံ မြန်မာပြည်တွင်း

ကိုနိုင်း -‘ခေတ်ဆိုးကြီးထဲက ထွက်လာတဲ့ကာရန်များ’

ပြတင်းတံခါးအဖွင့် ဇာခန်းဆီးအလွင့်( ၄၀ )

ခေတ်ဆိုးကြီးထဲက ထွက်လာတဲ့ကာရန်များ
ကိုနိုင်း


ကျွန်တော်တို့ခေတ်ဆိုးကြီးကိုအလွန်အင်မတန်မှခက်ခဲစွာကျော်ဖြတ်ခဲ့ရပါတယ်။ နှစ်တွေကြာရှည် စွာခံစားခဲ့ရတဲ့ခေတ်ဆိုးကြီးရဲ့အဖြစ်အပျက်ဆိုးတွေကို ပြန်တွေးမိရင် ရင်ထဲမှာနာကျင်ခဲ့ရပါတယ်။ အခုအချိန်ထိလည်း နာကျင်ကြေကွဲနေရတုန်းပါ။ 

လူတွေကို လူတွေလို့မထင်အောင် ရက်စက်ကြမ်းကြုပ်ခဲ့တဲ့ စစ်အာဏာရှင်၊စစ်ဘီလူးတွေဟာ အခုအချိန်ရောက်မှ လူဟန်ဆောင်နေပါသေးတယ်။ လူဟန်ဆောင်ချင်ရင် လူဆိုတဲ့စိတ်လေးကိုနည်းနည်းမွေးမှ လူဟန်ဆောင်လို့ရပါလိမ့်မယ်။ ဘီလူးမျက်နှာဖုံးကိုချွတ်လိုက်ရုံနဲ့တော့ လူ့စိတ်ပေါ်တဲ့ လူမျက်နှာလို့ မမြင်နိုင်ပါဘူး။ လူဟန်ဆောင်ထားတဲ့ မျက်နှာတွေဟာ အတ္တအစွယ်တွေငေါထွက်နေပါတယ်။ တိုင်းပြည်ကိုဖျက်ပြီးမှ တိုင်းပြည်ပြန်တည်ဆောက်တဲ့အချိန်မှာ တိုင်းပြည်အကျိုးကိုပြုချင်တဲ့စေတနာတွေကိုမယုံနိုင်ပါဘူး။ တိုင်းပြည်ကိုဖျက်ဆီးပစ်ခဲ့တာ အခုအချိန်မှနောင်တရပါပြီဆိုရင် တိုင်းပြည်ပြန်တည်ဆောက်မယ့်လူတွေထဲမှာ ပါဝင်ချင်တယ်ဆိုရင် တိုက်ကြီးတွေအပေါ်မှာဇိမ်ခံနေခဲ့ရတဲ့ဘဝတွေကို စွန့်ခဲ့ပါ။ မြေကြီးပေါ်ဆင်းရဲဖို့က သတ္တိရှိဖို့တော့လိုပါလိမ့်မယ်။ 

တိုင်းပြည်ရဲ့သယံဇာတတွေခိုးဝှက်ယူငင်ထားတဲ့ပိုင်ဆိုင်မှုတွေကိုတိုင်းပြည်နဲ့ပြည်သူတွေအကျိုးအတွက်ပြန်ပြီးအသုံးပြုနိုင်ပါ့မလား။တိုင်းပြည်ကိုခေတ်/wbr>ဆိုးကြီး နှစ်ခေတ်စလုံးမှာ ဖျက်ဆီးနိုင်သမျှဖျက်ဆီးပြီး ယူနိုင်သမျှယူခဲ့တဲ့အတွက် ပြည်သူတွေဘယ်ေ/wbr>လာက်ဒုက္ခတရား ကို ရင်ဆိုင်ခဲ့ရတယ်ဆိုတာ ပြည်သူတွေမေ့ဖျောက်ထားလို့မရနိုင်ပါဘူး။

ဒီလိုမေ့ဖျောက်မရနိုင်တဲ့အကြာင်းကိုခေတ်အပေါ်မှာ တာဝန်ကျေ တဲ့ခေတ်ပေါ်ကဗျာတွေက ရေးနေပါလိမ့်မယ်။ ရေးနေပါဦးမယ်။ အခုဖော်ပြချင်တာက၂၀၁၇ နိုဝင်ဘာလ မိုးမခအွန် လိုင်းမီဒီယာထဲမှာ ခေတ်ဆိုးရဲ့ခံစားမှုတွေကိုနာကျင်စွာရေးဖွဲ့လိုက်တဲ့ ကဗျာဆရာ ကမ် လူဝေး ရဲ့ သစ်ခုတ်သမားလူငယ်များဆိုတဲ့ ကဗျာရှည်တပုဒ်ပါပဲ။ ခံစားကြည့်စေချင်ပါတယ်။

                    (၁)

၁၉၈၈ ခုနှစ်မှာ ငါက အသက် ၁၉ နှစ်
အသက် ၁၉ နှစ်ဆိုတော့ လူငယ်လေးပေါ့။

(၂)
         နေ့ တွေက တရက်တရက် ကုန်သွားသလို
အသက်တွေက တရက်တရက် ကြီးလာခဲ့ကြ။
ငါတို့ဟာ ခေတ်ရဲ့ပေးထားချက်အတိုင်းအသက်ရှင်ခဲ့ရ
သမဝါယမဆိုင်က ခွဲတမ်းရတဲ့ပစ္စည်းတွေ
အမေနဲ့အတူထုတ်ရောင်းဟင်းကောင်းစားရတဲ့နေ့တွေ
အဖေကရောင်းရင်ရှုံးတဲ့ ပရုပ်အေး ဒူးယားစီးကရက်ကိုဖွာလို့
သားရေစာကောင်းကောင်းဖတ်ကွ
ပညာတတ်မှဖြစ်မယ်လို့ဆုံးမတယ်
ပညာတွေတကယ်တတ်ခဲ့သလား
ကျူရှင်ကို နှိမ်နင်းတဲ့ခေတ်မှာ
ကျူရှင်တွေတက်ရင်း တက္ကသိုလ်ရောက်ခဲ့ရ
ငါတို့ဘေးမှာတော၊ နံပါတ်ဖိုး တွေ ကော်မီသာဇင်တွေဝိုင်းလို့
ဖန်စီဒီုင်းလည်း ပါသပေါ့။

ဒါဟာ ပထမခေတ်ဆိုးကြီးလို့ပြောရမယ့် တစ်ပါတီအာဏာရှင် ခေတ်ကို စဖွဲ့ပြလိုက်တာပါ။ 
တိုင်းပြည်ကိုအုပ်/wbr>စိုးသူအာဏာရှင်တွေရဲ့လောဘအတ္တတွေကြောင့် ပြည်သူတွေဆင်းရဲမှုတွေကြုံခဲ့ရပါတယ်။ မိဘတွေရဲ့ဒုက္ခရောက်မှုတွေကြောင့် သားသမီးတွေ ပါ ဘဝအခြေအနေပျက်ဆီးခဲ့ရပါတယ်။ ပြည်သူတွေရဲ့ဆင်းရဲကြပ်တည်းမှုကိုအခွင့်ကောင်းယူပြီး မှောင်ခိုခေတ်ကိုထည့်သွင်း လိုက်သလို၊ စီမံခန့်ခွဲသူတွေရဲ့စိတ်တွေထဲကိုလည်း လောဘအတ္တမှောင်ခိုခေတ်ကို ရိုက်သွင်းလိုက်တာပါ။

                    (၃)

တရက်မှာပေါ့
အဖေနဲ့ငါနဲ့၊ ပိုက်ဆံထုတ်ကလေးပိုက်ပြီး
         ကြွေးရှင်ဆီ ကြွေးဆပ်ဖို့အသွား
ထိတ်လန့်စရာကောင်းတဲ့ကြေညာချက်၊ ရေဒီယိုက ထွက်လာတယ်
တရားဝင်ထုတ်ထားတဲ့ ငွေစက္ကူတွေဟာ
တရားမဝင်တော့ဘူးလို့ အာဏာသုံးပြီးပယ်ဖျက်ခံခဲ့ရ
ငါတို့က မွဲနေရာက တေသွားတယ်
ဆင်းရဲတွင်းမှာ ကြွေးလည်ပင်းရောက်တဲ့ဘဝက တက်မရနိုင်ဖြစ်ခဲ့
မတရားမှုကို နိုင်သလောက် ဆန့်ကျင်ဖို့
ငါသိနားလည် ဆုံးဖြတ်ခဲ့။
(၄)

ငါတို့ဟာ ခေတ်က ပေးထားချက်အတိုင်း
         တော်လှန်ရေးဆိုတာကိုကြုံရတယ် ၊ လူထုအုံကြွမှုဆိုတာ တွေ့ရတယ်
ဆန္ဒပြပွဲတွေပါရတယ်၊ ပစ်ခတ်မှုတွေ သွေးသံရဲရဲတွေ
လုယက်မှု မလုံခြုံမှုတွေ ရင်ဆိုင်ရတယ် ။
ပိတ်ထားတဲ့ကျောင်းတွေ
ပညာသင်ကြားမှုနဲ့မဆိုင်တော့ဘူးထင်ရတဲ့ ကျောင်းသားတွေ
ပြိုပျက်ဖျက်ဆီးခံရတဲ့ အနာဂတ်တွေ
         ဆောက်တည်ရာမရ ဘဝအခအအနေတွေ၊ ရင်ဆိုင်ဖြတ်သန်းခဲ့ရ။

ခေတ်ကြီးတစတစပျက်စီးလာပုံကို ကဗျာဆရာကရေးဖွဲ့ပြသွား တာပါ။ မဆလတစ်ပါတီအာဏာရှင်ခေတ်ဆိုးကြီးမှာ ပြည်သူတွေကြုံတွေ့ခဲ့ရတဲ့ အဖြစ်ဆိုးတွေကြောင့် အာဏာရှင်စနစ်ကိုတော်လှန်ဆန့်ကျင်မှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ ပြည်သူတွေရဲ့အုံကြွမှုတွေဟာ စနစ်ကျခဲ့တယ်ဆိုပေမယ့် အာဏာရှင်တွေက ပိုပြီးပရိယာယ်ကြွယ်ခဲ့ပါတယ်။ စနစ်ကျတဲ့အုံကြွမှုကို စနစ်ကျစွာဖြိုခွဲနိုင်ခဲ့ပါတယ်။ အဲဒီလိုစနစ်တကျဖြိုခွဲမှုကို ပြည်သူတွေနဲ့အတူကျောင်းသား လူငယ်တွေပါ ခံခဲ့ရပါတယ်။ ဘဝတွေပါ အဖျက်ခံခဲ့ရပါတယ်။

                    (၅)

ခင်ဗျားတို့နားလည်နိုင်ပါ့မလား
         သေနတ်နဲ့ အပစ်ခံရမည့်လူအုပ်ကြီးထဲ
မိုက်မိုက်မဲမဲပါဝင်ရဲခဲ့တဲ့စိတ်ကို၊ ကံဆိုးရင်တော့ ကျည်ဆံဟာ
ရင်ဝမှာ မှန်နိုင်တယ်ဆိုတဲ့အတွေးနဲ့၊ ငါတို့က လူငယ်လေးတွေ
         ရှေ့က တက်ခဲ့ပါတယ် ။
(၆)
         ပေးထားချက်အမှားတွေနဲ့ပုစ္ဆာဟာ
         ဖြေရှင်းတွက်ချက်ရာမှာ၊ အမှန်တရားဆီမရောက်နိုင်မှန်း
ငါတို့မစဉ်းစားမိခဲ့။
ငါတို့ဟာ မအောင်မြင်တဲ့ တော်လှန်ရေးအတွက်
အသက်ပေးခဲ့မိကြ
ငါက ကံကောင်းလို့ ဘာမှမဖြစ်ခဲ့၊ ငါ့မြို့က သူငယ်ချင်းကျော်ဇေယျ
စာဆက်မသင်ခဲ့ရ ထောင်ကျ၊ တောထဲမှာခိုနား
အခုတော့ အမေရိကမှာ ဆူရှီလိပ်စားနေရ
ငါ့တို့ကျောင်းက အကိုလျောမွေး
ရန်ကုန်မြို့လမ်းမပေါ်မှာ အသက်ပေးခဲ့ရ
ငါတို့ဘာတွေရ ရှိခဲ့ပါသလဲ
လုပ်သင့်လို့လုပ်ခဲ့ကြတဲ့ =သမိုင်းပေးတာဝန်ကို
ပခုံးနဲ့ထမ်းခဲ့ကြတဲ့မျိုးဆက်တခုဖြစ်ခဲ့
နာကျင်မှုတွေ အသက်တွေ၊ ဘဝတွေ အရည်အသွေးတွေ
အချိန်တွေ ရှိတာတွေအားလုံးပေးခဲ့ကြရ။

မဆလဆိုတဲ့ခေတ်ဆိုးကြီးကို တိုက်ဖျက်လိုက်တဲ့အချိန်မှာပဲ မဆလအာဏာရှင်စနစ်ဆိုးထက်ပိုဆိုးတဲ့ စစ်အာဏာရှင်စနစ်ဆိုးကြီးကို ထိပ်တိုက်ရင်ဆိုင်လိုက်ရပါတယ်။ ဒီအချိန်မှာလဲ စစ်အာဏာရှင်စနစ်ဆိုးကြီးကို ဦးခေါင်းနဲ့ပြေးဝင်တိုက်ပြီး ဦးခေါင်းမှာသွေးရှင်ရှင်ကျခဲ့ရတာ ကျောင်းသား လူငယ်တွေ အများဆုံးပါပဲ။ ဒီလိုစစ်အာဏာရှင်ဆန့်ကျင်တဲ့တော်လှန်ရေးမှာပါခဲ့ကြသူတိုင်းမှာ ကြေကွဲစရာ မှတ်တမ်းတွေရှိခဲ့ပါတယ်။

                    (၇)

ငါ့တို့ရဲ့အဆုံးအရှုံးတွေဟာ
ငါတို့ကိုယ်တိုင်ကြောင့်ပါပဲ၊ ငါတို့မှာ ဖြူစင်မှုနဲ့
မတရားမှုကိုဆန့်ကျင်စိတ်ကလွဲလို့
ငါတို့ရဲ့သိမှုက နည်းခဲ့၊ ငါတို့ရဲ့သိမှုဟာ လွဲခဲ့
         နောက်ဆုံးတော့ စိတ်ခံစားချက် နောက်ကိုလိုက်
လွယ်လွယ်အလိမ်ခံထိတဲ့၊ လူအုပ်ကြီးဖြစ်ခဲ့။
(၈)

         ထောင်ထဲမှာ ဦးနှောက်ကို
ဆေးကြော လျှော်ဖွတ်ခံပြီး ပြန်ထွက်လာတဲ့၊ ငါ့ရဲ့သူငယ်ချင်း
သူ့ရဲ့ကြောက်လန့်တုန်လှုပ် မှုက၊ ငါ့ကို နာကျင်တုန်လှုပ် စေခဲ့။

ပြောရရင်စစ်အာဏာရှင်ခေတ်မှာအဆိုးဆုံးကတော့ စစ်ထောက် လှမ်းရေးတွေ တနိုင်ငံလုံးကို လက်ဝါးကြီးအုပ်ပြီး စိုးမိုးချယ်လှယ်နေတဲ့ကာလပါပဲ။ ၈၈အရေးတော် ပုံမှာ တက်ကြွစွာပါဝင်ခဲ့တဲ့ကျောင်းသားမှန်သမျှ စစ်ထောက်လှမ်းရေးတွေဟာဖမ်းဆီးပြီး စစ်ကြောရေးမှာ လူမဆန်စွာနှိပ်စက်၊ ထောင်သွင်းအကျဉ်းချ ထင်တိုင်းကြဲနေကြတော့တာပါပဲ။ အဲဒီအချိန်ကာလတွေကိုတော့ ဘယ်သူမှမေ့ဖျောက်ပစ်လို့ရနိုင်မယ်မထင်ပါဘူး။ ကျောင်းသားတိုင်းရဲ့အနာဂတ်ကိုဖျက်ဆီးပစ်ခဲ့တာပါ။ ၈၈ မျိုးဆက်တွင်မဟုတ်ပါဘူး။ ၈၈ နောက်ပိုင်းမျိုးဆက်တွေကိုလည်းနိုင်ငံရေး စိတ်ဓာတ်ပျောက်အောင် နည်းမျိုးစုံဖန်တီးခဲ့ကြပါတယ်။ အခုအချိန်ထိ ၈၈ နောက်ပိုင်းမျိုးဆက်တွေဟာ နိုင်ငံရေး စိတ်ဓာတ်ပျောက်နေပါပြီ။

          `        (၉)

         ထောက် လှမ်း ရေးက
မင်း နောက်ကိုလိုက်နေတာ ၂ ရက်ရှိပြီ ညီလေးတဲ့
ရပ်ကွက်လူကြီးက သတိပေးတယ်၊ သိပ်မကြာပါဘူး
တက္ကသိုလ်ဆက်တက်ဖို့အရေး၊ နိုင်ငံရေးနဲ့ ဝေးဝေးနေပါ့မယ်လို့
ခံဝန်ကတိရေး လက်မှတ်ထိုးပေးခဲ့ရ။
(၁၀)

ထူးအိမ်သင်ရဲ့သီချင်၊ အရေးကြီးပြီ ညီနောင်အပေါင်းတို့ ဆိုမိလို့
         ထောင်ကျခဲ့တဲ့ သူငယ်ချင်း၊ အခု မင်းဘယ်ရောက်နေသလဲ၊ ငါသတိရမိပါရဲ့။
ကမ္ဘာမကြေဘူးသီချင်းဆိုလို့၊ ထောင်ထွက် ဖြစ်ခဲ့တဲ့ သူငယ် ချင်း
         ထောင်ကိုချစ်လို့များ၊ ထောင်နားက မခွာ
         ထောင် ဆရာဝန်လုပ်နေလေရဲ့။
(၁၁)

ပြည်တော် ပြန်ဝင်လာတဲ့၊ ငါ့ရဲ့အကိုကြီးက ပြောရဲ့
လက်နက်ကိုင်တော်လှန်ရေးရဲ့အရှုံးဟာ၊ ပြည်သူတွေကို နစ်နာစေခဲ့သတဲ့
အရှုံးတွေအားလုံးဟာ၊ နစ်နာစရာတွေပါပဲ
ဘယ်တုန်းကများ အကောင်းဖြစ်ခဲ့နိုင်မှာလဲလို့၊ ငါ နာနာ ကျင်ကျင် ပြန်ပြောဖြစ်ခဲ့။

မြေပေါ်မှာ နိုင်ငံရေးလှုပ်ရှားတဲ့ကျောင်းသားလူငယ်တွေရော၊ တဖက်နိုင်ငံနယ်စပ်ကိုသွားပြီး လက်နက်ကိုင်တော်လှန်ရေးဆင်နွဲတဲ့ကျောင်းသားလူငယ်တွေပါ မျှော်လင့် ချက် တွေအားလုံး ဆုံးရှုံးခဲ့ရတာပါပဲ။ ဒီအနာတ်အတွက် ကျောင်းသားလူငယ်တွေကိုဆုံးရှုံးလိုက်ရတာဟာ ပြည်သူတွေအတွက် အရမ်းနစ်နာမှုကြီးတခုပါ။


                    (၁၂)

ငါတို့က သစ်ခုတ်သမားတွေတဲ့၊ တချို့က သစ်ခုတ်ရင်း သစ်ပင်ပိလို့ သေတယ်
တချို့က တောတောင်ထဲ သစ်ခုတ်ရင်း၊ ငှက်ဖျားမိလို့သေတယ် ၊
မသေလို့ ကျန်ခဲ့သူတွေက၊ ဒဏ်ရာဒဏ်ချက်တွေ ကိုယ်စီ။

(၁၃)

ဒဏ်ရာတွေကို မေ့ထားတာ၊ မေ့သွားတာမဟုတ်ဘူးလို့ တချို့က ပြော ပေမဲ့
ကိုယ်ကျိုးစီးပွားအတွက် မေ့ထား၊ ကိုယ်ကျိုးစီးပွားအတွက် မေ့သွား၊ လူ တွေဟာ အတ္တသမားလို့၊ ငါ့သူငယ်ချင်းပြောရဲ့။

(၁၄)

အပြောင်းအလဲအကြောင်းပြော တော့၊ ပြောင်းဖို့က အားရှိမှ၊ အားရှိဖို့ စာတွေဖတ်
ပညာတွေအများကြီးတတ် ဖို့ကြိုးစားခဲ့။

တဘွဲ့ပြီးတော့တဘွဲ့တက်၊ အထူးကုဆရာဝန် ကိုယ်စီဖြစ် ခဲ့
စနစ်ကိုပြင်ဖို့ ဝေး၊ ကိုယ်အပြင် မခံရဖို့ထွက် ပြေး
ငါ့သူငယ်ချင်းသီဟရေ၊ စင်ကာပူမှာ သမားတော်ဘဝ ပျော်ပါရဲ့လား
ငါလည်း မင်းလို၊ ဝန်ထမ်းဘဝကနှုတ်ထွက်၊ လူနာ တွေ ဆေးကုစားရင်း
         ပျော်အောင် ကြိုးစား အပြင်မခံရအောင်၊ ခံစစ်လုံအောင် ကစားနေရပါတယ်

ပြင်ချင်လို့ဝင်ပေမဲ့၊ ဝင်တဲ့သူသာအပြင် ခံလိုက်ရတဲ့ဇာတ် လမ်း
အဆန်းတကြယ် မဟုတ်မှန်း၊ ဖြတ်သန်းမှုက သိခဲ့ရ။
(၁၅)

ပြန်ရခဲ့တာက၊ မအောင်မြင်တဲ့ တော်လှန်ရေး
မပြီးသေးတဲ့ တော် လှန် ရေး၊ သစ္စာဖောက်များ၊ တော် လှန် ရေးရဲ့သစ္စာ ဖောက် များ
တနေ့တခြားများလာတဲ့ တကိုယ်စာသမားများ
အရိုးတောင်လိုပုံအောင် အသေခံ ထမ်းတင်ခဲ့တဲ့ ပြည်သူများ
ငတ်နေတဲ့ပြည်သူကို ကျောခိုင်၊ အကျိုးတူစီးပွားထဲ ဘဝ မေ့ခေါင်းဆောင်များ
လူလိမ်နောက်လိုက် ခပ်ပိန်းပိန်းလူအုပ်ကြီးများ။
(၁၆)

         တော် လှန် ရေးက သူရဲကောင်းတွေ မွေးဖွား၊ မအောင်မြင်တဲ့ တော် လှန် ရေးက
သစ္စာဖောက်တွေကို ပွားများ၊ ငါတို့ မျိုးဆက်မှာ၊ သူရဲကောင်း တွေများတယ်၊ သစ္စာ ဖောက်တွေများတယ် ။

(၁၇)

ဘုရားသခင်ပေးတဲ့လက်ဆောင်က လေးငယ်တွေအတွက်
         ကောင်းမွန်တဲ့လူ့ဘောင် ထူထောင်မပေးနိုင်၊ ပေးဆပ်ခဲ့သလောက် ပြန်မရခဲ့
ဝမ်းနည်းစရာမျိုးဆက်အဖြစ်နဲ့၊ ငါတို့ဟာ လက်ရုန်းကိုဆန့်တန်း
         ခေတ်ကြီးကို တာဝန်ကြေအောင်ထမ်းခဲ့၊ သစ်ခုတ်သမားလူငယ်များဖြစ် ရဲ့။          ။

ဒီနေ့ မြန်မာနိုင်ငံမှာဖြစ်ပျက်နေတာတွေကို ကဗျာဆရာက မီးမောင်းထိုးပြသွားပါ တယ်။ ၈၈ နောက်ပိုင်းမှာ ကျောင်းသားလူငယ်တွေက အတွေးအခေါ်တွေ ဝေဝါးနေကြပါတယ်။ ၈၈ အရေးတော်ပုံ ကာလမှာ စစ်အာဏာရှင်စနစ်ကိုတော်လှန်ခဲ့တဲ့ကျောင်းသားလူငယ်တွေကတော့ သစ်ခုတ်သမားတွေလို ခေတ်ကိုတာဝန် ကြေခဲ့ပါတယ်။ ဒါပေမဲ့လည်း တာဝန်ကြေခဲ့တဲ့ခေတ်ကြီးဟာ အခုအချိန်မှာတော့ ပြောင်းလဲမှုအရွေ့ကို သိသိသာသာမပြနိုင်သေးတာတော့ အင်အတန်စိတ်ပျက်ဝမ်းနည်းစရာကောင်းပါတယ်။
           ဘာပဲဖြစ်ဖြစ် ခေတ်ဆိုးကြီးကိုခေတ်ပေါ်ကဗျာရှည် တပုဒ်နဲ့မှတ်တမ်းတင်နိုင်ခဲ့တဲ့ကဗျာဆရာကိုတော့ ချီးကျူးရမှာအမှ< /span>န်ပါပဲ။ ဒီထက်တင်ပြချက်ကောင်းတဲ့ခေတ်ကိုမှတ်တမ်းတင်တဲ့ခေတ်ပေါ်ကဗျာရှည်တွေ ထွက်ပေါ် လာနိုင်ပါစေ။
ကိုနိုင်း
ခံစားသုံးသပ်မိသောကဗျာရှည်
၁။ ကမ်လူဝေး(သစ်ခုတ်သမားလူငယ်များ)၊
မိုးမခအွန်လိုင်းမီဒီယာ၊ နိုဝင်ဘာလ ၂၀၁၇။
 –
The Sun Rays Journal, Vol-1, No-176, Dece 2, 2017

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts