မောင်လူရေး – ဆိုရှယ်မီဒီယာ သို့မဟုတ် ပုဂ္ဂလိကနှင့် အလုံးစုံလွှမ်းခြုံမှုသဘော
နည်းပညာအားနည်းသော ဒီမိုကရေစီတွင် လူတိုင်းအဖို့ ၎င်းတို့ ဆန္ဒများကို တင်ပြခွင့် မရှိပေ။ ထို့ကြောင့် စင်ရှိသူများ၊ ပလ္လင်ရှိသူများ၊ မီဒီယာပိုင်ရှင်များ၊ မိုက်ခွက်ကိုင်များ၏ လူပေါ်လူဇော်လုပ်သမျှ ခံကြရပေသည်။ ယခုမူ လူတိုင်းအဖို့ မိမိအကောင့်သည် မိမိ၏ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ အိမ်ထောင်ရေး၊ ပေါင်းသင်းဆက်ဆံရေး၊ ကုစားရေးစင်တာ၊ ဟောပြောဆွေးနွေးရာ၊ သတင်းဌာနများ ဖြစ်နေကြပြီ။ ကောင်းစွ။
တပြိုင်နက်တည်းမှာပင် ရွေးချယ်မှု စိစစ်မှု တင်ဆက်မှု စည်းရုံးမှု လှုံ့ဆော်မှုအရည်အသွေးများလည်း ကျွဲကူးရေပါ တတ်မြောက်လာကြသည်။ ထို့အပြင် လူ့အဖွဲ့အစည်းကို ပါဝင်ထိမ်းကျောင်းခွင့်၊ ဆွေးနွေးဆုံးဖြတ်ခွင့်လည်း ရှိလာကြပြီး ကိုယ်ရည်ကိုယ်သွေးမြင့်မားရေးလည်း အပိုအဖြစ်ရရှိပြန်သည်။
ဆိုရှယ်မီဒီယာသည် လူ့အဖွဲ့အစည်း၏ ဒေါင့်တဒေါင့်က အလွန်သေးငယ်သည့် အလွဲသေးသေးလေးတခုကိုဘဲဖြစ်ဖြစ်၊ ပြုံးစရာလေးကိုဘဲဖြစ်ဖြစ် လူ့အဖွဲ့အစည်းတခုလုံးဆီ တမုဟုတ်ခြင်းဖြန့်ချီနိုင်သည့်အတွက် လူ့အဖွဲ့အစည်းကောင်းအောင် အရသာရှိအောင် လူတိုင်းပါဝင်ခံစားကူပံ့လုပ်ဆောင်နိုင်စွမ်းရှိသည့် တခုတည်းသော စနစ်ဖြစ်သည်။
ကိန်းကြီးခန်းကြီးနိုင်မှုများနှင့် အချိန်ကုန် ငွေကုန်ဖြစ်နေသော လူ့အဖွဲ့အစည်းကို အဆုံးသတ်ပေးပြီး တကယ့်လိုအပ်မှု လိုလားမှုများကို ဖြည့်ဆည်းမှုများဖြင့် ချိတ်ဆက်ပေးမည့် လူ့ဘောင်အသစ်ကို ထူထောင်နေသည့် ဆိုရှယ်မီဒီယာ၏အစွမ်းကို မြင်နေရသည်။ မကြာမီကာလတွင် လာဘ်ပေးလာဘ်ယူမှုစသည့် မကောင်းမှုများ ဆိတ်ကွယ်ရာမရှိယုံသာမဟုတ်၊ အားနည်းချက်များပင် ဆိတ်ကွယ်ရာမဲ့သွားတော့မည်။ ဆိုးရွားသော နိုင်ငံရေး ဘာသာရေးအယူအဆများနှင့် အစိုးရဆိုးများကိုပါ ဖယ်ရှားရှင်းလင်းပေးသွားတော့မည်။ လူ့ဘောင်အဖွဲ့အစည်းအသီးသီးက လက်ဝါးကြီးအုပ်ထားမှုများကိုလည်း ဖယ်ရှားပစ်တော့မည်။ နည်းပညာက လူ့ဘောင်တခုလုံးကို စောင့်ကြည့်နိုင်သောစနစ်ကို မွေးဖွားပေးသည်။
ဆိုရှယ်မီဒီယာမှာ ပရိုဖိုင်အစစ်သုံးဆွဲခြင်း၊ အချက်အလက်မှန် ဖော်ပြခြင်းဖြင့် လူ့ဘောင်တခုလုံးက အသိအမှတ်ပြုသောလူသားအဖွဲ့ဝင်ဖြစ်လာမည့်အပြင် လူ့ဘောင်ကောင်းရာကောင်းကြောင်း လူသားထုတရပ်လုံးချိပ်ဆက်လုပ်ဆောင်နိုင်စွမ်းရှိလာခြင်းက လူ့ဘောင်၏မကောင်းဆိုးရွားမှုမှန်သမျှ အလိုလိုဖယ်ရှားပြီးဖြစ်လာမည်။ ဘာသာတရားအဆုံးအမအပါအဝင် လူသားများဖော်ထုတ်ခဲ့သည့် အကောင်းအမွန်မှန်သမျှ လူသားဆိုင်ဖြစ်လာပေမည်။ အသိဉာဏ်မြင့်မားရေးအပါအဝင် အမြဲတန်း အာသာဆန္ဒ ပင်လယ်ဝဖြစ်နေသောလူသားအဖို့ နည်းပညာမှတပါး ဖြည့်စွမ်းပေးနိုင်သောအခြားအရာရှိမည်မဟုတ်ချေတကား။