ဇော်အောင် (မုံရွာ)

Zaw Aung (Mome Yar) – Articles

လူရည်ချွန်
ဇော်အောင် (မုံရွာ)
အောက်တိုဘာ ၂၊ ၂၀၁၃


အခုခေတ်မှာ တိုရင်း၊လိုရှင်းပြောပြနိုင်ဖို့အရေးကြီးသည်။ ဒုတိယကမ္ဘာစစ်တွင်းက အနုမြူဗုံးထုတ်နိုင်သူ စစ်နိုင်မည်ဟူသော အတွေးအခေါ်ကို အမေရိကန်သမ္မတနားသို့ ပေါက်ရောက်ရန် ရှင်းလင်းပြသနိုင်သူကို လိုက်လံရှာဖွေသောအခါ အိုင်စတိုင်းကို သိပ္ပံပညာရှင်များက တွေ့ရှိသွားသည်။ တိုရင်းလိုရှင်း စာတစ်မျက်နှာဖြင့် သမ္မတကိုရှင်းလင်းတင်ပြပြီး ဆုံးဖြတ်ချက်တစ်ခု ချနိုင်ရန်အတွက် သမ္မတအကြံပေးကို ချဉ်းကပ်ရသည်။ မျက်နှာဖုံးစာမျက်နှာတွင် တစ်ရွက်ကိုသာ တိုရင်းလိုရှင်းရေးရန်လိုအပ်ပြီး၊ ရှင်းပြမည်လူက အိုင်စတိုင်း၊ ရှင်းပြခံရမည့်သူက သမ္မတကို အနီးကပ်အကြံပေးနိုင်သူ အကြံပေးအရာရှိဖြစ်သည်။ သမ္မတမှာ ကမ္ဘာစစ်ကြီးလည်းဖြစ်နေသည်။ အမေရိကန်လူမျိုးများ အဓွန့်တည်ပြီး ဂျာမဏီ၊ဂျပန်များကို စစ်နိုင်ဖို့အတွက် သမ္မတခမြာ သူ့မိန်းမနှင့်ပင်မှန်မှန်တွေ့ဆုံခွင့်မရဖြစ်နေသော အချုပ်သားဘဝဖြစ်နေသည်။ နောက်ဆုံး သမ္မတလက်မှတ်ထိုးပြီး အနုမြူဗုံးထုတ်လုပ်သည့်အမိန့်စာကို ၂နှစ်အတွင်း လက်တွေ့အကောင်ထည်ဖေါ်က ဒုတိယကမ္ဘာစစ်ကြီးကို အနိုင်ယူခဲ့သည်။ ထို့ကြောင့် ယခုခေတ်ကာလတွင် ထိပ်ဆုံးနိုင်ငံကြီး၃ခုမှာ ဒီမိုကရေစီဘိုးအေကြီးဖြစ်သူ အမေရိကန်နှင့် အနုမြူဗုံးကြဲချခံရပြီး အမေရိကန်အားဖြင့် ပြုပြင်ပြောင်းလဲလာသော အာရှမှာ ဂျပန်လူမျိုး၊ ဥရောပတွင် ဂျာမဏီလူမျိုးတို့ဖြစ်သည်။ ဒုတိယကမ္ဘာစစ်နိုင်ခဲ့သော ကွန်မြူနစ်၂နိုင်ငံ ရုရှားနှင့်တရုပ်တို့လည်း ကွန်မြူနစ်စနစ်ကို စွန့်လွှတ်ပြီး ယခုအခါ ထိပ်တန်းအင်အားကြီးနိုင်ငံအဖြစ် အောင်မြင်စွာရပ်တည်နေသည်။ ဒုတိယကမ္ဘာစစ်နိုင်သော ဥရောပနိုင်ငံများတွင် အင်္ဂလိပ်၊ ပြင်သစ်တို့မှာ ယခုအခါ စီးပွားရေးအခြေအနေမကောင်းသော အင်အားကြီးမဟုတ်တော့သည့် နိုင်ငံကြီး၂ခုဖြစ်သည်။
● လူရည်ချွန်စီမံကိန်း ရည်ရွယ်ချက်
ယခုရေးသားမည့် လူရည်ချွန်များအကြောင်းတွင် နိုင်ငံခေါင်းဆောင်ကောင်းများကို ရည်ရွယ်ပါသည်။ မြန်မာပြည်တွင် လူရည်ချွန်စီမံကိန်းဟု ပညာထူးချွန်သူ၊ ကျောင်းသားကျောင်းသူ လူငယ်များကို ရွေးချယ်ပြီး အနာဂါတ် တတ်သိပညာရှင်များ၊ ခေါင်းဆောင်ကောင်းများဖြစ်လာရန် ရည်ရွယ်ခဲ့သည်။ ယခုခေတ် လူကြီးအရွယ်များ သိကြသည့်အတိုင်း ၇တန်းကျောင်းသားမှ တက္ကသိုလ်စတ္တုထနှစ်အထိ အခြေခံပညာ၊ အထက်တန်းပညာ ၂ပိုင်းခွဲခြားက လူရည်ချွန်များရွေးချယ်ပြီး၊ နာမည်ကျော် အင်းလေးခေါင်တိုင်စခန်း၊ ငပလီပင်လယ်ကမ်းခြေစခန်းတို့တွင် နွေရာသီကျောင်းပိတ်ရက်၌ စေလွှတ်ဂုဏ်ပြုခဲ့သည်။ ယခုအခါ လူများစိတ်မဝင်စားတော့ပါ။ ပညာရေးမြှင့်တင်လိုသူများ နိုင်ငံတော်အစိုးရလူကြီးများက ပထမဆုံးအကြိမ်အဖြစ် လူရည်ချွန်စီမံကိန်းကို အသက်သွင်းပါသည်။ ကျေးဇူးတင်ပါသည်။ ထိုလူများကို အမည်နှင့်မှတ်တမ်းတင်လိုပါသည်။ ထိုခါ လူရည်ချွန်ဖေ့စ်ဘုတ်တစ်ခု ပေါ်ပေါက်လာသည်။ အသင်းဝင်ပေါင်း ၃၆၀ခန့် ရှိနေပြီး၊ စတင်လုပ်ဆောင်သူမှာ ထိုင်းနိုင်ငံ AIT University မှ Ph.D ဒေါက်တာဘွဲ့ရရှိသူ၊ RIT 1986 အီလက်ထရွန်းနစ်ဘွဲ့ရသူ၊ ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားဟောင်း ဒေါက်တာကျော်ငြိမ်းအေးဖြစ်သည်။ ဒေါက်တာတပ်ပြီးခေါ်လျှင် ခရစ်ယာန်၊ ဗုဒ္ဒဘာသာ ဂုဏ်ထူးဆောင်ဒေါက်တာများစွာနှင့် ရောထွေးသွားမည်ဖြစ်သောကြောင့် ဒေါက်တာဟုလည်း အမည်မတပ်လိုပါ။ မုံရွာတက္ကသိုလ်တွင် ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သောကြောင့်လည်း ပါမောက္ခကြီးဟု အမည်တပ်နိုင်ပါသည်။ ဒေါက်တာ၊ပါမောက္ခကြီးဆရာဦးကျော်ငြိမ်းအေး ဟုတပ်လျှင့် နာမည်၁၂လုံးဖြင့် စာရွက်ပေါ်မှလူရည်ချွန်ဖြစ်နေမည်။ မဟုတ်ပါ။ ဦးကျော်ငြိမ်းအေး (ဒေါက်တာကျော်ငြိမ်းအေး)သည် တကယ့်လူရည်ချွန်ဖြစ်ပါသည်။ သူတို့အဖွဲ့သားများ ယခင်လူမှုရေးလုပ်ကြစဉ်အခါက ဒေါက်တာဦးခင်ရွှေနှင့်ဆက်စပ်မှုတစ်ခု ရှိခဲ့ပါသည်။ အတိတ်က မှားယွင်းမှုများမှာ လူတိုင်းရှိသော်လည်း အမှားများကို ထပ်မံမမှားရန် အရေးကြီးပါသည်။ စွန့်လွှတ်စရာများရှိလျှင့် စွန့်လွှတ်လုပ်ဆောင်ဖို့လိုသည်။ ဒေါက်တာကျော်ငြိမ်းအေး မုံရွာမြို့နယ်မှ ငယ်စဉ်လူရည်ချွန်ဆု ရရှိခဲ့သူဖြစ်ပြီး၊ ရန်ကုန်စက်မှုတက္ကသိုလ်မှဘွဲ့ရရှိက၊ ထိုင်းနိုင်ငံ ဥရောပဘုံဈေးနိုင်ငံများမှဖွင့်လှစ်ထားသော AIT University ကြီးမှာ M.Sc မာစတာဘွဲ့၊ Ph.D ဒေါက်တာဘွဲ့ ရရှိခဲ့သူဖြစ်သည်။ နိုင်ငံခြားတွင် ဒေါ်လာငွေလစာများကို စွန့်လွှတ်ကာ အမိမြန်မာပြည်မှ အခြားပါမောက္ခများနည်းတူ၊ ကျပ်ငွေလစာဖြင့် မုံရွာတက္ကသိုလ်တွင် လွန်ခဲ့သော ၅နှစ်ကတည်းက ပြန်လည်လုပ်ကိုင်နေသူ ဖြစ်သည်။ ထုံးစံအတိုင်း မြန်မာပြည်တွင်းမှာ Ph.D ဒေါက်တာဘွဲ့ရရှိသော ဒေါက်တာများစွာတို့ကြားတွင် တိမ်မြုတ်နေသော ကြယ်တစ်ပွင့်ဖြစ်သည်။ မကြာမီ နိုင်ငံတော်မှ ထိုကဲ့သို့သော လူရည်ချွန်များကို ထိုက်တန်စွာဂုဏ်ပြု၊ တာဝန်ပေးမည်ဟု မျှော်လင့်ပါသည်။
လူရည်ချွန်စီမံကိန်းအရ ၇တန်း၊ ၈တန်း၊ ၉တန်း၊ ၁၀တန်း ထိပ်တန်းစာတော်သူများကို ကျောင်းအဆင့်၊ မြို့နယ်အဆင့် ရေးဖြေ၊ နှုတ်ဖြေ စာမေးပွဲများဖြင့် စကာတင်ကာ တစ်မြို့နယ်၎ဦးနှုန်းဖြင့် အခြေခံပညာအဆင့်ကို ရွေးချယ်ခဲ့သည်။ တက္ကသိုလ်များတွင်လည်း ဘာသာရပ်အလိုက် ထိပ်ဆုံးစာတော်သူ ၃ဦးစီကို ရေးဖြေ၊ နှုတ်ဖြေ စာမေးပွဲများဖြင့် တက္ကသိုလ်တစ်ခုတွင် ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်၊ စတ္တုထနှစ် ၄ဦးရွေးချယ်သည်။ ထို၂သုတ်ကို စုပေါင်းပြီး ရန်ကုန်တွင် ညစာစားပွဲ၊ မြန်မာ့ဂုဏ်ဆောင်နေရာများကို လိုက်လံပို့ဆောင်ပြသသည်။ နောက် အင်းလေးနှင့်ငပလီစခန်းများတွင် အပမ်းဖြေ၊ မိတ်ဆွေဖြစ် စခန်များကို နိုင်ငံတော်မှအကုန်ကျခံ လုပ်ဆောင်ခဲ့သည်။ ၁၉၈၈ခုနှစ်တွင် နိုင်ငံတော် ဆင်းရဲမွဲတေသွားသည်။ ၁၉၈၈မှ စတင်ပြီး မွဲတေသွားသည့် မြန်မာအစိုးရက လူရည်ချွန်များကို လုံးဝမကြည့်ရှုနိုင်တော့ပါ။ လူရည်မချွန်သူများ အုပ်ချုပ်သောအခါ တိုင်းပြည်တွင် လူရည်ချွန်များဘေးရောက်ခဲ့ရပါသည်။ ၂၀၁၂ အစိုးရသစ်တွင် လူရည်ချွန်များ တဖန်ပြန်လည်ကြည့်ရှုခံရသောအခါ လူရည်ချွန်ဟောင်းများက ဦးဆောင်ရပါသည်။ မိဘနှင့်သားသမီးကဲ့သို့ လူရည်ချွန် ဟောင်းကြီးများ၏ တာဝန်မှာ လူရည်ချွန်လေးများစွာ ထိုက်တန်စွာနေရာရရှိရန်ဖြစ်သည်။ ခက်သည်မှာ လူရည်ချွန်ဟောင်းကြီးများလည်း ဘေးရောက်နေသည်။
လက်ရှိမြန်မာနိုင်ငံ အခြေအနေ
လူတစ်ဦးဘဝတွင် လစဉ်ပေးရမည့် အိမ်လခ၊ လျှပ်စစ်မီး၊ အိမ်လခ၊ ရေ၊ ကလေးကျောင်းစရိတ် စသည့်လစဉ်ပေးချေငွေများကို မပေးနိုင်တော့လျှင် လူမွဲဟုခေါ်သည်။ ကုမ္မဏီအဆင့်တွင် ဘဏ်များမှချေးငှား၊ စီးပွားလုပ်ခဲ့သောငွေများကို လစဉ်ပြန်မပေးဆပ်နိုင်လျှင့် ဘဏ်က တရားစွဲပြီး ဒေဝါလီ Bankrupt လုပ်ခိုင်းပါသည်။ နိုင်ငံကမွဲသွားလျှင် နိုင်ငံမွဲ LDC Least Develop Country အဖြစ်ကျေငြာမှ လစဉ်ပေးရမည့်ငွေများကို မပေးပဲ ဆိုင်းငံ့ခွင့်ရရှိပါသည်။ မြန်မာနိုင်ငံတွင် လိင်၊လပ်ဘ်၊လောင်းကစား တက်မက်လှသော ဦးနေဝင်းက တိုင်းပြည်ကို ၂၆နှစ်အုပ်ချုပ်ပြီး သူကတော့ချမ်းသာ၊ဇိမ်ခံနိုင်ဆဲဖြစ်သော်လည်း မြန်မာလူမျိုးများကတော့ မွဲတေသွားသည်။ အစိုးရဝန်ကြီးများ နိုင်ငံခြားအစည်းဝေးသွားတက်မည်ဆိုလျှင်ပင် ပြည်ပလေကြောင်းကုမ္ပဏီကြီးများက မြန်မာအစိုးရပေးရမည့် အကြွေးနှင့်လေယာဉ်စီးထားခဲ့သည် လစဉ်ပေးရမည့်အရစ်ကျငွေကို မပေးလျှင် လေယဉ်လက်မှတ်မရောင်းနိုင်တော့ပါ ဟုပင် ပြသနာဖြစ်ခဲ့သည်။ အကြွေးထူသော မြန်မာအစိုးရအကျပ်တည်းဖြစ်စဉ် ရှစ်လေးလုံးအရေးတော်ပုံကြီးဖြစ်လာသည်။ အမျှော်အမြင်ကြီးလှသော ဦးနေဝင်းက ရှက်ရှက်နှင့် ရာထူးကနှုတ်ထွက်ပြီး၊ အရေးအခင်းကို ဗိုလ်ခင်ညွန့် ထောက်လှမ်းရေးအဖွဲ့ဖြင့် အရေးအခင်းကို ရက်စက်စွာနှိမ်နင်းခဲ့သည်။ ဦးနေဝင်း နောက်ကွယ်က အုပ်ချုပ်သော၁၀နှစ်ကာလအပြီး ၂၀၀၃တွင် ဗိုလ်ခင်ညွန့်နှင့် ထောက်လှမ်းရေးများ ဇတ်လမ်းသိမ်းသွားသည်။ ၂၀၀၇ သဃာအရေးခင်းဖြစ်သည်။ ၂၀၀၈ နာဂစ်မုန်တိုင်းဒဏ် အလူအလဲခံရပြီး ၂၀၁၁တွင် ဗိုလ်ချုပ်မှုးကြီးဦးသန်းရွှေ အနားယူသွားသည်။ ယခု သမ္မတဦးသိန်းစိန်အစိုးရက ဦးဆောင်နေသည်။ အတိုက်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် အင်အယ်ဒီပါတီကို လွှတ်တော်တွင် ၅% အမတ်များအဖြစ် လက်ခံထားပါသည်။ ကောင်းသည့်ဘက်သို့ ပြန်လည်ဦးတည်နေပါသည်။
● နိုင်ငံတကာလူရည်ချွန်များနှင့် အစိုးရစီမံကိန်း
လူရည်ချွန်အကြောင်းပြန်ဆက်ရလျှင့် နိုင်ငံတကာတွင် ပညာထူးချွန်သူများကို တတ်သိ၊ပညာရှင်များအဖြစ် မြှင့်တင်ပေးသည်။ ကျွန်ုပ် စင်ကာပူတွင်နေထိုင်သောကြောင့် စင်ကာပူပညာရေးတွင် တစ်တန်းကျောင်းသားလေးများမှစပြီး လူ၂၀၀ အတော်ဆုံးကျောင်းသားများကို ရွေးချယ်သည်။ ထိုကျောင်းသားများကို ၇တန်းအဆင့်တွင် ထိပ်တန်းကျောင်းကြီးများသို့ ပြောင်းရွေ့ စုဝေးစေသည်။  ၁၀တန်းအောင် (“O” Level) ပြီးသောအခါ ဂျူနီယာကောလိပ်၂နှစ်တွင် အနောက်နိုင်ငံဘာသာစကားတစ်ခု အထူးသင်ကြားပေးသည်။ ထို၂နှစ်ကောလိပ်ပြီးဆုံးပါက အနောက်နိုင်ငံများမှာ သူတို့သင်ယူထားသော ဘာသာရပ်စကားအတိုင်း ထိပ်တန်းတက္ကသိုလ်ကြီးများသို့ အစိုးရပညာတော်သင်အဖြစ် စေလွှတ်သည်။ တစ်လလျှင် ဒေါ်လာ၅၀၀၀အထက် ပညာချွန်၊ လူရည်ချွန်ထောက်ပံကြေးကို နိုင်ငံတော်မှ အကုန်ကျခံသည်။ ထိုသူများ ဘွဲ့ရသွားပြီး စင်ကာပူနိုင်ငံပြန်မလာချင်လဲ အရေးမယူပါ။ ငယ်ရွယ်သူဖြစ်သောကြောင့် ထိပ်တန်းနိုင်ငံကြီးများ ပေးသောလစာငွေ၊ ရာထူးများကို လူငယ်ပီပီမက်မောကြသည်။ ၂၀% ကျောင်းသားများပြန်လာလျှင်ပင် စင်ကာပူအစိုးရက အိုကေသည်။ ပြန်မလာလျှင် ပေးရော်ပါမည်ဟူသော အာမခံငွေမလျှော်ပေးလျှင်လဲ နိုင်ငံတော်မှ တရားမစွဲပါ။ တစ်ချိန်တွင် မိုက်သောသားငယ်လေး အမိစင်ကာပူကို ပြန်လာမည်ဟု အစိုးရပညာရေးအရာရှိကြီးများက ခံယူသည်။ ပညာသင်စရိတ်ကိုလည်း ထိုပြန်မလာတော့သည့် ကျောင်းသားများက အလုပ်ဝင်ပြီး မကြာခင်၊ ပေးလျှော်နိုင်ပါသည်။ ငွေကြေး၊ရာထူးကြောင့် ပညာတော်သင်များ ပြန်မလာနိုင်သော်လည်း ထိုသူများမှာ ကျေးဇူးမမေ့ပါ။ ပြည်ပမှ စင်ကာပူနိုင်ငံသားများအကျိုးကို အမြဲဆောင်ရွက်နေဆဲဖြစ်သောကြောင့် စင်ကာပူနိုင်ငံသည် စီးပွားရေးတွင်သာမက၊ ပညာရေးတွင်ပင်လျှင် ကမ္ဘာထိတ်တန်းဖြစ်နေသည်ကို ကျနော်မငြင်းနိုင်ပါ။ စကားစပ်ပြီး ရေးရလျှင် ပညာတော်သင် (သို့မဟုတ်) ပညာရေးဝန်ထမ်း ပညာတတ်ဆရာများ အလုပ်မှထွက်ခွင့်မရနိုင်သဖြင့် နိုင်ငံခြားတိတ်တဆိတ်ထွက်ခွာသွားသူများ၊ ပညာတော်သင်မှ မိသားစုအရေးအတွက် ပြည်ပရာထူး၊လစားများ ရရှိပြီး မြန်မာပြည်ပြန်မလာနိုင်သူများကို မြန်မာပြည်အစိုးရ (ပညာရေးရေးဝန်ကြီးဌာန) မှ ကင်းလွတ်ခွင့်စာမထုတ်ပေးသေး ဟုကြားသိရသည်။ ဝန်ထမ်းပြေးများ၊ လက်နက်ကိုင်လူမျိုးစုများ၊ ဗကပ၊ ကျောင်းသားတပ်၊ ပြည်ပြေးတပ်များကို ဘလက်လစ်စ် Black List BL စာရင်းမှ ဖျက်ပယ်ပြီးကြောင်း ဝန်ကြီးဌာနများက စာများထုတ်ပေးပြီးသော်လည်း ပညာရေးဌာနမှ ထုတ်ပြန်ရန်ခက်ခဲနေသည်ဟု ကြားသိရသည်။ ပညာတတ်၊ လူရည်ချွန်များပြန်လာမည့်အရေးမှာ ခက်ခဲနေဆဲဖြစ်ပါသည်။
စင်ကာပူနည်းတူ တရုပ်၊ အမေရိကား၊ ဂျပန် စသည့်နိုင်ငံများတွင်လည်း လူရည်ချွန်စီမံကိန်းများ သူနည်းသူ့ဟန်နှင့် ရှိပါသည်။ အထင်ရှားဆုံး လူရည်ချွန်စနစ်မှာ စကောလားရှစ်ဆုပေးခြင်းဖြစ်သည်။ စင်ကာပူနှင့် တရုပ်၊ ဂျပန်၊ အမေရိကန်တို့တွင် လူရည်ချွန်ဆိုသည်မှာ နိုင်ငံအုပ်ချုပ်သူများ၊ ပညာရေး၊ လူမှုရေး၊ စီးပွားရေး၊ စစ်ရေး၊ ဘာသာရေး စသည့် ကဏ္ဍကြီးများတွင် ကမ္ဘာမကျော်လျှင်ပင်၊ နိုင်ငံတွင်း လေးစားရသူများ ဖြစ်လာရေးအတွက် ပြုစုပျိုးထောင်သည့် စီမံကိန်းများဖြစ်သည်။ လူရည်ချွန်တစ်ဦးသည် နိုင်ငံသမ္မတဖြစ်ရေး၊ ဝန်ကြီးများစွာ ဖြစ်လာရေးမှာ လက်တွေ့မဆန်ပါ။ ယခုခေတ် EMG Media မှ အယ်ဒီတာချုပ်ကြီးလည်း လူရည်ချွန်တစ်ဦးဖြစ်ခဲ့ဖူးသည်၊ နာမည်ကြီး ဗုဒ္ဒဘာသာဘုန်ကြီးတစ်ဦး ငယ်စဉ်က လူရည်ချွန်ဖြစ်ခဲ့ဘူးသည်။ စီးပွားရေးဝန်ကြီး ငယ်စဉ်ကလူရည်ချွန်ဖြစ်ခဲ့ဖူးသည် ..စသဖြင့် တစ်ထောင်တစ်ယောက်နှုန်း ကြားသိရသည်။ တစ်ထောင် တစ်ယောက်နှုန်းမှာ ၁၀ယောက်နှုန်းသို့ တိုးတက်လာရန်လိုပါသည်။ လူရည်ချွန်များမှာ ပညာချွန်သောကြောင့် ပညာရေးတွင်သာ လွှမ်းမိုးနိုင်မည်ဟု ဆိုနိုင်သောလည်း စာပညာတော်ခြင်းနှင့် အုပ်ချုပ်ပညာတော်ခြင်းမှာ မတူပါ။ အုပ်ချုပ်ပညာတော်အောင် လူရည်ချွန်များသည် အထွေထွေပညာများ၊ ဘာသာစကားများ၊ စီးပွားလုပ်ငန်းများကို လေ့လာကျွမ်းကျင်ရန်လိုပါသည်။ 
● မြန်မာပညာတော်သင်များ ဝမ်းနည်းဘွယ်ရာ
ကျနော်လူရည်ချွန်အကြောင်း ရေးသားရခြင်းမှာ တစ်ကြိမ်အရွေးချယ်ခံခဲ့ဖူးသောကြောင့်ဖြစ်သည်။ လူရည်ချွန်အစစ်မဟုတ်ဟုလည်း ပြောနိုင်ပါသည်။ လူရည်ချွန် ၆ထပ်ကွမ်း၊ ၇ကြိမ်ရသူများရှိသလို ၄ထပ်ကွမ်း၊ ၃ထပ်ကွမ်းများစွာ ရှိပါသည်။ စင်ကာပူတွင်ရောက်ရှိပြီး ရာထူး၊လစာမရှိသောကြောင့် အေးဆေးနေသူများစွာရှိသည်။ တစ်နှစ်လျှင် လူတစ်ထောင်နှုန်းဖြင့် အနှစ်၂၀ကျော် စီမံကိန်းတွင် လူပေါင်း နှစ်သောင်း၊ ၃သောင်းကျော် မွေးထုတ်ခဲ့ပြီး ၉၀ရာနှုန်းမှာ အသက်ရှင်နေဆဲဖြစ်သည်။  လူရည်ချွန်၎ထပ်ကွမ်းရရှိခဲ့သူ ကလေးမြို့မှ သူငယ်ချင်း (ဆရာဝန်ဖြစ်ပြီး ၁၀နှစ်အကြာကွယ်လွန်သွားသူ) ၁၉၈၀ခု မုံရွာကောလိပ်လူရည်ချွန်ရွေးချယ်ပွဲတွင် အရွေးမခံရပါ။ အင်ဂျင်နီယာဖြစ်လာမည့် တစ်ခါမှလူရည်ချွန်မရဖူးသူ ကိုခင်မောင်ချို အရွေးခံရသည်။ ရန်ကုန်စက်မှုတက္ကသိုလ်တွင် ဘိတ်ဆုံးအမှတ်ဖြင့် Mining သတ္တုတူးဖေါ်အမှတ်ဖြင့် ဝင်လာသူ ကိုလှဦးက ၁၉၈၁ လူရည်ချွန်အဖြစ် အရွေးခံရပြန်သည်။ ငယ်စဉ်က လူရည်ချွန်အမှတ်ပေးစည်းမျဉ်းကို မြို့နယ်ပညာရေးမှုးထံမှ သိရှိရသဖြင့် အမှတ်အများဆုံးရအောင် ဖြေတတ်သူများ ထပ်ကွမ်းလူရည်ချွန်ဖြစ်ခဲ့သည်။ တက္ကသိုလ်အဆင့်တွင် လူရည်ချွန်အရွေးမခံရဖြစ်သွားသည်။ ထိုစဉ်က လူရည်ချွန်များမှာ အသက်၄၀ကျော်လာချိန်တွင် အောင်မြင်သူများဖြစ်နေပြီလားဟု မေးပါက လုံးမမဖြစ်ပါ ဟု ဖြေလိုပါသည်။ ပြည်ပရောက်နေသော လူရည်ချွန်များတွင် အထပ်ကွမ်းများစွာဖြင့် ပညာတော်တတ်လှသော်လည်း လူမှုရေးအားနည်းသဖြင့် အလွန်ဆုံး နိုင်ငံခြားတက္ကသိုလ်တွင် ပါမောက္ခဘဝဖြင့်သာ အဆုံးသတ်ရခြင်းမှာ မြန်မာလူဆိုးကြီးများကြောင့်ဟု ပြောပါက လူတိုင်းလက်ခံနိုင်မည်ဖြစ်သည်။ စနစ်ကြောင့်မဟုတ်ပါ။ လူဆိုးကြီးများကြောင့်ဖြစ်သည်။ ထိုလူဆိုးကြီးများ လိင်၊ လပ်ဘ်၊ လောင်းကစား တက်မက်သူများ နိုင်ငံတော်အာဏာကို ရရှိသွားသောကြောင့် တိုင်းပြည်ပျက်စီးပြီး လူရည်ချွန်များလည်း နေရာမရဖြစ်သွားရပါသည်။
ယခုလူရည်ချွန်ဖေ့စ်ဘုတ်ကို Admin လုပ်သူ ဦးကျော်ငြိမ်းအေး အဆိုအရ၊ ရည်ရွယ်ချက်မှာ နိုင်ငံပြုပြင်ပြောင်းလဲမှုတွင်အထူးပါဝင်နိုင်ရန်ဟု ဆိုသည်။ တိကျပြက်သားသောရည်ရွယ်ချက်မှာ တစ်နှစ်တစ်ခါ လူရည်ချွန်ဟောင်းကြီးများ တွေ့ဆုံပွဲကျင်းပနိုင်ရန်ဖြစ်ပြီး၊ ထုံးစံအတိုင်း ရံပုံငွေပေးလှုခြင်းဖြင့် စတင်ရပါသည်။ ဒီဇင်ဘာ ၂၀၁၃တွင် လူရည်ချွန်ဟောင်ကြီးများ တွေ့ဆုံပွဲကြီးလုပ်ရန် မျှော်လင့်ထားသည်။ တစ်လတစ်ခါ တက်ကြွသူ Organizer များတွေ့ဆုံဆွေးနွေးနေသည်ဟု သိရသည်။ မြောက်များလှစွာသော လူရည်ချွန်များကို စုစည်းနိုင်ဖို့ဆိုသည်မှာ နိုင်ငံတော်၏တာဝန်ဖြစ်သည်။ ကျနော်တို့ စက်မှုတက္ကသိုလ်ကျောင်းသားဟောင်းများစွာ ပြည်ပသို့ရောက်လာချိန် အားလုံးကိုစုစည်းအဖွဲ့စည်းဖွဲ့ရန်စည်းရုံးသည်။ ၂၀၀၀တွင် စင်ကာပူရောက်မြန်မာ စက်မှုတက္ကသိုလ်ကျောင်းဆင်းများက စင်ကာပူတွင်တရားဝင်အဖွဲ့ မှတ်ပုံတင်ဖို့ ကြိုးစားရာ၊ န.အ.ဖ အစိုးရလက်ထက်ဖြစ်သောကြောင့် ဖြစ်မလာနိုင်ပါ။ စင်ကာပူအစိုးရကလည်း တက်လာသည့်အစိုးရနှင့်မိတ်ဆွေဖြစ်ရေးသည် သူ၏ပေါ်လစီဖြစ်သည်ကို လက်ခံသော်လည်း အတိုက်အခံများကို နှိပ်ကွပ်သည့် စင်ကာပူအစိုးရဖြစ်သည်။ ထို့ကြောင့် မြန်မာအစိုးရအတိုက်အခံ စက်မှုတက္ကသိုလ်ကျောင်းသားဟောင်းများက ကန့်ကွက်သဖြင့် စက်မှုတက္ကသိုလ်ကျောင်းသားဟောင်းအဖွဲ့အစား မြန်မာကလပ်(စင်ကာပူ) ဖြစ်ပေါ်လာရသည်။ လူရည်ချွန်များလည်း ဒေသအလိုက်၊ တက္ကသိုလ်အလိုက် အဖွဲ့အစည်းများဖြင့် လက်တွေ့လှုပ်ရှားကြမည်ဟု မျှော်လင့်ပါသည်။ အထူးသဖြင့် လူရည်ချွန်စာရင်း ပြုစုဖို့လိုသည်။ ကမ္ဘာတလွှား Online Member id များကို အလွယ်တကူကြည့်နိုင်စဉ်တွင် မိမိလူရည်ချွန်ရခဲ့ပုံ အတိတ်ပုံရပ်ကောင်းကို အမှန်အတိုင်း အင်တာနက်တွင် တင်ပြထားရန်လိုသည်။ ဥပမာ.. စက်မှုတက္ကသိုလ်နောက်ဆုံးနှစ် Final Graduate List ကို အင်တာနက်တွင် အလွယ်တကူရှာပြီး မိတ်ဆွေဟောင်းများ တွေ့နိုင်ပါသည်။ 
● နိဂုံးနှင့် အနာဂတ်လူရည်ချွန်များ
လူရည်ချွန်ဟောင်းကြီးများက နိုင်ငံပြုပြင်ရေးတွင် ထူးချွန်စွာ ပါဝင်နိုင်ပါစေ။ ဒေါ်အောင်ဆန်းစုကြည် စင်ကာပူတွင် အမှာစကားအတိုင်း လောကတွင်ပေးဆပ်သူလူတန်းစားမှာ အလွန်နဲပါးလှသည်။ လူအများစုသည် အပေးအယူ မျှတသူများဖြစ်ရန်လိုသည်။ မိမိရထားသည်ထက် ပိုပြီးပေးနိုင်ပါက ပိုကောင်းသည်။ ရသမျှယူနေသော လူတန်းများများ နည်းပါးသွားမှသာ ပြုပြင်ပြောင်းလဲရေး အောင်မြင်နိုင်မည်..ဟု ဆိုသည်။ စာရေးသူမှတ်ချက်အရ … ရတာအကုန်လုံးယူ.. ဟုသော အဆိုတော် ခိုင်ထူး၏သီချင်းစာသားအတိုင်း ရတာအကုန်လုံးယူသည့် လူတန်းစားတွင် လူရည်ချွန်လူတန်းစားများမပါကြောင်း အာမခံချင်ပါသည်။ သို့သော် ထိုလူတန်းစားသည် ယခုနိုင်ငံပြုပြင်ပြောင်းလဲရေးတွင် အနှစ်၂၀၊ အနှစ်၄၀ တစ်စိုက်တစ်မတ်လုပ်သည့် သတ္တိခဲ၊ လူတန်းစားလဲမဟုတ်ပါ။ ပညာတတ်လူတန်းစားဖြစ်သဖြင့် လူလတ်တန်းစားများဖြစ်သည်။ တိုင်းပြည်တစ်ပြည် တိုးတက်ခြင်းကို လူလတ်တန်းစားများက ရာနှုန်း၆၀အထက် ရှိလျှင် တိုင်းပြည်တိုးတက်ပါသည်။ မြန်မာနိုင်ငံတွင် တစ်လ ကျပ်၁၀သိန်းအထက် ဝင်ငွေရှိမှ လူလတ်တန်းစားအဆင့်ရှိသည်။ တစ်လ ကျပ်သိန်း၅၀အထက်ရှိလျှင် အထက်တန်းစားဖြစ်နေသည်။ တစ်လ ကျပ်သိန်း၁၀၀၀အထက် လူတန်းစားမှာ ခရိုနီအဆင့်တူဖြစ်သည်။ ငွေဖြင့်ဆုံးဖြတ်ပါက လူရည်ချွန်များမှာ လူလတ်တန်းစားမဟုတ်သေးပါ။ နိုင်ငံတကာတွင် အလိုအလျှောက်လူလတ်တန်းစားဘဝ ရောက်သည်။ ပညာထူးချွန်ပါက စကောလားရှစ်ရပြီး အဆင့်မြင့်တက္ကသိုလ်များသို့ စရိတ်ငြိမ်းပညာသင်၊ဘွဲ့ရပါသည်။ နာမည်အကြီးဆုံး လူရည်ချွန်၂ဦးမှာ အမေရိကန်နိုင်ငံမှ လူမည်း၊ အနှိမ်ခံလူမည်းအမျိုးသား အိုဘားမား နှင့် လူမဲအမျိုးသမီး မစ္စရိုက်စ် (သမ္မတဘွတ်ခ်ျအကြံပေး၊ ဝန်ကြီး) တို့ဖြစ်သည်။ ပညာသည်သာ အနိုမ့်ဆုံးမှ လွတ်မြောက်ရာလမ်းဖြစ်သည်။ ရုပ်ဝတ္တု၊ ရာထူး၊ ငွေကြေး မကြွယ်ဝသော မြန်မာ့လူရည်ချွန်များ ခေတ်စနစ်သစ်တွင်၊ လူသစ်များဖြစ့် အဆင်ပြောလာပါမည်။ ရုပ်ဝတ္တုမပါပဲ စိတ်ဓါတ်ဖြင့်ဆုံးဖြက်ပါက လူရည်ချွန်များသည် လူလတ်တန်းစားဖြစ်ပြီး၊ စိတ်ချမ်းသာ၊ကိုယ်ချမ်းသာဖြစ်နိုင်သည့် လူလေးစားခံရသည်ဟု ဆိုနိုင်ပါသည်။ ရွှင်လန်းချမ်းမြေ့ပါစေ။ 
Ref: လူရည်ချွန်ဟောင်းများဖေ့စ်ဘုတ်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts