အခွန်ထမ်းသာဂိ – အခွန်ကိစ္စ ဆိုလို့
(မိုးမခ) နိုဝင်ဘာ ၁၇၊ ၂၀၁၇
ယနေ့ အမေရိကန်လွှတ်တော် ၂ ရပ်လုံးမှာ ၀င်ငွေခွန်ပြင်ဆင်ရေး ဥပဒေကြမ်းတွေ တင်သွင်းဖို့ လုပ်နေပါတယ်။ ရီပတ်ဘလစ်ကန် လက်ယာစွဲ လွှတ်တော်အမတ်တွေ ကြီးစိုးတာမို့ သူတို့ Tax Reform ဟာ လူချမ်းသာတွေ အခွန်သက်သာစေတဲ့ ဥပဒေကြမ်းဖြစ်လိမ့်မယ်လို့ ဝေဖန်ပြစ်တင်ခြင်း ခံနေရပါတယ်။ အမေရိကန်အစိုးရဟာ အခွန်တွေ ကောက်ပြီး တိုင်းပြည်ကို လည်ပတ်တဲ့အစိုးရဖြစ်တာမို့ အခြားဝင်ငွေ မရှိဘူးလို့ ဆိုကြပါစို့။ အခွန်တော်နဲ့ပဲ အစိုးရကိစ္စတွေ လုပ်ကိုင်တာမို့ အခွန်တော် များများရဖို့ အရေးကြီးပါတယ်။ လူချမ်းသာဘက်လိုက်တဲ့ လွှတ်တော်အမတ်တွေကတော့ အခွန်လျော့ဘို့ အစိုးရအသုံးစာရိတ် လျော့ချဖို့သာ တွင်တွင်တရားဟောပါတယ်။
လက်ရှိ အမေရိကန်အစိုးရရဲ့ ၀င်ငွေ၊ သုံးငွေက ဘယ်လောက်ရှိသလဲ။ ၂၀၁၆ စာရင်းများအဆိုအရ ၃.၃ ထီလျံ (ကုဋေပြီးတော့ ကုဋာ – တစ်နောက်က သုည ၁၂ လုံး = (1,000,000,000,000)) အခွန်တော်များကနေ ရပါတယ်။ သူတို့ပြန်သုံးစွဲတာက ၃.၉ ထီလျံ ပြန်သုံးတော့ လိုငွေက ၅၈၇ ဘီလျံ (တစ်နောက်က သုည ကိုးလုံး = (1,000,000,000)) ရှိပါသတဲ့။ လိုငွေကို ဘယ်က ပိုက်ဆံနဲ့ ချေးသုံးတုန်း ဆိုတော့ အမေရိကန်က အစိုးရငွေချေးစာချုပ် ထုတ်ရောင်းပြီး ငွေရှာပါတယ်။ အဲသည် ငွေချေးစာချုပ်ကို Treasury Bond လို့ခေါ်ပြီး အတိုးကတော့ နှစ် ၃၀ လို ကာလမှာ အတိုး ၂.၇၅ ပေးတယ်လို့ ဆိုပါတယ်။ အဲသည် ငွေတိုးချေးပြီးတော့ တိုင်းပြည်လည်ပတ်တယ်လို့ အကျဉ်းဆိုကြပါစို့။
သည်တော့ နိုင်ငံသားတိုင်း၏ တာဝန်ဟာ အခွန်ထမ်းဆောင်ရေး ဖြစ်ပါတယ်။ ငွေဝင်တိုင်း အခွန်ဆောင်၊ ငွေထွက်တိုင်းလည်း အခွန်ဆောင်ရတဲ့ စနစ်ဖြစ်ပါတယ်။ ဟာ့ ဘယ်နှယ့် ငွေထွက်တိုင်း အခွန်ဆောင်ရသတုံးဆိုတော့ – ၀င်ငွေခွန်အပြင် အခြားအခွန်အတုတ်တွေလည်း ရှိတော့ အဲသည်အခွန်တွေထဲက ဥပမာ – sale tax, consumer tax ဆိုတာက ကိုယ်သုံးရင်လည်း အခွန်ပေးရတဲ့ သဘောပါခင်ဗျ။
ငွေဝင်တိုင်း အခွန်ဆောင်ရတာက ရှင်းအောင်ပြောရရင် ပြည်ထောင်စု federal အစိုးရကို ဖြစ်ပါတယ်။ အဲသည်မှာ ဘာတွေပါသလဲဆိုတော့ income tax, payroll tax နဲ့ corporate income tax တွေပါ။ တဦးချင်း ၀င်ငွေခွန်၊ ၀န်ထမ်းလစာခွန် နဲ့ လုပ်ငန်းဝင်ငွေခွန် ပေါ့ခင်ဗျ။ ကိုယ်ပိုင်လုပ်ငန်းဝင်ငွေကတော့ Income tax ပေါ့။ လခစားတွေက payroll tax ပေါ့။ ကုမ္မဏီတွေအနေနဲ့ အမြတ်ဝင်ငွေကတော့ corporate tax ပေါ့ဗျာ။
ဥပမာ – ကျနော်က အပြင်လုပ်ငန်းလုပ်လို့ ငွေဝင်တာက income tax ၊ အဲသည်မှာ ၀န်ထမ်းလည်း လုပ်သေးဆိုတော့ ဒါကတော့ payroll tax ဆောင်ရတာပေါ့။ ပြီးတော့ ကျနော်က ကုမ္မဏီလည်း ထောင်ပြီး အလုပ်လုပ်ပြန်ရင် ကုမ္မဏီကလည်း လူလိုပဲ သူ့အမြတ်ခွန် သူဆောင်ရပါတယ်။ သူ့လခစားတွေ ပေးတာ သူ့အသုံးစာရိတ်တွေ ကုန်တာတွေ နှုတ်ပြီး ကျန်တာ corporate income tax ဆောင်ရပါတယ်။
အမေရိကားမှာ ယခင်နှစ် စာရင်းအရ – တဦးချင်းဝင်ငွေခွန်က ၁.၄၈ ထီလျံ (ပြည်ထောင်စု အခွန်ဝင်ငွေ၏ ၄၅% )။ လခစားတွေ အခွန်ပေးရတာက ၁.၀၇ ထီလျံ (၃၄%) နဲ့ ကော်ပိုရေးရှင်းတွေ၏ အမြတ်ခွန်ခေါ်ခေါ် ၀င်ငွေခွန်ခေါ်ခေါ်က ၃၄၁.၇ ဘီလျံ (၁၁%) ရှိကြပါတယ်တဲ့ ခင်ဗျ။
တခြား ပြည်ထောင်စုအခွန်တော်တွေထဲမှာ လေခွန်၊ ရေခွန်၊ မြေခွန်၊ စွမ်းအင်ခွန်၊ အင်ပို့ အိပ်စ်ပို့ ကုန်သွယ်ခွန်တွေလည်း ရှိပါတယ်။ excise tax လို့ ခေါ်ပါတယ်။ တီဗီကြည့် တယ်လီဖုံးသုံး အဲသည်အတွက် federal က လေခွန်ကောက်တယ်လေ။ ခင်ဗျားတို့ ဘီလ်ထဲမှာ ကြည့်ပေါ့။
ကဲ ဒါတွေက ပြည်ထောင်စု ဗဟိုအစိုးရ၏ အခွန်တော်ဝင်ငွေတွေပါ။ ပြီးတော့ ကျနော်တို့ နေထိုင် အသက်မွေးတဲ့ ပြည်နယ်အလိုက်၊ မြို့အလိုက်၊ မြို့နယ် ရပ်ကွက်အလိုက်လည်း အခွန်ဆောင်ရပါသေးသဗျား။ ခုနင်က sale tax, consumer tax, road tax, gas tax ဆိုတာတွေက ကိုယ်သုံးတိုင်း ငွေထွက်တိုင်း ပြည်နယ်အဆင့် မြို့နယ်အဆင့်ကို ဆောင်ရတာ ဖြစ်ပါတယ်။ စည်ပင်သာယာရေးအခွန်လို့ ဆိုရမလား မသိ။ ဘာကြောင့်ဆိုတော့ ပြည်ထောင်စုနဲ့ ပြည်နယ်ဆိုတာ သီးခြားစီ ဘတ်ဂျက်တွေ လုပ်ငန်းဆောင်တာတွေ ခွဲခြားထားတော့ ပြည်နယ်အတွက် မြို့နယ်အတွက် ကုန်ကျစာရိတ်တွေကို ကာမိဖို့ သူတို့ကလည်း ပြည်နယ်အလိုက် မြို့နယ်အလိုက် ဥပဒေပြဌာန်းပြီး ကိုယ်သုံးတဲ့ ငွေပေါ်ကနေ အခွန်ကောက်ကြတာကိုး။ ဒါနဲ့ပဲ ပြည်နယ် မြို့နယ် အစိုးရလုပ်ငန်းတွေက ပြည်ထောင်စုဘတ်ဂျက်ခွဲပေးတဲ့ပေါ်က အပိုဆောင်းပြီး သုံးစွဲကြပါတယ်။
ဥပမာ – ကျနော်က ကမာရွတ်မှာ နေတယ်။ ကမာရွတ်က ဈေးမှာ ဈေးဝယ်တော့ sale tax စားသုံးခွန် ၈% ပေးလိုက်ရတယ်။ ဒါက ရန်ကုန်တိုင်းနဲ့ ကမာရွတ်မြို့နယ်တို့အတွက် အခွန်တော် ၀င်ငွေ။ သူတို့ ဖွံဖြိုးရေးအတွက် သူတို့ သုံးစွဲဖို့ ရှာတဲ့ ပိုက်ဆံပါခင်ဗျ။ ကမာရွတ်က ဓာတ်ဆီဆိုင်မှာ ဆီထည့်တော့ gas tax ၁၂% ပေးလိုက်ရတယ်။ ဒါက ကမာရွတ်မြို့နယ်က လမ်းတွေ တံတားတွေ ပြုပြင် ထိန်းသိမ်း အသစ်တိုးချဲ့ရေးအတွက် ဆောင်လိုက်ရတဲ့ အခွန်တဲ့ဗျ။ ပြည်ထောင်စုနဲ့မဆိုင် ကိုယ့်ရပ်ရွာ ဖွံဖြိုးရေးအတွက် local tax ပါ။ ကဲ … နေရာတိုင်းမှာ အခွန်တွေနဲ့ လည်ပတ်ရတယ်ဆိုတာ သည်လို ခွဲခြား ကောက်ခံနေလို့ပါတဲ့ခင်ဗျ။ ဥပမာပေးတာက ကမာရွတ်နော်။ တကယ် ကမာရွတ်မှာ အဲသလိုမရှိသေးပါ။ မြန်မာပြည်မှာက အခွန်အတော်များများမှန်သမျှ ပြည်ထောင်စု ဗဟိုကပဲ ယူနေတုန်းပဲ။ ၂၀၀၈ အခြေခံဥပဒေအလိုရ မို့လား။
ပြီးတော့ ကမာရွတ်မှာ property tax ဆိုတာ ရှိသေးတယ်။ (မြန်မာပြည်က ကမာရွတ်မဟုတ်၊ အမေရိကားက ကမာရွတ်ဟု မှတ်ယူစေလိုပါသည်)။ အိမ်ခွန်ပေါ့ဗျာ။ ကိုယ်က ပိုက်ဆံပေးဝယ်ပြီးလည်း နေရသေး၊ အခွန်လည်း ဆောင်ရသေးဆိုတာပေါ့။ သူက မြို့နယ်နဲ့ တိုင်းအတွက် စည်ပင်သာယာရေး လူထုအကျိုးသုံးစွဲရေးအတွက် အိမ်ပိုင်ခွန် ဆောင်ပေးရတာပါ။ ဒါနဲ့ အိမ် လမ်း ကျောင်း ဈေး ဘတ်စ်ကား ဆေးရုံ လျပ်စစ်မီး ပုလိပ်စခန်း သာယာပြည့်စုံအောင်၊ မြို့နယ်ဝန်ထမ်းတွေ လစာပေးနိုင်အောင်၊ ၀န်ဆောင်မှု ကောင်းကောင်းပေးနိုင်အောင် ပြည်သူကို တင်ပြအသိပေးပြီး ခွဲခြမ်း သုံးစွဲပါသတဲ့။
ဒါကြောင့် စီးပွားရေးကောင်းတဲ့ ပြည်နယ်တွေ မြို့နယ်တွေမှာ local tax တွေ များပြီး သူတို့တွေရဲ့ လူနေမှုအဆင့်ကလည်း မြင့်၊ ဈေးကလည်း ကြီး၊ ၀င်ငွေကလည်း ကောင်းပါတယ်။ ဥပမာ – ကယ်လီဖိုးနီးယားကို ကြည့်၊ သူ့ပြည်နယ်ထဲက ဆန်ဖရန်တို့ အယ်လ်အေတို့ကို ကြည့်။ ရေမြင့် ကြာတင့်ပေါ့ခင်ဗျာ။ အခွန်ဆိုတာ အမေရိကားမှာတော့ (ဖြစ်နိုင်ရင် နည်းနည်းလေးတော့) ဆောင်ကောင်းတဲ့ အရာပါ။ လူတွေလည်း နားလည်ကြပါတယ်။
မြန်မာပြည်ကလူတွေက စားသောက်ဆိုင်မှာ သွားစားတာ sale tax တွေ service tax တွေ တံဆိပ်ခေါင်းတွေ ကပ်ရ ပေးရတာကို စိတ်ဆိုးတဲ့အကြောင်း ဖေ့စ်ဘွတ်ပေါ် တင်တင်နေကြတာ တွေ့နေရပါတယ်။ ၀င်ငွေခွန်လည်း ဆောင်ရသေး၊ ဒီလိုစားသုံးတဲ့အပေါ်လည်း အခွန်ပေးရသေး။ ဘာလဲ ဘယ်လဲပေါ့။ အင်း … အမေရိကားမှာဆိုရင်တော့ ဒီကိစ္စက ရှေ့နေလိုက်ပေးလို့ ကောင်းသော်လည်း မြန်မာပြည်မှက သည်အခွန်တွေဆိုတာ ဘယ်ရောက်လို့ ဘယ်ပေါက်မှန်းမသိတော့ ၀င်ပြီး ဖာပေးဖို့က ခက်သားလားဗျ။ ပြည်ထောင်စုကပဲ ရသလား။ ပြည်နယ်ကပဲ ရသလား။ ရပ်ကွယ်လူကြီးအိတ်ထဲပဲ ရောက်ကုန်သလား မသိတော့ ၀င်ပြီး ဖာကောင်းဖာသည် လုပ်ဖို့ မရဲပါ။
ဥပမာ – ပြည်ထောင်စုနဲ့ ပြည်နယ်အစိုးရတို့ကြား အကျိုးစီးပွားများ မျှတစွာ ခွဲဝေခြမ်းရေးဆိုတာ အခြေခံဥပဒေမှာဖြစ်ဖြစ် နောက်တိုး ပြဌာန်းချက်မှာ ဖြစ်ဖြစ် ရှိရင် ကောင်းတာပေါ့ဗျာ။ ကချင်ပြည်နယ်က ထွက်လိုက်တဲ့ ကျောက်စိမ်း။ အခွန်က ပြည်ထောင်စုကပဲ သိမ်းကျုံးယူထားရင် ပြည်နယ်က မွဲရတော့ မှာပေါ့။ ပြည်ထောင်စု ဘတ်ဂျက်က ပြည်နယ်တွေကို ဆင်းရဲ ချမ်းသာအလိုက် ပြန်ခွဲဝေပေးတယ် ထားပါဦး၊ ငွေများများ ရှာပေးတဲ့ သားကြီးလည်း မုန့်ဖိုး တမတ်၊ ငွေနည်းနည်းရှာပေးတဲ့ သားထွေးလည်း မုန့်ဖိုး တမတ်ဆိုရင် မိဘတွေကို သားသမီးတွေက ငွေအကုန်အပ်ဖို့ ကြည်ဖြူပါ့မလား။ သည်တော့ သားကြီးဖာသာ အိမ်ခွဲနေပြီး မင်းက သည်လောက်တော့ အဖေတို့ကို ပြန် ပေးကွာ၊ သားထွေးကတော့ ငါတို့အိမ်ပေါ်ခေါ်တင် ကျွေးထားမယ်။ သားထွေးက သည်လောက်ပဲပေး၊ အိမ်အလုပ်တွေလည်း ကူလုပ်လို့ မိဘက ဆုံးဖြတ်ရင် မိသားစုတွေကြား ကျေနပ်ဖွယ် ဖြစ်ကြမယ် ထင်ပါတယ်။ အမေရိကန်က ဖယ်ဒရယ်နဲ့ ပြည်ထောင်စုစနစ်ဆိုတာ အဲသလို ဆန်ဆန်လို့ ရှင်းပြနိုင်မယ် ထင်ပါတယ်။
ဝင်ငွေခွန်ဆိုတာကလည်း တပြေးညီ % တခုတည်း မကောက်ပါခင်ဗျ။ အမေရိကားမှာက အသားတင်ဝင်ငွေတွေမှာ bracket တွေ အဆင့်တွေ သတ်မှတ်ထားပါတယ်။ [တနှစ် ၀င်ငွေ ၁သောင်း ၈ထောင် အောက်] က ၁၀% ပေး။ [၁၈၀၀၀ ကနေ ၇သောင်းခြောက်ထောင်အတွင်း] ဆို ၁၅% ပေး။ [၇၆၀၀၀ ကနေ တသိန်းခွဲအတွင်း] ၀င်ငွေဆို ၂၅%။ ဒီလိုမျိုး ခွဲထားပါတယ်။ အကြမ်းအားဖြင့်ပေါ့။ ဥပမာ ကျနော်က တနှစ် ငွေ ၈ သောင်းဝင်တယ် ဆိုကြပါစို့။ (တကယ် မ၀င်ပါ၊ ဥပမာနော်)။ ၈သောင်းစလုံးကို ၂၅% ကောက်တာ မဟုတ်ပါ။ ကျနော့်ဝင်ငွေထဲက အဆင့်အတိုင်းကို % နဲ့ ခွဲကောက်တာပါ။ ကျနော့် ၈သောင်းထဲက [၁၈၀၀၀ အဆင့်အတွက် ၁၀% ကောက်]၊ ပြီးတော့ [၇သောင်းခြောက်ထောင်အထိက ၁၅% ကောက်]၊ အပေါ်ကbracket လက်ကျန် [၇၆၀၀၀ ကနေ ၈၀၀၀၀] အတွင်း ကိုမှ ၂၅% ခွဲကောက်ပါတယ်။ အကြမ်းအားဖြင့် အခွန်တော် ၁သောင်းကျော်လောက် ကျပါတယ်။ (https://www.nerdwallet.com/blog/taxes/federal-income-tax-brackets/)
အခုလိုပြောလိုက်တော့ မင်းတို့ ၀င်ငွေခွန်ဥပဒေက ရှုပ်လိုက်တာကွာ။ ဖက်ဒရယ်ကကောက်၊ ကောက်တော့လည်း ဘရက်ကက်တွေနဲ့။ တခြား အခွန်တွေကလည်း ရှိသေးတယ်။ ပြည်နယ်ကလည်း ကောက်၊ မြို့နယ်ကလည်း ကောက်။ ပြီးတော့လည်း ရတဲ့အခွန်တွေကို အစိုးရပေါင်းစုံကလည်း သုံးလိုက်တာ လိုငွေပြလို့ အကြွေးတောင် တင်တယ်ဆိုတော့ ဘယ်လိုလုပ် ဟန်ကျမလဲလို့ မေးချင်စရာပါ။ ဟုတ်ပါတယ်။ စနစ်တွေက အဆင့်ဆင့် နှစ်ပေါင်းများစွာ လွှတ်တော်တွေ အမတ်တွေ အစိုးရတွေ သမ္မတတွေ အဆက်ဆက် ပြင်ကြ ဆင်ကြနဲ့ ဆိုတော့ ဇာတ်လမ်းတွေ ရှုပ်တာပေါ့။ သည်လိုနဲ့ပဲ စခန်းသွားနေရတာပါ။
ပြောချင်တာက အခုမှ မြန်မာပြည်က အခွန်စနစ်နဲ့ တိုင်းပြည်ကို လည်ပတ်ဖို့ စလုံးရေ စတုန်း ရှိပါသေးတယ်ဆိုတာပါ။ နားလည်မှုတွေ ဗဟုသုတတွေ လေ့လာမှုတွေ အများကြီး တည်ဆောက်ရမှာ ဖြစ်ပါတယ်။ ဆိုရှယ်လစ်ခေတ်တုန်းက ဗဟိုက အကုန် ရှာ အကုန်သုံး မလောက်ရင်လည်း ပိုက်ဆံ ရိုက်ထုတ်၊ မထုတ်လောက်ရင်လည်း ငွေစက္ကူတွေ ဖျက်သိမ်း၊ လူတွေကိုလည်း ရာရှင်စနစ်နဲ့ ပစ္စည်းတွေဝေတာနဲ့ မှောင်ခိုအားပေးဘ၀နဲ့ နေခဲ့ကြရတာပါ။ အာဏာရှင်လက်ထဲရောက်သွားတော့လည်း အခွန်နဲ့ရပ်တည်မယ့်အစား ဗဟိုက ရှိတာ ချရောင်း၊ စစ်အုပ်စုနဲ့ ခရိုနီတွေက လက်ညိုးထိုးရောင်း၊ အိတ်ထဲထည့်။ လူတွေကို အကြပ်အတည်းတွေထဲ ဖိနှိပ်ထားပြီး ခိုးစား၊ လုစား၊ တောင်းစားတွေအောက်မှာ လူတွေက အသက်မွေးရ၊ သားသမီးတွေက ပြည်ပထွက် ငွေရှာပြီး ပြန်ပို့ရတဲ့ အခြေအနေတွေနဲ့ နေခဲ့ရတာ ဖြစ်ပါတယ်။ အခုမှ လူထုတင်မြှောက်တဲ့ အစိုးရနဲ့လွှတ်တော်ကနေ အခွန်တော်အားကိုး ပြည်သူ့ဝင်ငွေအားကိုးနဲ့ လည်ပတ်တဲ့ လူ့ဘောင်ရောက်အောင် ကြိုးစားတုန်း ဆိုရပါမယ်။ အခွန်စနစ်တွေ ဥပဒေတွေနဲ့အတူ social security လို့ ခေါ်တဲ့ လူမှုဖူလုံရေးစနစ်တွေ ဥပဒေတွေ medi-care လို့ခေါ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေလည်း တည်ဆောက်ရပါဦးမယ်။
ကဲ … တော်လောက်ပါပြီ။ အမေရိကားမှာ လူတိုင်း အခွန်ဆောင်ကြရတာတော့ မဟုတ်ပါ။ ပြည်ထောင်စု အခွန်တော်ကို အမေရိကန်လူဦးရေထဲက ၁၂၂ သန်း ခန့် = ၅၄% က အခွန်ဆောင်ကြပြီး ၄၅% ကျော် လူဦးရေက အခွန်ဆောင်တဲ့အထဲ မပါဝင်ပါ။ အခွန်ဆောင်သူတွေထဲမှာ ၂၀% ခန့်က အခွန်တော်ဝင်ငွေရဲ့ ၈၀% ကို ထမ်းနေကြတာ ဖြစ်ပါသတဲ့။
ကျနော်တို့ဆောင်နေတဲ့ အခွန်တော်ဆိုတာ အမေရိကန်အခွန်ဝင်ငွေထဲက အနည်းဆုံးဆောင်သူတွေထဲမှာ ပါဝင်နေပါသတဲ့။ သို့သော်လည်း တိုင်းပြည်က အခွန်ငွေတွေနဲ့ လည်ပတ်နေမြဲ နေဆဲပါပဲ။ ကျနော်တို့ စားတာ သောက်တာ ၀ယ်တာတွေထဲက အရောင်းခွန် စားသုံးအခွန်တွေဆိုတာကလည်း ကိုယ့်မြို့ ရပ်ရွာ ဖွံဖြိုးရေးအတွက် သုံးတာမို့ ဖြေသာတယ်လို့ ဆိုကြပါစို့ရဲ့။
မြန်မာပြည်ကြီးလည်း အခွန်စနစ် စစ်စစ်နဲ့ ရပ်တည်နိုင်သူ ဖြစ်ရပါစေလို၏။