Poems မြန်မာပြည်တွင်း

ငြိမ်းဝေ(ကဗျာ့အိုးဝေ) – Suicide

Suicide
ငြိမ်းဝေ(ကဗျာ့အိုးဝေ)
(မိုးမခ) နိုဝင်ဘာ ၂၉၊ ၂၀၁၇

“ဟာမန်ဟက်စ်”က 
သိဒ္ဓတ္ထ ဝတ္ထုမှာ
မြစ်ထဲ ရေနှစ်ခါ ချိုးလို့မရဘူးလို့ ရေးခဲ့တယ်

ဟုတ်တယ်

ငါတို့
တစ်ကြိမ်ထဲနဲ့ ကြေကွဲသန့်စင် မြစ်ကြီးအောက် ရောက်ကြရတာပဲ။

“မာယာကော်စကီး”
သူ့ကိုယ်သူ ပစ်သတ်သလို
“စဗက်ထရေဗာ” ကြိုးဆွဲချသလို
“ဆီဗီယာပလပ်” ဓာတ်ငွေ့ပိုက်ရှူသလို
လိုအပ်လို့လား။

စားပွဲခုံလေး ရှိခဲ့တာပဲ
(နှစ်ခါမထိုင်ခဲ့ရဘူး)
ရှားရှားပါးပါး လမ်းဘေး ရပ်ခဲ့တာပဲ
(နှစ်ခါ မရပ်ခဲ့ရဘူး)
အချိုမြဆုံး နှစ်နှစ်ကာကာ ပြုံးခဲ့တာပဲ
(နှစ်ခါ ပြုံးခွင့်မရှိခဲ့ဘူး)
ဒါဆို
ကိုယ့်ကိုယ်ကို ကာယကံမြောက် သတ်သေဖို့ လိုလို့လား။

ပန်းပွင့်တွေအကြောင်း
ပြောခဲ့ကြ
လရောင်တွေအကြောင်း အပ်ကြောင်းထပ်
နေကောင်းလာပါစေ…. 
နေရောင်ခြည်တွေ အရက်ပျံလို ပျောက်ကွယ်သွားတဲ့ ညနေခင်းတစ်ခုမှာပဲ
စမ်းချောင်းကလေး ခေါင်းလောင်းသံတလွင်လွင်
တောင်ကျချောင်းကလေး ကျေးငှက်သံ တစီစီ။

ထပ်တူကျဖို့မလိုပါဘူး 
အလိုလိုကိုပဲ ထပ်တူကျသွားခဲ့တာ
နေရောင်ခြည်တွေ ကုန်စင်အောင် ခတ်မထုတ်နိုင်ခဲ့ဘူး
မောင်ချောနွယ်ရဲ့“ကိုက်လမ်း”ကို သံဝေဂမယူနိုင်ခဲ့ဘူး
တစ်ဘဝလုံးမှာမှ
တစ်ကြိမ်တည်း ပွင့်ခွင့်ရတဲ့ 
ကိုယ့်ကိုယ်ကို ကျိန်စာတိုက်တဲ့
ကျိန်စာသင့် ပန်း။

ဆက်ထုံးမရှိ ကြိုးတစ်ချောင်း
ဆက်လို့ မရ ကြိုးတစ်ချောင်း
ဆက်ခွင့်မရှိ ကြိုးတစ်ချောင်း
ကပ်ကြေးမလို ဓါးမလို
သူ့အလိုလို ကြိုးတစ်ချောင်း။

တစ်ကြိမ်တည်း ပွင့်ပြီး
တစ်ကြိမ်တည်း စီးဆင်းခွင့်ရ
လရောင်တွေ တစ်ကြိမ်တည်း လက်ချိုးရေခွင့်ရခဲ့တာပဲ
မခံမရပ်နိုင်လွန်းပေမယ့်
တရား မမျှမတ
လှပခဲ့လေသည်။ ။

ငြိမ်းဝေ(ကဗျာ့အိုးဝေ)
၁၃၊ ၉၊ ၂၀၁၇
ဟာမန်ဟက်စ်…..နိုဗယ်ဆုရှင် ဂျာမန်စာရေးဆရာ
မာယာကော်စကီး….ရုရှကဗျာဆရာ
စဗက်ထရေဗါ………ရုရှကဗျာဆရာမ
ဆစ်ဗီယာပလပ်……အမေရိကန်ကဗျာဆရာမ

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts