ဝေဖန်ရေးရာ

ကျော်နိုင် – ကုန်ကြမ်းသွင်း ကုန်ချောထုတ် အခွန်လွတ်ထဲ လက်ခစားအထည်ချုပ်ပါသင့် မသင့်

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

ကျော်နိုင် – ကုန်ကြမ်းသွင်း ကုန်ချောထုတ် အခွန်လွတ်ထဲ လက်ခစားအထည်ချုပ်ပါသင့် မသင့်
(အမှားတွေ အမှန်ပြင်ချိန်တန်ပြီ)
မိုးမခ၊ ဒီဇင်ဘာ ၇၊ ၂၀၁၇
ကုန်ကြမ်းသွင်းပြီး ကုန်ချောပြန်လည်တင်ပို့တဲ့လုပ်ငန်းတွေကို ရာနှုန်းပြည့်အခွန်ကင်းလွတ်ခွင့်ပြုမယ်လို့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရဲ့ ကြေငြာချက်ကိုဖတ်လိုက်ရတော့ စိတ်ဝင်စားမိပါတယ်။

အဲ့ဒီသတ်မှတ်ချက်မှာ အကြုံးဝင်တဲ့လုပ်ငန်းတွေက လက်ခစားအထည်ချုပ်လုပ်ငန်းတွေနဲ့ စက်မှုလက်မှုလုပ်ငန်းတွေပါဝင်တယ်ဆိုပြီး ဆက်လက်ဖေါ်ပြထားတာကို ဖတ်လိုက်ရတဲ့အခါမှာတော့ တော်တော်ကြီးကို စိတ်ပျက်သွားရပါတယ်။

ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနအနေနဲ့ “ကုန်ကြမ်းသွင်း၊ ကုန်ချောထုတ်” ဆိုတာရဲ့ အဓိပ္ပါယ်နဲ့ “လက်ခစားလုပ်ငန်း” ရဲ့အဓိပ္ပါယ်ကို တကယ်ဘဲ ကွဲကွဲပြားပြားမသိတာလားလို့ သံသယဖြစ်မိပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိလုပ်နေကြတဲ့ အထည်ချုပ်လုပ်ငန်းတွေဟာ “လက်ခစား” လုပ်ငန်းမျှသာဖြစ်ပါတယ်။ တကယ်လို့ ပြည်ပတိုင်းပြည်တစ်ခုကနေ ဝါဂွမ်းတင်သွင်းပြီး အဲ့ဒီဝါဂွမ်းကနေ ချည်ဖေါက်၊ ပိတ်စရက်လုပ်၊ အဝတ်အထည်အဖြစ်ချုပ်လုပ်ပြီးမှ ပြည်ပကို ပြန်လည်တင်ပို့မှသာလျှင် “ကုန်ကြမ်းတင်သွင်းပြီး၊ ကုန်ချောထုတ်လုပ်တင်ပို့တဲ့လုပ်ငန်း” ဖြစ်ပါတယ်။

အဲ့ဒီတော့ “လက်ခစား” လုပ်နေကြတဲ့ အထည်ချုပ်လုပ်ငန်းတွေကို “ကုန်ကြမ်းသွင်း၊ ကုန်ချောထုတ်” လုပ်ငန်းလို့သတ်မှတ်ပြီး ရာနှုန်းပြည့်အခွန်ကင်းလွတ်ခွင့်ပြုနေတာဟာ လုံးဝ မှားယွင်းပါတယ်။

အဲ့ဒီလိုဆိုတော့ “လက်ခစား” အထည်ချုပ်လုပ်ငန်းတွေကို အခွန်ကင်းလွတ်ခွင့် မပေးရဘူးလို့ ပြောချင်တာမဟုတ်ပါဘူး။ ဌာနရဲ့ မူဝါဒအရ “လက်ခစား” အထည်ချုပ်လုပ်ငန်းတွေကို အခွန်ကင်းလွတ်ခွင့်ပေးချင်ရင် သင့်တော်တဲ့ ဥပဒေပြဌာန်းပြီး ပေးနိုင်ပါတယ်။ ဒါပေမယ့် “လက်ခစား” အထည်ချုပ်လုပ်ငန်းတွေကို “ကုန်ကြမ်းသွင်း၊ ကုန်ချောထုတ်” လုပ်ငန်းလို့ အမည်တပ်ပြီး အခွန်ကင်းလွတ်ခွင့်ပေးနေတယ်ဆိုရင်တော့ ဥပဒေကို ချိုးဖေါက်ရာ ရောက်ပါတယ်။ ဦးစီးဌာနအနေနဲ့ အဲ့ဒီအချက်ကို သေသေချာချာ ပြန်လည်စိစစ် သုံးသပ်သင့်ပါတယ်။

ပြောလက်စနဲ့ ဆက်ပြောရရင် မြန်မာနိုင်ငံက ထွက်တဲ့ဝါဂွမ်းကို ကုန်ကြမ်းအနေနဲ့ ပြည်ပကို့ပို့ပါတယ်။ ပြည်ပက အဲ့ဒီဝါဂွမ်းကို ပိတ်စအဖြစ်ရက်လုပ်ပြီး မြန်မာနိုင်ငံကို “လက်ခစား” နဲ့ အထည်ချုပ်ခိုင်းနေတာပါ။ အဲဒါလေးကိုမှ ကွဲပြားအောင်မမြင်တတ်ရင်တော့ သက်ဆိုင်ရာဌာနတွေမှာ အကြီးအကဲတွေ လုပ်မနေကြပါနဲ့တော့။ ဒါမှမဟုတ်ဘဲ လူတွေက ငါတို့လိမ်သလို ယုံကြလိမ့်မယ်လို့ ထင်နေကြမယ်ဆိုရင်တော့ အဲ့ဒီအထင်တွေကို အမြန်ဆုံး စွန့်လွှတ်သင့်ပါတယ်။

တကယ်တန်းက မြန်မာနိုင်ငံဟာ ကုန်ကြမ်းတွေကို ပြည်ပပို့ပြီး တန်ဘိုးမရှိတဲ့ ကုန်ချောတွေကို ပြန်လည် တင်သွင်းစားသုံးနေတဲ့တိုင်းပြည်ပါ။

အမျိုးကောင်း ကော်ဖီစေ့တွေကို ဒီအတိုင်း (ကုန်ကြမ်းအနေနဲ့) ပြည်ပကို ရောင်းစားတယ်။ ပြည်ပက ကျန်းမာရေးတန်ဘိုး နိမ့်တဲ့ coffee mix တွေကို ပြန်ဝယ်ယူပြီး စားသုံးတယ်။

မြန်မာနိုင်ငံက ရာဘာစေးကို နိုင်ငံခြား ရောင်းစားတယ်။ နိုင်ငံခြားက အရည်အသွေးသိပ်မကောင်းတဲ့ ရာဘာထွက်ကုန်တွေကို ပြန်ဝယ်သုံးတယ်။

မြန်မာနိုင်ငံက ကျွဲကောသီးကို တဖက်နိုင်ငံကို တင်ပို့တယ်။ တဖက်နိုင်ငံက အထဲက အသီးကိုစား၊ အခွံကို ယိုထိုးပြီး မြန်မာနိုင်ငံကို ပြန်ပို့တယ်။ အဲ့ဒါကတော့ တော်တော် အသည်းနာဘို့ ကောင်းတဲ့ကိစ္စဘဲ။ ကိုယ့်မြေမှာ ကိုယ့်လုပ်အားနဲ့စိုက်တဲ့အပင်က အသီးကို သူများကိုရောင်းလိုက်တယ်။ သူများက အထဲက အသီးကိုစားပြီး အခွံကို ယိုထိုးပြီး ကိုယ့်ကိုပြန်ရောင်းတဲ့အခါ အသီးရောင်းရစဉ်ကထက် ဈေးပိုပေးပြီး ပြန်ဝယ်စားရတယ်။

အဲ့ဒီလို ဥပမာတွေက စာနဲ့ရေးပြနေရင် ဆုံးမှာကို မဟုတ်တော့ဘူး။ ဒါတွေဘာကြောင့်ဖြစ်နေသလည်းဆိုတော့ အပိုင်း နှစ်ပိုင်းကြောင့်။ တစ်ပိုင်းက ဌာနဆိုင်ရာ အကြီးအကဲတွေရဲ့ လွဲမှားတဲ့ စီမံခန့်ခွဲမှု။ နောက်တစ်ပိုင်းက ကုန်ပစ္စည်းထုတ်လုပ်ဘို့ လိုအပ်တဲ့ မြေနဲ့ လျှပ်စစ်။

မြေဈေးကြီးတာကို မူဝါဒချမှတ်ပြီး ဖြေရှင်းရမယ်။ အမြန်ဆုံး ဖြေရှင်းရမှာ။ လျှပ်စစ်ဓါတ်ကို အမြန်ဆုံးရတဲ့နည်းနဲ့ ထုတ်ရမယ်။ ဘယ်နည်းနဲ့ထုတ်ထုတ် လျှပ်စစ်ဓါတ်အမြန်ဆုံးရဘို့ လိုရင်း။

အဲ့ဒီလိုမှ မလုပ်နိုင်ရင်တော့ “လက်ခစား” လုပ်နေရတဲ့အဖြစ်၊ “ကုန်ကြမ်းပို့၊ ကုန်ချောပြန်ဝယ်” အဆင့်ကနေ ဘယ်တော့မှ တက်နိုင်မှာ မဟုတ်ဘူး။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts