ဝတ္ထုတို မြန်မာပြည်တွင်း

ဝေမြင့်မောင်-ချစ်စကား ခြစ်ကြည့်တော့ ကြမ်းပြင်ပေါ်က အနီကလေးတွေ

ချစ်စကား ခြစ်ကြည့်တော့ ကြမ်းပြင်ပေါ်က အနီကလေးတွေ

ဝေမြင့်မောင်
(မိုးမခ) ဒီဇင်ဘာ ၄၊ ၂၀၁၇

နင့်ကိုချစ်တယ်လို့သူပြောလာမှာပဲဆိုပြီး သူမအမြဲထင်နေခဲ့တယ်။ ရှည်လျားတဲ့ညတွေမှာဆို အိမ်အပေါ်ထပ်က တဒေါက်ဒေါက်နဲ့အသံတွေ ကြားရတတ်တာ အသေအချာသိတော့ အဲဒီအသံတွေကို သူမစောင့်နေတတ်တယ်။ တခါတလေတော့လည်း အဲဒီကြားနေရတဲ့အသံ လေး တွေကို နေကြာစေ့ကလေးဖြစ်ပါစေ၊ ချိုချဉ်ကလေးဖြစ်ပါစေလို့ဖန်တီးပြီး သူမဝါးစားတတ်တာပဲ။ သူမအတွက်အကောင်းဆုံး အပျင်းဖြေမှု တခုပဲ။

ဘုရားသခင်အနေနဲ့တော့ သူမကိုတားဆီးကန့်ကွက်စရာ အထူးအထွေရှိမနေပါဘူး။ ဆဲတာမှမဟုတ်ဘဲ။ အဲဒါကြောင့်လည်း သူမကတော့ သိပ်ပြီးမတတ်နိုင်စရာမရှိပါဘူး။ သူမဟာ နေကြာစေ့ ကလေးလက်ထဲကဝါးရင်း သူ့လည်ပင်းတွေသူ့ပါးတွေ နှုတ်ခမ်းတွေကို နမ်းနေမိတယ်။ တပြိုင်နက် အလုပ်နှစ်ခုလုပ်တယ်ဆိုတာ ဒါမျိုးကို
ပြောတာဖြစ်မလားပဲ။ တခါတလေတော့လည်း သူ့ကို ဒီအတိုင်း သူမထိုင်ကြည့်တတ်တယ်။ ဒီအတိုင်းကြည့်နေရတာကလည်း ပျော်စရာ ကောင်းတာအမှန်ပါပဲ။ အိပ်မက်ထဲမှာဆို သူနဲ့ချစ်မှုတောင်ပြုတယ်လို့ သူမ မက်တတ်တယ်။ မောပန်းမှုပျော်ရွှင်မှုတွေဟာ သူမနိုးလာတဲ့ အခါ အလိုမပြည့်မှု အလိုမကျမှုအဖြစ်သာ ပြောင်းလဲသွားတတ်ကြတယ်။ အဲဒီအချိန်တွေမှာဆိုသူမအနေနဲ့ ထထပြီး ရေသောက်ပေးရ တယ်။ ခါတိုင်းေ0သာက်နေကျရေခွက်ကြီးဟာ သိပ်လေးတာပဲလို့လည်း သူမထင်တတ်တာပေါ့။ 
ဟိုနေ့ညကဆို ရေပုံးကြီးကို သူမဝါးစားပစ်လိုက်တာ။ သူမ ပါးစပ်ထဲမှာရေတွေ ရေဗူးအခွံအပိုင်းအစတွေအပြည့်။ တချို့ရေတွေဆို သူမပါးစပ်ထဲက အူလျားဖားလျား ထွက်ပြေးခုန်ထွက်လာတတ်ကြ တယ်။ 
သူမကတော့ အဲဒါကိုကြည့်ပြီး ရယ်မောနေတတ်တယ်။ ပြီးတော့လည်း သူမ ခုတင်ပေါ်ကို ပြန်ရောက်တဲ့အခါ သူ့အကြောင်းတွေထဲ ပြန်ရောက်သွားတာပါပဲ။
သူမတခါမက တွေးဖူးတယ်။ သူ ငါ့အနားကို အခုနေ ရောက်ရင် သိပ်ကောင်းမှာပဲဆိုတဲ့ဟာမျိုးပေါ့။ မိန်းကလေးတန်မဲ့ဆိုတာမျိုးက သူသူကိုယ်ကိုယ်တွေးမိကြမှာပဲဆိုပေမယ့် သူမကတော့ တကယ်ပျော်မိတာပဲ။ ဘယ်သူမဆိုပျော်မှာပဲလို့ထင်ပါတယ်။ ဒါကိုလည်း ဘုရားသခင်အနေနဲ့ ကန့်ကွက်လိမ့်မယ်လို့ သူမ မယုံကြည်ဘူး။ 

ဥပမာဆိုပါစို့။ သူဟာ သူမခုတင်ပေါ် ဝုန်းဆိုပြီးရောက်လာ တဲ့အချိန်မျိုးမှာပေါ့။ အဲဒီအချိန်မှာ သူနဲ့သူမဟာ တင်းတင်းကြပ်ကြပ် ဖက်နမ်းဖို့သွေးဆူနေပြင်ဆင်နေကြတဲ့အချိန်မှာ ဝုန်းဆိုပြီး ဘုရားသခင်ပေါ်လာတာမျိုးပေါ့။ ပြီးတော့ ဘုရားသခင်က ပြောမယ်။ ဒီလိုတွေ့ဆုံဖို့မသင့်တော်ဘူးလို့ ကိုယ်တော် ထင်တယ်။
 ဒီတော့ ကိုယ်တော့်အနေနဲ့ လုပ်ပေးနိုင်စရာ တခုပဲရှိတယ်။
မိန်းကလေး မင်းကြိုက်ရာတောင်းပါပြောလာမယ်ဆို သူမအနေနဲ့ ကျေးဇူးပါအရှင်ဘုရား
တပည့်တော်မ တောင်းဆိုစရာတခုပဲရှိပါတယ်။ 
အဲဒါကတော့ အခုချက်ချင်း ဒီအခန်းထဲကနေ ကိုယ်တော်
ရှောင်ပေးပါလို့ပြောမယ်။ အဲဒီအခါ သူက သူမကိုအံ့သြနေတဲ့မျက်လုံးတွေနဲ့ကြည့်မယ်။ ပါးစပ်ကတော့မပြောဘူး။ သူမက သူ့ကိုကြည့်ပြီး ကဲ စရအောင်လို့ပြောမယ်။ ဘုရားသခင်ကတော့ လူသားကို ချစ်တဲ့သူမို့ သူမရဲ့ဆန္ဒကလေးကိုလိုက်လျောပေးမှာ သေချာပါတယ်။
အဲဒီလိုတွေးပြီး သူမရယ်နေတတ်တယ်။ သူမရယ်တဲ့အခါ အခန်းဟာပိုပြီးသေးလာသလိုလို ဘာလိုလိုပဲ။ သူမမျက်နှာဟာလည်း ရှည်လာ သလိုလိုပဲ။ အခန်းမျက်နှာကျက်ပေါ်က ပန်ကာဟာလည်း အရည်တွေပျော်ကျနေသလိုပဲ။
တခါတလေတော့လည်း အခန်းထဲမှာထိုင်ပြီး စားပွဲပေါ်က ပန်းအိုးကလေးကို ငေးကြည့်နေမယ်။ 
ငေးကြည့်တာများ ဘယ်လိုထိုင်ရမယ် ဘယ်လိုတော့ ထရ မယ်ဆိုပြီး သတ်သတ်မှတ်မှတ်မရှိလေတော့ သူမအနေနဲ့အေးဆေးပါပဲ။ တခါတလေလည်းထိုင်ပြီး ကြည့်တာပဲ။ တခါတလေတော့လည်း ရပ်ကြည့်နေမိတာပဲ။ အဲဒီပန်းအိုးလေးဟာ စိတ်ကူးယဉ်ဇာတ်လမ်းတွေထဲကလို စားပွဲပေါ်ကနေခုန်ဆင်းလာပြီး သူဖြစ်သွားမယ်။
အဲဒီအခါ သူမပျော်သွားပြီး သူ့ကိုဆွဲဖက်မယ်။ သူကလည်း သူမကိုပြုံးပြပြီး အားပါးတရပြန်ဖက်မယ်။
ဖက်လို့ဝတဲ့အခါမှာတော့ အခန်းထဲပတ်ပြီးလမ်းလျှောက်ကြမယ်။ ပြီးတော့ ငါတို့ဘာလို့များ ဒီအခန်းလေးထဲမှာ ကမ္ဘာကြီးမရှိတော့သလိုမျိုး မမောမပန်းလျှောက်နေကြရတာလဲလို့သူမက သူ့ကိုပြောမယ်။ ပြီးတာနဲ့ လျှောက်နေတာကိုရပ်ပြီး နှစ်ယောက်သားပြိုင်တူရယ်မောကြမယ်။ ပြီးတော့ သူမပါးကိုဖွဖွလေးနမ်းပြီး သူဟာ စားပွဲပေါ်ကိုပြန်တက်သွားမယ်။ ပန်းအိုးလေးအဖြစ် ပြန်ပြောင်းသွားမယ်။
အဲဒီလိုများ သူမတွေးတဲ့နေ့တွေဆို ထိုင်ရာကထပြီး စားပွဲ ပေါ်က ပန်းအိုးလေးကို ပြေးဖက်ပစ်တာပဲ။ အားပါးတရနမ်းနေမိတတ်တယ်။ ပြီးတော့ သတိလွတ်သွားတာကို ပြန်သတိရတဲ့အခါ ရွာတော့ မယ့်မိုးတိမ်မည်းများလို သူမမျက်နှာဟာ မှောင်နေမယ်။ အဲဒီလိုအဖြစ်အပျက်တွေက ခဏခဏဖြစ်နေတတ်တော့ သူမအနေနဲ့ဘာဖြစ်တာလဲ လို့ စဉ်းစားမနေတော့ဘူး။ ဒါက ပုံမှန်လုပ်စရာတခုလိုမျိုးတာင်ဖြစ်လာပြီ။ တနေ့နဲ့တနေ့တော့ လုံးဝမတူနိုင်ဘူးပေါ့။ အဲဒီလိုဆိုပျင်းစရာ ကြီး ဖြစ်နေတော့မှာ။
တခါတလေ စာကျက်ရတဲ့ညမျိုးမှာဆို သူမစာအုပ်ထဲက စကားလုံးတွေဟာ သူ့ပုံရိပ်တွေချည်းပဲ။
သူ့နာမည်တွေ သာ သူမပါးစပ်က ထွက်ထွက်လာတတ်တယ်။ နာမည်ဆိုတာကလည်း သူမပေးထားတာပါ။ အဲဒီလိုမျိုးကစားနည်းက ပျော် စရာတော့ ကောင်းတာအမှန်ပဲ။ တခါတလေများဆိုစာအုပ်ထဲက စကားလုံးတွေဟာ တလုံးချင်း အပြင်ကိုခုန်ထွက်လာကြတယ်။ ပြီးတော့ စကားလုံးတွေဟာ စက်ရုပ်တရုပ်လိုမျိုး အချင်းချင်းဆက်သွယ် ချိတ်ဆက်ကြပြီးတဲ့အခါ လူတယောက်ဖြစ်လာတယ်။ အဲဒါ သူပေါ့။
သူမသိပ်တွေ့ချင်တဲ့သူပေါ့။ သူတို့စကားတွေ အပြန်ပြန်အလှန်လှန်ပြောကြမယ်။
တခုခုစကားပြောရတာ အဆင်မပြေဘူးဆို သူမဟာ သူ့ကို လက်နဲ့ခုတ်ပစ်လိုက်တာပဲ။ ပြီးတာနဲ့အသစ်ကနေ ပြန်စတာပေါ့။ 
ဒီလိုညလေးတွေလည်း ရှိတာပေါ့။ အခန်းထဲက ဘီဒို။ အဝတ်တွေ။ စာအုပ်တွေ။ တခါသုံးအီဗာတွေ။ လျှပ်စပ်ပစ္စည်းတွေ။ ပန်ကာ။ ဖိနပ်။ အတွင်းခံ အစရှိရှိသမျှ အရာအားလုံးဟာ
သူဖြစ်နေတတ်ပဲ။ တခါတလေများဆိုကျောင်းသွားတဲ့အခါ ကျောပိုးအိတ်ထဲမှာ သူ့ကိုအဝတ်နဲ့ပါးစပ်ပိတ်ပေးပြီး သူမခေါ်လာတာပဲ။ တခါတလေတော့လည်း သူဟာ သူမစက်ဘီးနောက်ကထိုင်လို့။ သူမက စက်ဘီးကလေးကို အားပါးတရနင်းလို့။
” ဘီးကလေးကိုစီး အချစ်ကလေးကို တင်ပြီး …. မောတော့မောတာပေါ့။ ဒါပေမဲ့ မမောဘူး”
စိုင်းထီးဆိုင်ရဲ့သီချင်းကိုညည်းပြီး သူမ စက်ဘီးကလေး နင်းလို့။ သူဟာ သူမနောက်က ထိုင်လို့။
သူမရဲ့အရာအားလုံးဟာ သူပါပဲ။ သူမအနေနဲ့ဒီလိုဖန်တီးရတာ သိပ်ပျော်တယ်လေ။
အာသာပြေတာပဲ။ သူမပျော်နေတာပဲ။
သူမအနေနဲ့ကတော့ သူဟာ သူမကိုချစ်တယ်လို့ပြော လာလိမ့်မယ်။ ပြီးတော့ လက်ထပ်ပါရစေပြောပြီး လက်စွပ်ကလေးနဲ့ ဒူးထောက်လိမ့်မယ်။ အဲဒီလိုအပြည့်အဝသူမယုံကြည်ထားတယ်။ သူမက သူ့လက်စွပ်ကိုလက်ခံပြီး ခေါင်းညိတ်မယ်။ ပြီးတာနဲ့မင်္ဂလာဆောင်ကြမယ်ပေါ့။
မိဘမဲ့ဂေဟာတခုမှာ မိတ်ရင်းဆွေရင်းတွေကိုဖိတ်ပြီး အလှူလုပ်ရင်း မင်္ဂလာဆောင်မယ်ပေါ့။ အိမ်ကလေးတလုံးဝယ်ကြမယ်။ အိမ်ကလေးဟာ ချစ်စရာကောင်းနေမယ်။ ပန်းပင်ကလေးတွေ သစ်ပင်ကလေးတွေ စားပင်ကလေးတွေလည်း ရှိနေမယ်။  
အိမ်ထဲမှာ စာကြည့်တိုက်ကလေးတခုလည်း ထားမယ်ပေါ့။ တနင်္ဂနွေနေ့များဆို လက်ချင်းချိတ်ပြီ ဘုရားကျောင်းအတူသွားကြမယ်။ စနေနေ့များဆို ရုပ်ရှင်အတူကြည့်ကြမယ်။ မိုးတအားရွာတဲ့နေ့များဆို သူ့ကိုတင်းတင်းလေးဖက်ထားပြီး အိပ်မယ်။ နံနက်နိုးလာတဲ့အခါ သူ့နှုတ်ခမ်းကိုနမ်းပြီး ထလို့ရမယ်ပေါ့။ 
ယုန်ကလေးလည်း မွေးမယ်။ အမေ့အတွက် ငွေလေးပို့ပေး မယ်။ တစ်နှစ်လောက်နေပြီးတဲ့အခါ ချစ်စရာကလေးလေးတစ်ယောက်ယူမယ်။ သူနဲ့တူတဲ့ကိုယ်ပွားလေးပေါ့။ သူမအနေနဲ့တော့ ကလေးေ လေးဟာ သူမနဲ့နည်းနည်းကလေးတူရင် ကျေနပ်ပါတယ်ပေါ့။ အဲဒီလိုတွေတွေးပြီး သူမပျော်နေတတ်တယ်။ တခါတလေတော့လည်း ငါ လေးဟာ သိပ်စိတ်ကူးယဉ်နေပါလားလို့ သူမတွေးမိတတ်ပေမယ့် ဒါက ခဏပါပဲ။ ပြီးတော့လည်း ပြန်တွေးတာပါပဲ။
သူ့ကို တခါပဲသူမတွေ့ဖူးတယ်။ အဲဒီနောက်ပိုင်း လုံးဝ မတွေ့ရတော့ဘူးလို့သူမအနေနဲ့ပြောမယ်ဆို ကြည့်ရတာမှားမယ်ထင်တယ်။ သူမက သူ့ကို ခဏခဏတွေ့နေရတာပဲ။
စကားတွေ လည်းပြောနေရတာပဲ။ ဒါပေမဲ့ တကယ့် ပြင်ပဖြစ်ခြင်းမှာတော့ သူမဟာ သူ့ကိုတခါပဲတွေ့ဖူးသေးတယ်။ မြင်မြင်ချင်း
ချစ်တယ်ဆိုတာမျိုးထက်ပိုတယ် ပြောရမလားပဲ။ ဒါကိုတော့ သူမ တခါတလေပြန်တွေးမိတတ်တယ်။ 
ခဏတာပြန်လည်ရောက်ရှိတဲ့ ရှားရှားပါးပါးအချိန်လေး တွေမှာပေါ့။
အဲဒီလိုအချိန်မှာဆို သူမပါးတွေဟာ နီရဲနေတတ်တယ်။ တယောက်ယောက်က သူ့ကိုသွားပြီးစကားပြောရင် ချက်ချင်းပြန်ပြောနိုင်မယ့် အနေအထားမဟုတ်ဘူး။ သူ့ကို သူမ စတွေ့တော့ လမ်းမပေါ်မှာပဲ။ မိုးအုံ့နေတဲ့တနေ့ပေါ့။ ရွာတော့မရွာဘူး။ သူဟာ အေးအေးဆေးဆေးပဲ။ သူ့ဘေးနားမှာ အဘွားကြီးတယောက်။ သူတို့ဟာ လက်ချင်းဆက်ပြီး သွားနေကြတာ။ သူက အံ့သြနေတဲ့သူမကို မြင်ပြီး ပြုံးပြလိုက်တယ်။ သူမကို ပြုံးပြတာလားဘာလားတော့ မပြောတတ်ပေမယ့် ငါ့ကိုပြုံးပြတာပဲလို့ သူမယုံကြည်နေမိ တယ်။ 
သူ့အပြုံးတွေဟာ သူမအတွက်တော့ အံ့သြစရာကောင်း လောက်အောင် ဆန်းကြယ်လို့။ အချစ်ဆိုတာမျိုး ထက်ပိုတဲ့အရာဖြစ်မယ်။ သူ့ကိုကြည့်ပြီး အံ့သြနေတုန်းမှာပဲ သူမသတိပြန်ဝင်လာတယ်။ ပြီးတော့ သူမပါးစပ်က အပြုံးလိုလိုအရာတခု ထွက်ကျလာတယ်။ ကဗျာဆရာတယောက်ကများ အဲဒီအဖြစ်အပျက်ကိုမြင်ရမယ်ဆို သူမနှုတ် ခမ်းပေါ်က နှင်းဆီဖူးကလေးထွက်ကျလာ အဲဒီလိုရေးမလားပဲ။ ခက်တာက ကဗျာဆရာလည်း အဲဒီမှာရှိမနေဘူး။ သတိပြန်ဝင်လာပြီး ပြန် ပြုံးပြတဲ့အခါ သူဟာ သူမ ရှေ့နားမှာမရှိတော့ဘူး။ သူမငေးနေတာ တော်တော်လေးကြာသွားပုံပါပဲ။ အဲဒီနောက်ပိုင်း မတွေ့ရတော့တာ ဘယ်လောက်များကြာပြီလဲ။
တကယ့်ပြင်ပမှာပေါ့။ ဒါပေမဲ့ သူမအတွက်တော့ အဲဒီနေ့ဟာ သိပ်ပြီးကြည်နူးဖို့ ကောင်းတာမျိုးပေါ့။ 
ချစ်စရာကြောင်ကလေးကို အပိုင်ပိုင်ဆိုင်ရတာမျိုးလား။ ဒါမှမဟုတ်။ ကလေးငယ်တယောက်ကစားစရာ အရုပ်သစ်ရသလိုမျိုးလား။ အဲဒီလိုခံစားမှုမျိုးလို့ ပြောရမှာပဲ။ ဒီလိုပြောရတာမျိုးက သိပ် တော့ ကောင်းတဲ့ကိစ္စမဟုတ်ဘူး။ ပုံတူကိုပြန်လည်တည်ဆောက်ပြတဲ့အရာပဲ။ ရှေ့ ကတခုနဲ့အခု နောက်ဖြစ်လာတဲ့တခုဟာ ဘယ်လိုမှ မတူညီနိုင်ဘူးဆိုတာတော့ သေချာပါတယ်။ သူမကတော့ အေးဆေးပါပဲ။
သူ့ဘေးနားက ဘွားတော်ကြီးက ဘယ်သူလဲ။ သူ့အမေများလား။ သူ့အဒေါ်များလားပဲ။ ကြည့်ရတာသား အမိတွေလိုလို ဘာလိုလိုထင်ချင်စရာကောင်းတာတော့ အမှန်ပါပဲ။ ဒီလိုတွေးတဲ့ အခါမျိုးဆိုသူမမျက်နှာဟာ ပြုံးနေလို့။ ကြည့်ရတာ သူ့အမေဟာ ငါ့အမေပဲလို့များ သူမသတ်မှတ်လိုက်ပြီလားမပြောနိုင်ဘူး။ 
သေချာတာကတော့ အဲဒီလိုတွေးမိတိုင်း သူမပျော်နေတတ် တာပဲ။ သူမရဲ့ အပြုံးကလေးဟာ ပျားတကောင်ဖြစ်မယ်ဆို သူဟာ လှလှပပပွင့်အာနေတဲ့ပန်းကလေးတပွင့်ဖြစ်မှာပေါ့။
ပျားကလေးဟာ ပန်းပွင့်ကလေးနားမှာ တဝီဝီနဲ့ရှိနေသင့်တာပေါ့။ မဟုတ်ဘူးလား။ တခါတလေတော့လည်း သူမတွေးမိတာက တမျိုး။ အဲ ဒီတခုကိုတွေးတဲ့နေ့များဆို သူမမျက်နှာဟာ ကြွေပြီးခြောက်သွားတဲ့ပန်းကလေးလိုပဲ။ ကောက်နမ်းကြည့်မယ်ဆို ဘာအရသာ မှ မရှိနိုင်တော့ဘူး။ သူမတွေးမိတာက သူ့ဘေးနားက တွေ့ရတဲ့အဘွားကြီးဟာ သူ့ဇနီးမယားများဖြစ်နေမလားဆိုတာမျိုးပေါ့။
ဟေ့ အဘွားကြီးလာစမ်း ခင်ဗျားမျက်နှာကို ကျုပ်ဓားနဲ လှီးပစ်မယ် အဲဒီလိုအသံကျယ်ကြီးနဲ့ သူမ အော်ပစ်လိုက်တယ်။ အဘွားကြီးကတော့ သူမအော်တာကိုမကြားဘူး။ ပြုံးပြုံးလေးနဲ့သွားနေ တာပါပဲ။ သူနဲ့အတူပေါ့။ သူမအော်လေ အဘွားကြီးကမကြားလေပဲ။ ဒါပေမဲ့ သေချာတာကတော့ အဲဒီလိုတွေးမိတိုင်း သူမ မတရား ပင် ပန်းရတာပဲ။ အပြင်းအထန်ပြေးပြီး တအားမောဟိုက်နေရှာတဲ့အပြေးသမားတယောက်ရဲ့အသက်ရှုသံလိုပဲ သူမအသက်ရှူ သံတွေက။
ဘယ်လိုပဲဖြစ်ဖြစ်။
နံနက်ခင်းစောစောနိုးလို့ မျက်လုံးတွေဖွင့်တဲ့အခါ သူဟာ သူမဘေးနားမှာ အရင်လိုအိပ်မြဲ။ သူမနဲ့အတူ နံနက်စာအတူ စားမြဲ။ သွားမြဲလာမြဲ။ သူမကတော့ သူဟာသူမကိုချစ်တယ်လို့လာပြောမယ်လို့ အမြဲတမ်းယုံကြည်နေတယ်။ တကယ့်ပြင်ပဘဝဆိုတာ
ခဏလေးပဲ။ 
အချိန်တော်တော်များများမှာ သူဟာ သူမ ဘေးနား ရှိနေတုန်းပဲ။
ဟောဟိုမှာ။ ပြောနေတုန်းမှာပဲ သူမကို လက်ထပ်ခွင့် တောင်းဖို့ သူလာနေပြီ။
သူမ တချက်ပြုံးလိုက်တယ်။
တကယ်ကိုရှည်လျားပြီး မပြီးနိုင်မဆုံးနိုင်တဲ့အပြုံးမျိုး ရက်စက်တဲ့အပြုံးမျိုးဆိုပေမယ့် လှတာကတော့အမှန်ပဲ။
ဝေမြင့်မောင်

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts