သာဂိ လောကဓာတ်ခန်း

လောကဓာတ်ခန်း သာဂိ – Google Application in the Cloud (38) (နိဂုံး)

လောကဓာတ်ခန်း သာဂိ – Google Application in the Cloud (38) (နိဂုံး)
အိမ်သုံး ကျောင်းသုံး ရုံးသုံး – GMail နဲ့ Google Office Application အခြေခံလမ်းညွှန်
(မိုးမခ) ဒီဇင်ဘာ ၇၊ ၂၀၁၇

ဆလိုက်ရှိုးတွေ ပြပြီ

Presenting your slide show

အခုအချိန်မှာတော့ သင်ရဲ့ Presentation Slide တွေကို ပရိသတ်ကို ပြသဖို့ အဆင်သင့် ဖြစ်နေပါပြီ။ ကိုယ့်ဖာသာကိုယ်လဲ တဦးတည်း လေ့ကျင့်ကြည့်ဖို့လိုပါတယ်။ ဆလိုက်တခုချင်းပြမယ်။ ရှင်းပြမယ်။ နောက်ဆလိုက်တခုကို ကူးမယ်။ စသည်ဖြင့်ပေါ့။ လေ့ကျင့်ပြီးတာနဲ့ ပရိသတ်ရှေ့မှာ ချပြလို့ ရပြီပေါ့။

To start a slide show: ဆလိုက်ရှိုးကို စတင်ပုံ

သင်တင်ပြမယ့် ဆလိုက်ရှိုးကို စတင်ပုံ နည်းအမျိုးမျိုး ရှိပါတယ်။

 

  • Present command ကို မောက်စ်နဲ့ နှိပ်ရင်၊ လက်ရှိရောက်နေတဲ့ slide ကနေ ပြသလို့ ရပါတယ်။
  • Clicking the Present command
  • Present from beginning ဆိုပြီး Present ခလုပ်ကို pull down လုပ်ပြီးမှ စရင်တော့ ဆလိုက်နံပါတ် ၁ ကနေပြီး ပြသမှာ ဖြစ်ပါတယ်။
  • Selecting Present from beginning
  • Presenter view ဆိုတာကနေ လုပ်မယ် ဆိုရင်တော့ – ကွန်ပြူတာမြင်ကွင်းမှာ ပြတင်း ၂ ခု ပွင့်သွားမှာ ဖြစ်ပါတယ်။ တခုက သင့်အတွက်သီးသန့် ကွန်ထရိုးလုပ်နိုင်တဲ့ ပြတင်းပါ။ တခုကတော့ ပရိသတ် မြင်နေရမယ့် ဆလိုက်ပြတင်း ဖြစ်ပါတယ်။ အဲသည်မှာ သင့်အတွက် ကြိုပြီး ဆလိုက်တွေ ချိန်ဆနိုင်တာ၊ နုတ်စ်ရေးထားတာကို မြင်ရတာ၊ အချိန်ဘယ်လောက် ကုန်နေသလဲ ပြတာတွေ ပါဝင်ပါတယ်။ ဥပမာအားဖြင့် သင်က ပရိုဂျက်တာချိတ်ထားတဲ့ ကွန်ပြူတာသုံးတယ် ဆိုပါစို့။ ပရိုဂျက်တာ မြင်ကွင်းမှာ ပရိသတ်အတွက် ဆလိုက်ပြတင်းကို နေရာချထားပါ။ သင့်စာပွဲပေါ်က ကွန်ပြူတာမျက်နှာမှာကတော့ ကွန်ထရိုးပြတင်းကို ချထားလို့ ရပါတယ်။
  • Selecting Presenter view

Navigating the presentation – ဆလိုက်တွေကို ရှေ့နောက်သွားပုံ

Present လုပ်ပြီဆိုတာနဲ့ မြင်ကွင်းမှာ ဆလိုက်က အပြည့် ပေါ်လာပါပြီ။ မောက်စ်ကို ကလစ်လုပ်ရင် သို့မဟုတ် ကီးဘုတ်ပေါ်က စပေ့ဘားကို ပုတ်လိုက်ရင် slide နောက်တခု သို့မဟုတ် အခန်းအကူးအပြောင်းတခုကို ရှေ့တိုးသွားပါတယ်။ ကီးဘုတ်ပေါ်က Arrow မြားတွေနဲ့လည်း ဆလိုက်ကို ရှေ့နောက် ကစားလို့ ရပါတယ်။ စကရင်ပေါ်မှာ မောက်စ်နဲ့ပဲ လှုပ်ရှားချင်ရင်တော့ မောက်စ်ကို ပြတင်း၏ ဘယ်အောက်ထောင့်ကို သွားလိုက်ပါ။ အဲသည်မှာ navagation သွားလို့ရတဲ့ ခွင်ကလေးတခု ပေါ်လာပါမယ်။ 
Navigation commands in presentation mode

 

Tips for presenting – ဆလိုက်ရှိုးပြစဉ် သိထားစရာများ

အကောင်းဆုံးကတော့ ပွဲမ၀င်ခင် အပြင်ကျင်းပ ဆိုသလို အရင် လေ့ကျင်းကွင်းဆင်းထားဖို့ ဖြစ်ပါတယ်။ သတင်းကြေညာသူလို၊ အစည်းအဝေးတင်ပြသူလို၊ ကြော်ငြာတင်ဆက်သူလို၊ စာသင်တဲ့ ကျောင်းဆရာလို စသည်ဖြင့် ကိုယ့်အတွက် ဘယ်လိုအမူအရာ ပုံစံကနေ သင်ပြောချင်တာကို တင်ဆက်နိုင်မလဲဆိုတာ စမ်းသတ်ပါ။ ပြီးတော့ ကွန်ပြူတာတွေနဲ့ ချိတ်ဆက်သုံးမယ့် ပရိုဂျက်တာ၊ ကီးဘုတ်၊ မောက်စ်၊ စပီကာ၊ မိုက်ခရိုဖုံး စတာတွေကိုလည်း ရင်းနှီးအောင် စမ်းသပ်ထားရပါမယ်။ ဘယ်စကရင်က ပရိသတ်မျက်နှာမူရာမှာ ပေါ်နေမလဲဆိုတာ သေချာအောင် စစ်ဆေးပါ။ သင့် နုတ်တွေ ကွန်ထရိုးတွေက အများမြင်ကွင်းမှာပါ ပေါ်နေရင် အထင်အမြင် ကျဆင်းတာပေါ့။

Challenge! အိမ်စာ

 

  1. သင်စိတ်ကြိုက် ပရင်ဇင့်လုပ်မယ့် ဖိုင်ကို ဖွင့်ပါ။
  2. Presenter view သုံးပြီးတော့ ဆလိုက်တွေကို အစကနေ ဖွင့်ပါ။
  3. ဆလိုက်တွေ အကူးအပြောင်း ရှေ့တိုး နောက်ဆုတ် နည်းမျိုးစုံနဲ့ စမ်းသပ်ကြည့်ပါ။
  4. ကံကောင်းပါစေ။

 

နိဂုံး

 

Google Application in the Cloud သင်ခန်းစာ စီးရီး ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။ Gmail သုံးစွဲပုံက စတင်ပြီး Contacts, Task, Calendar, Drive and Sharing တွေကို သင်ကြားပေးခဲ့ပါတယ်။ နောက်တော့ ကွန်ပြုတာထဲ ထည့်သိမ်းထားစရာမလိုတဲ့ အင်တာနက်ပေါ်ကနေ အခမဲ့ ရယူ သုံးစွဲနိုင်တဲ့ Goolge Office Application တွေ ဖြစ်တဲ့ Docs, Sheet နဲ့ Slide တို့ကိုလည်း မိတ်ဆက် ပြသနိုင်ခဲ့ပါတယ်။ အရေးကြီးတာက ကွန်ပြူတာက ခေတ်ပြောင်းသွားတဲ့အတွက် Personal Computer (တကိုယ်ရေသုံးကွန်ပြူတာ) မဟုတ်တော့ဘဲ Network Computer (ကွန်ယက်ချိတ်ကွန်ပြူတာ) စနစ်နဲ့ အကျင့်ကို မိတ်ဆက်တဲ့အနေနဲ့ Drive and Gmail ကနေ Sharing and collaboration လုပ်ပြီး မျှဝေသုံးစွဲ ဖန်တီးခြင်းကိုပါ ပြသနိုင်ခဲ့တယ်လို့ ယူဆပါတယ်။

 

ဒီသင်ခန်းစာတွေကို တစုတစည်းတည်း စာအုပ်ဖြစ်အောင် လုပ်ပါမယ်။ ပြီးတော့ ကွန်ပြူတာသင်တန်းဆရာတွေကို လေ့လာစဉ်းစားနိုင်အောင် ပေးဝေချင်ပါသေးတယ်။ လေ့ကျင့်လိုသူတွေအတွက်ကလည်း မိမိလက်ကိုင်ဖုံးကနေ သည်သင်ခန်းစာတွေကို လေ့ကျင့်လို့ရတဲ့အတွက် ကွန်ပြူတာတလုံးလုံး မလိုတော့ပါဘူး။ သင့်လက်ကိုင်ဖုံးဟာ သင့်ကွန်ပြူတာ ဖြစ်တယ်ဆိုတာကို သိရှိပြီး အစွမ်းကုန်အသုံးချနိုင်ဖို့အတွက်က သင့်ဖုံးထဲမှာ Google Application တွေ Cloud (Internet) ပေါ်က ဆွဲချပြီး ထည့်ထားလိုက်နိုင်ရုံနဲ့ ဖြစ်နေပါပြီ။

 

၂၀၁၇ ဇန်န၀ါရီကနေ အပတ်စဉ် မပျက်မကွက် ကြိုးစားပြီး ရေးဖြစ်ခဲ့တာ ၂၀၁၇ ဒီဇင်ဘာလဆန်းမှာ အဆုံးသတ်နိုင်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် အတော် ၀မ်းသာ ဂုဏ်ယူမိပါတယ်။ ဒီလိုဖြစ်မြောက်အောင် တိုက်တွန်းအားပေးသူ မိတ်ဆွေသူငယ်ချင်းတွေထဲက ကိုမိုး (Creative Computer School)၊ မောင်ဦး နဲ့ အောင်နိုင်သူ တို့ကို ကျေးဇူးတင်ပါတယ်။ (အချွန်နဲ့ မ တာလည်း ဖြစ်နိုင်ပါတယ်)။

 

စာအုပ်ထုတ်ရင် မိမိအမည်နောက်မှာ BE (Electronics, RIT) MSc (Computer Science, USA) ဆိုပြီး သူများတွေ ထည့်သလို ထည့်ရင် ကောင်းမလားလည်း စိတ်ကူးပေါက်ရာ တွေးနေမိပါသေးတယ်။ ဟဲဟဲ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts