လွင့်ပြယ်အိပ်မက်
စမ်းစမ်းတင်
(မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ 
ပန်းရိုင်းခင်းတွေပေါ့
လေညှင်းနဲ့ ယိမ်းကရင်း 
တေးချင်းများလည်းသူနွဲ့သီ 
မြစ်ရိုင်းတစင်းပေါ့ 
မြစ်ကျဉ်းရင်စီးချင်းထိုး 
မြစ်ပြင်ကျယ်ရင် သူဘုရင် 
မြစ်ရေလျင်တသွင်သွင်ထိုးဆင်း 
ညင်းလေလျှင်လှိုင်းခွပ်ဝေ့စေ 
ရေစီးကွေ့လေညှင်းထိတွေ့တေးချိုစေ 
စိမ်းစိုစပါးခင်းများဆီလွှင့်ပို့စေ
မှိုင်းညို့ရိုးမတောင်တန်းပေါ့ 
နွယ်ရိုင်းတွေပန်းရိုင်းတွေ တောတံတိုင်းဖြစ် 
သစ်ရိုင်းဥ သစ်ဖု သစ်ပင် သစ်ရွက် 
နွယ်မြက်သစ်ပင်ဆေးဘက်ဝင်သတဲ့ 
ဒီတောင်တန်းဝန်းကျင်
ကြည်လင်စီးတဲ့စမ်း 
အလျဉ်ကျတဲ့ရေတံခွန် 
လေရိုင်းတေးသီ..ပန်းရိုင်းတော-စိန်တရစ်မြတရစ်..ရွှေတရစ် 
ပန်းရိုင်းသတင်းလေညှင်းဆောင် 
တောင်လုံးသင်းမွှေး 
တောကောင်သင်းဖွဲ့ ကျေးငှက်သာရကာတေးချိုဖွဲ့
လေသွဲ့ရွက်ခြောက် စည်းချက်နွဲ့
သည်ပန်းရိုင်း 
သည်မြစ်ရိုင်း 
သည်တောင်တံတိုင်းများဆီ 
တိမ်ရိုင်းအုပ်နှင့်ခိုစီးလိုက်ပါ 
တိမ်မြင်းရိုင်းနဲ့ ခရီးဒုန်းစိုင်းပါမှ 
မုန်တိုင်းကာဆီးတွန်းမောင်းနှင် 
စောင်းညှင်း လွမ်းချင်းဝေးပေါ့ သခင်
စမ်းစမ်းတင်
၂၀၁၇- နိုဝင်ဘာ၊ ၁၁
