ကျော်ကျော် (မြရည်စမ်း) ● ဖက်ဖူးစိမ်းရောင် ရထားတွဲလေး
(မိုးမခ) နိုဝင်ဘာ ၆၊ ၂၀၁၇
သမီးနှင့်ဇနီး လိုက်ပါသွားကြသည့်အစုန်ရထား ကို ရထားထိန်းတွဲလေး တဖြည်းဖြည်းပျောက်သွားသည်အထိ ကျွန်တော်ငေးနေမိသည်။ ထိုစဉ် မိုးက ဗြုန်းစားကြီးရွာချပစ်လိုက်သည်။ သူတို့သားအမိကို ဘူတာရုံလေးသို့လိုက်ပို့စဉ် ထွန်းလင်းနေသောနေမင်းသည် တိမ်မည်းမည်းတအုပ်ကြောင့် ကွယ်ပသွားပေပြီ။
ဘူတာရုံလေး၏ စင်္ကြံပေါ်မှခရီးသည်များနားနေရန် ပြုလုပ်ထားသော ခုံဝိုင်းလေးတွင် ထိုင်ချလိုက်ပြီး ပတ်ဝန်းကျင်ကိုကြည့်လိုက်မိသည်။ လူများများစားစားမရှိလှ။ တစချိန်ကတော့ ဤဘူတာရုံလေးသည် တရံမလပ်ပင် လူများကြိတ်ကြိတ်တိုးစည်ကားနေခဲ့ဖူးသည်။ ကျွန်တော်သည် ဘူတာစင်္ကြံခေါင်မိုးမှ တသွင်သွင်စီးကျနေသောမိုးရေများကို ရည်ရွယ်ချက်မရှိပဲ တွေတွေကြီးငေးကြည့်နေမိ၏။ မိုးနှောင်းကာလ၏ နုတ်ဆက်မိုးက တော်ရုံနှင့်စဲမည့်ပုံမပေါ်တော့ပါ။
မိုးရေများထဲအိမ်ပြန်ရမည်လား..၊ ဆက်ထိုင်နေရမည်လား ဝေခွဲမရဖြစ်သည့်စိတ်ပေါ်လာသေးသည်။ မိုးမိပြီးဖျားမှာနာမှာကိုလည်း ပူပင် နေမိသည်။ ငယ်ရွယ်စဉ်အချိန်ကဆိုလျှင်တော့ မိုးရွာခြင်းနေပူခြင်းကိုခေါင်းထဲမထည့်ဖြစ်ခဲ့ပါ။ သွားချင်လာချင်စိတ်ပေါ်လာလျှင် နောင်ဖြစ်မည့်အရေးကိုကြိုမတွေးပဲ စိတ်သွားရာကိုယ်ခန္ဓာက လိုက်ပါစမြဲ။ ယခုတော့ အသက်အရွယ်ကိုစဉ်းစားမိပြီးကြိုတင်တွေးဆ ပူပန်နေတတ်ပြီ။ စင်္ကြံခေါင်မိုးတွင်ချိတ်ဆွဲထားသောနာရီကိုကြည့်မိတော့ ညနေငါးနာရီမတ်တင်း။ အပြင်မှသော့ခတ်ထားခဲ့သော ကျွန်တော့်ခြံဝင်းလေး ထဲမှာ ခွေးကလေးသုံးကောင်ရှိနေသည်။ သခင်တယောက်မှမရှိသော ခြံဝင်းထဲမှာ သူတို့များအားငယ်နေကြမလားဟု တွေးလိုက်မိသေး သည်။
ထိုအခိုက် အစုန်ရထားတစင်းဝင်လာပြန်သည်။ ထိုရထားသည် နံပါတ် ၂ သံလမ်းတွင် ရပ်တန့်သွားသည်။ နာတာရှည်လူမမာရုပ်နှင့် လူ တယောက်ကတော့ ရထားရပ်ရပ်ချင်းပင် ကျွန်တော့်မျက်နှာချင်းဆိုင်မှ ရထားတွဲပေါ်တက်သွားသည်။ သူ့ထံပစ္စည်းများများစားစား မပါလှ ပါ။ အဝတ်အစားအနည်းငယ်နှင့် အသုံးအဆောင်များကို စုထည့်ထားဟန်ရှိသည့် ပီနန်အိတ်ညစ်ပေပေတလုံးသာပါ၏။ မှော်ထဲ သွားမည့် သူများဟုထင်ရသော ခရီးသည်လေးငါးယောက်ခန့် ရထားပေါ်က ဆင်းလာသည်။ သူတို့၏အထုပ်အပိုးများ၊ အဝတ်အစားအများကို မြင်ရုံ နှင့် ကျွန်တော့်အထင်မလွဲနိုင်ကြောင်း ဘာသာမှတ်ချက်ချနေမိပြန်သည်။ ခပ်သည်းသည်းရွာနေသောမိုးစက်များကိုဖြတ်ရင်း စင်္ကြံအောက်သို့ဝင်လာကြသည်။ ကျွန်တော့်ဘေးနားမှ ခုံတွင်ဝင်ထိုင်ကြသည်။ ပါလာသော အထုပ်အပိုးများကို စုပုံကြသည်။ တယောက်က ကား သွားမေးဦးမည်ဟု အော်ဟစ်ပြောရင်း ဘူတာအပြင်ဖက် မိုးရေစက်တွေကြားပြေးထွက်သွားသည်။
ရထား၏စက်ခေါင်း စက်သတ်လိုက်ပြီ။ လော်ကယ်ရထားဖြစ်မည်ထင်၏။ ရထားတွဲများများစားစားမပါလှ။ ယခုလိုညနေစောင်းအချိန်သည် အဆင်းအတက်ရထားများကြပ်ချိန်မို့ အစုန်အဆန်အမြန်ရထားများကိုသာ ဦးစားပေးကြတော့မည်။ ထိုရထားလေးသည် နံပါတ် ၂ လမ်း ပေါ်တွင် မိုးသည်းထဲမှာ ဝါဆိုရပေဦးတော့မည်။
ယခုမှပင် ရထားတွဲအရောင်မွဲမွဲကို ကျွန်တော်သတိထားမိတော့သည်။ တချို့နေရာလေးများ၌ အောက်ခံဆေးသားပင်ပေါ်နေပေပြီ။ တချို့ နေရာများကတော့ အောက်ခံဆေးနှင့်အပေါ်ဆေးသားရောယှက်သွားကာ စိမ်းဝါရောင်ညစ်တစ်တစ်ဖြစ်နေပေပြီ။ ရထားတွဲနံပါတ်ကို သေ ချာကြည့်မိသည်။ ရင်ခုန်ခြင်းနှင့် စိတ်မကောင်းဖြစ်မိခြင်းကို တဆက်တည်းလို ခံစားလိုက်ရသည်။
ထိုရထားတွဲကိုကျွန်တော် သေသေချာချာကြီးမှတ်မိပါသည်။ အရိပ်များ အသံများနှင့် အဖြစ်အပျက်များကို ပြန်လည်ဖမ်းယူနိုင်သော စက်ကိရိယာများတကယ်ရှိခဲ့ပါမူ ကျွန်တော့်အရိပ်များ၊ အသံများနှင့်ဖြတ်သန်းခဲ့ဖူးရာ အတိတ်ကာလတချို့ကို ထိုရထားတွဲအတွင်းမှပြန်ရမည်မှာ မုချ။ ကျွန်တော့်မှတ်ဉာဏ်မှာတော့ စတင်ပြီးပုံဖော်နေမိပါပြီ။ သူအနားမယူနိုင်သေးပါလား..။ ကျွန်တော့်မှာ ထိုသက်မဲ့ရထားတွဲကြီးနှင့် အတူတူနေခဲ့ရသော နှစ်ကာလများကြောင့် ဖြစ်မည်ထင်၏။ သနားစိတ်ကလေးပင် ဝင်လာခဲ့သေးသည်။
တကျော့ပြန်သည်းနေသော မိုးနှင့်မှုန်ဝါးဝါးညနေခင်းအလင်းအောက်တွင် ကျွန်တော့်မျက်လုံးကို ကျွန်တော်အားမလို အားမရဖြစ်မိသည်။ ထိုင်ခုံလေးမှထ၍ ပလက်ဖောင်းအစပ်ထိသွားကာ တွဲနံပါတ်ကို ပြန်ဖတ်ကြည့်မိပြန်သည်။ သေချာပါသည်။ လွန်ခဲ့သည့်ဆယ်စုနှစ် ၂ ကျော် ကျော်က ဤသံလမ်းရိုးတလျှောက်တွင် စုန်လိုက်ဆန်လိုက်ဖြင့် သူနှင့်ကျွန်တော် နှစ်အတော်ကြာအောင် လက်တွဲခဲ့ကြ ဖူးသည်။
သူနှင့်ကျွန်တော် စပြီးတွေ့တော့ သူ့ထံမှ အသစ်ရနံ့များရနေခဲ့တာ မှတ်မိသေးသည်။ ထိုစဉ်ကတည်းက သူသည် နုပျိုယောင်ဆောင်ထားရသည်သာ။ မြစ်ငယ်တွဲပြင်ရုံမှ ဆေးအသစ်သုတ်ခံခဲ့ပြီး ထွက်လာခဲ့သော သူသည် အများအမြင်တွင်တော့ အတော်ပင်တင့် တယ် နေခဲ့သည်။ စင်စစ်မူ အပေါ်ယံအဝတ်အစားသာသစ်လွင်နေသော်လည်း ခန္ဓာကိုယ်တွင်တော့ ဒဏ်ရာဒဏ်ချက်တွေ များနေပြီး ဖြစ်သည်။
ထိုစဉ်က ကျွန်တော်သည် အသက်နှစ်ဆယ်စွန်းရုံသာ ရှိသေးသည့် ခန္ဓာကိုယ်၏လျှင်မြန်သန်စွမ်းမှုကို ဝင့်ဝါမာန်တက်နေသောအရွယ်။ ကျွန်တော့်ကိုယ်ခန္ဓာပေါ်မှာလည်း ရထားကုမ္ပဏီမှချုပ်ပေးထားသော အင်္ကျီဖြူနှင့် ကာကီရောင်ဘောင်းဘီရှည်အသစ်စက်စက်ကို ဝတ်ဆင်ထားခဲ့ပါသည်။ သူနှင့်အတူနေ အတူသွားဖန်များလာလေလေ သူ့အကြောင်းကိုပိုသိခဲ့ရလေလေဖြစ်သည်။ လူများလိုဆိုရလျှင် သူသည် ဆေးပင်စင်ကို ထိုစဉ်ကတည်းကခံစားနေသင့်ခဲ့ပါပြီ။ သူမနားခဲ့ မခံစားခဲ့ရပါ။
သူ့ကြမ်းခင်းပြင်တွင် မိုင်းထိထားသော ဒဏ်ရာကြီးရှိသည်။ လက်ဝဲလက်ယာနံရံများတွင် စက်သေနတ်ကျည်ဆန်ရာများ ရှိသည်။
တံတားအဝင်တခုတွင် ဒိုင်ဗင်ထိုးခဲ့ရဖူးသောကြော့င် တွဲချိတ်ဆက်နေရာတွင် အနည်းငယ်စွေနေသည်။ ဖက်ဖူးရောင်သင်္ဘောဆေး၏ ရနံ့ လေးပျောက်ပျယ်ကာစတညနေတွင် ထိုအကြောင်းကို သူတီးတိုးပြောပြတော့ ကျွန်တော့်မှာစိတ်မကောင်းဖြစ်ခဲ့ရသည်။ ထိုနေ့ညက ကချင် ပြည်နယ်၊မြစ်ကြီးနားဘူတာရုံရှိ အေးစက်စက်သံလမ်းများပေါ်တွင် သူနှင့်ကျွန်တော် အတူတကွအိပ်စက်ကြသည့်အခါ ပြည်တွင်းစစ်၏ရက်စက်ဆိုးရွားမှုများကိုသူသိသလောက် ဖောက်သည်ချနေ၍ ညတာရှည်ခဲ့ရသေးသည်။
ကြမ်းခင်းကော်ဇောအစိမ်းရောင်များ၊ တီဗီများ၊ တဝီဝီပန်ကာများ၊ တောင်ဘက်နှင့်မြောက်ဘက်ကို လိုသလိုလွယ်ကူစွာလှည့်နိုင်သော ထိုင်ခုံများဖြင့်တန်ဆာဆင်ထားပြီး အင်္ကျီအသစ်ပမာဖြစ်သောဖက်ဖူးရောင်သင်္ဘောဆေးအသစ်သုတ်ထား၍သာ သူသည် လူစီးတွဲအသစ်ဖြစ်ခဲ့ ရသည်။
သူ၏ချူချာနေသော ကျန်းမာရေးကို အဆင်မပြေလှသောသံလမ်းခင်းကျင်းထားမှုများနှင့် ထိစပ်မိလေတိုင်း သိလာရပါသည်။ ခုန်ခြင်း၊ ဆောင့်ခြင်း၊ လူးခြင်းများဖြစ်လေတိုင်း သူရှုံ့မဲ့နေလေသည်။ တွဲချိတ်ဆက်နေရာလေးကို အကူအထိန်းအဖြစ် သံကြိုးနှင့်တုပ်ထားသည်ကလည်း မြင်တတ်သူများအဖို့ စိတ်မချမ်းမြေ့စရာပင်။
အံသြစရာပင်။ ထိုစဉ်က …သူမျက်နှာပွင့်လွန်းခဲ့ပါသည်။ သူနှင့်လိုက်ပါလိုသူ ခရီးသည်များက ရထားလက်မှတ်ကို မြန်မာကျပ်ငွေဖြင့် ဝယ်၍မရကြပါ။ ဒေါ်လာငွေကို တန်ဖိုးသင့်ထားသော အက်ဖ်အီးစီစက္ကူဖြင့်သာ ဝယ်ကြရသည်။ အက်ဖ်အီးစီစက္ကူလက်ထဲမရှိသူများအဖို့ မြန်မာကျပ်ငွေကိုင်ကာ အက်ဖ်အီးစီရှာပုံတော် ဖွင့်ကြရသည်။ သူသည် ထိုမျှတန်ခိုးထွားခဲ့ဖူးသည်။
ထိုစဉ်က သူနှင့်တွဲရသောကျွန်တော့်ပင် ခေါ်ချင်ပြောချင်သူတွေများလွန်းသောဘဝ။ သူ့တွဲထိုင်ခုံများပေါ်တွင် အစုန်ဖြစ်စေ၊ အဆန် ဖြစ် စေ စကားဝဲသူ၊ အသားဖြူသူများသာ ပါတတ်သည်။
သူ့တွဲထဲတွင် မနက်ခင်းဆိုရင် အဖိုးတန် ဘော်ဒီစပရေးနံ့နှင့် အမေရိကန်စီးကရက်နံ့ သင်းပျံ့ကြိုင်လှောက်နေတတ်သည်။ ညနေ ညနေ. စည်တယ်လေ..ဆိုသည့်စကားမှာလည်း သူ့တွဲအတွက်လိုပင်။ စားသောက်တွဲမှ အပေါ်ဖြူ၊အောက်ပြာနှင့်ဝိတ်တာလေးများ ဘီယာဗူးနှင့် အမြည်းပန်းကန်ကိုင်ကာ ဝင်လိုက် ထွက်လိုက်။
ဖားကန့်ရတနာမြေမှ ကျောက်စိမ်းတုံးများသည် ထိုစဉ်ကာလက မြန်မာတနိုင်ငံလုံးကိုပင် နည်းလမ်းအသွယ်သွယ်ဖြင့် ကိုင်လှုပ်ခဲ့ဖူးသည်။ ရတနာထွက်ရာမှော်မှ အသွားအပြန်များဖြင့် ယခုကျွန်တော်ထိုင်နေရာ ဘူတာရုံလေးသည်လည်း စည်ကားခဲ့သေးသည်။ ယခု မိုးသည်းထဲ ငြိမ်ကုပ်နေသော ဘူတာရုံလေးသည် ထိုစဉ်ကတော့ မိုးရွာရွာ၊ နေပူပူ လူများပြည့်ကြပ်နေခဲ့သည်။
ကျွန်တော့်မျက်လုံးများသည် ရထားတွဲလေး၏ နံရံများကို ကြည့်နေမိသည်။ ပြတင်းပေါက်တချို့ ပိတ်ထားကြသော်လည်း တချို့မှာ ပွင့်နေ သည်။ မိုးက သည်းလွန်းလှသည်။ တမင်တကာ ဖွင့်ထားခြင်းတော့မဟုတ်တန်ရာ။ ပိတ်မရခြင်းပင် ဖြစ်ပေလိမ့်မည်။ ယခင်တုန်းက ဆို လျှင်တော့ တံခါးဖွင့်ထားစေဦး… ဖက်ဖူးရောင်လိုက်ကာလေးများက မိုးကို ကာကွယ်ပေးကြသည်။ ယခုတော့ တွဲနံရံမှအညစ်အကြေး များသည်ပင် မိုးရေနှင့်ရောကာ ပြတင်းဘောင်များပေါ် တစက်စက်ကျနေကြပြီ။ ယခု သူ့တွဲထဲထိုင်နေကြသူများမှာ ကျွန်တော်တွေ့ခဲ့ဖူးသူ များလို မဟုတ်နိုင်ကြတော့။
ဟိုစဉ်ကာလတုန်းကဆိုလျှင် အမှိုက်ကလေးတစ၊ ဖုန်လေးတကွက်မြင်လျှင်ပင် ငြိုငြင်တတ်ကြသူများ လိုက်ပါတတ်ကြသည်။ စဉ်းစားကြည့်မိတော့လည်း သူ့တွဲနှင့်လိုက်ပါဖို့ ဟိုးတုန်းကလို အက်ဖ်အီးစီစက္ကူရှိဖို့လိုတော့ပြန်။ မှော်ထဲပြန်လူမမာရုပ်နှင့် ခရီးသည်လေး ပင် ပုဆိုးခြုံ၍ ကျေနပ်စွာကွေးနေလောက်ပါပြီ။ ယခင်က သူ့တွဲထဲထိုင်ခွင့်ရဖို့ ကြိုးစားခဲ့သူများထဲမှ တချို့သည်လည်း ဇိမ်ခံကားကြီးများ ဖြင့်သာ မြန်မာပြည်အထက်ပိုင်းနှင့်အောက်ပိုင်းကို ကူးသန်းနေကြရော့မည်။
ကျွန်တော့်အတွေးထဲ၌ ငယ်ရွယ်စဉ်ကလေးဘဝက ဖားကန့်ရတနာမှော်ကို မြင်ယောင်လာပြန်သည်။ ထိုစဉ်အချိန်က ယခုဘူတာရုံလေး မှ မှော်ထဲသို့ ကားလမ်းမပေါက်သေး။
မြန်မာပြည်အရပ်ရပ်မှ ချမ်းသာလိုသူများသည် လောပန်အိပ်မက်မက်ကာ ရထားစီးပြီး ဘူတာရုံလေးသို့ လာကြသည်။ တချို့ကတော့အိပ်မက်မမက်ကြ။ အိပ်မက်မမက်သူတို့က လက်တွေ့ကျကျဈေးရောင်းဖို့၊ မြေသယ်ဖို့၊ ရေထမ်းဖို့လာကြခြင်းဖြစ်၏။ ဆန် ဆီ ဆား ငရုပ်ကြက်သွန်၊ ဆေးဝါးပစ္စည်းမှအစ လူသုံးကုန်ပစ္စည်းမျိုးစုံကိုခြင်းကြားကြီးကျောပိုးပြီး မှော်ထဲသို့ တက်ကြရသည်။ မှော်နှင့်မကင်းနိုင်သော စီးကရက်၊ ဆေးပေါ့လိပ်၊ အရက်၊ဘီယာ တို့လည်း မပါမဖြစ် ပါကြသည်။ ကျောက်စိမ်းတူးဖော်ရာတွင် ရေစုပ်စက်အင်ဂျင်မောင်းနှင်ဖို့ ဒီဇယ်ပုံးများကိုလည်း ကျောဖြင့်သာ ပိုးကြရသည်။ ဘူတာရုံလေးမှ ခြေကျင်ခရီးဖြင့် စထွက်ကြပြီး မနိမ့်မမြင့်တောင်အသွယ်သွယ်ကို ဖြတ်ကျော်ကြရသည်။
လမ်းခရီးတလျှောက်တွင် မလွှဲမသွေ ကြုံကြိုက်ရသည်က အကောက်ဂိတ်များ။ နဖူးမှချွေး ခြေမထိရောက်အောင် ကိုယ်အားကိုယ်ကိုးလုပ် ကိုင်ကြရသော်လည်း လက်နက်ကိုင်များ၏ဂိတ်ကို ဖြတ်သန်းခ ပေးဆောင်ကြရသည်။ မပေးဆောင်ပဲ ကျော်ဖြတ်မိပါက ကျွဲရိုက်၊နွား ရိုက်ထက်ဆိုးအောင် ရိုက်ခံကြရသည်။ ထိုအချိန်က ‘ခန္ဓာကိုယ်မှအသွေးအသားကို လောင်စာအဖြစ်အသုံးပြုပြီး မိမိကိုယ်ကို အင်ဂျင်တလုံး ပမာမောင်းနှင်ပါက မက်မောဖွယ်အခကြေးငွေကို နည်းလမ်းမျိုးစုံဖြင့် မှော်ထဲမှရနိုင်သည်’ဟု မှော်ထဲပြန်တို့က ဆိုကြပါသည်။
အဆင်ပြေသွားသူတချို့က ယခုဘူတာလေးရောက်လျှင် အထက်တန်းတွဲဟုအမည်ပေးထားသော တစ်တန်းလျှင် ထိုင်ခုံ ၃ လုံးပါသည့် ရထားတွဲကို စီးကြသည်။ အထက်အရပ်၊အောက်အရပ်အလိုရှိရာသို့ ပြန်ကြသည်။
၁၉၉၀ ခုနှစ်အလွန် နေ့ရက်များ၌ ဖားကန့်ရတနာမြေသည် ခေတ်မီစက်ကိရိယာကြီးများဖြင့် တူးဆွမွှေနှောက်ခြင်းခံရပေပြီ။ ဆူညံနေသောသေနတ်သံများ၊ ခေတ္တတိတ်ဆိတ်သွားခြင်းနှင့်အတူ ကျောက်စိမ်းလုပ်ကွက်များမှ စက်ကြီးခုတ်မောင်းသံများ ပိုမိုကျယ်လာ ကြ၏။ ယခင်က တနိုင်တပိုင် ကျောက်တူးသမားလေးများ၏လုပ်ကွက်နေရာများကိုဥစ္စာဓနနှင့် အာဏာကြီးမားသူတို့က နည်းမျိုးစုံဖြင့် သိမ်းပိုက်လိုက်ကြတော့သည်။ မရပ်မနားလုပ်ရှားနေသော ယန္တရားများကြား၊ တဝေါဝေါသွန်ချလိုက်သော စွန့်ပစ်မြေစာပုံများကြား၊ စိန်တူတစလက်ကိုင်ကာ ကျောက်တုံးခေါက်ကြည့်ရသော ရေမဆေးကျောက်စိမ်း ရှာဖွေသူများ။
သယံဇာတ၏ ကျိန်စာ သင့်နေပြီဖြစ်ကြောင်း သတိမူမိသူ နည်းပါးလှသေးသည့် ကာလများ။
ကာလများသည် မရပ်နားခဲ့ပါ။
ဖက်ဖူးစိမ်းရောင်ရထားတွဲလေးတွင် နေ့စဉ်နှင့်အမျှ ခရီးသည်ပြည့်ခဲ့သည်။ သူ၏မျက်နှာပွင့်လွန်းသော နေ့စွဲများ။
တခါတရံတော့လည်း တရုတ်ပြည်ဖြစ်စတိုင်လ်ဘောင်းဘီနှင့် အမေရိကန်ဖီးဂျက်ကက်ဝတ်ကာ ပခုံးစလွယ်သိုင်းအိတ်ထဲမှပစ္စတိုကြီးကို မြင်အောင်ပြထားသော ခရီးသည်တချို့နှင့်ကြုံရဖူးသည်။ သူနှင့်ကျွန်တော်မှာ ရင်တမမ။ ရထားတွဲနှစ်တွဲ ပေါင်းကူးကြား၌ ဘီယာထိုင် သောက်ချင်သည်ဟုဆိုလာပြန်လျှင်လည်း ခွင့်ပြုရရုံမက နှီးချောဖျာလေးပါ ခင်းပေးရတတ်သည်။ အပေးအကမ်းများဖြင့် ငြိမ်းချမ်းရေး ကာလများကို သူနှင့်ကျွန်တော် မီးစင်ကြည့်ကပြီးကျော်ဖြတ်ခဲ့ရဖူးသည်။ ရထားစက်ခေါင်းကြီးကတော့ မှန်မှန်ခုတ်မောင်းနေဆဲ။ အချိန်ရထားသည်လည်း မရပ်နားခဲ့ရှာပါ။
ဖားကန့်ရတနာမြေသည် ရမ္မက်ကြီးသော အစိုးရအဆက်ဆက် တက်လာခဲ့ပြီးနောက် ဂေဟစံနစ်များ သိသာစွာ ပျက်သွားခဲ့ရပြီ။
တောသည်လည်းကောင်း၊တောင်သည်လည်းကောင်း၊မြစ်ချောင်းအင်းအိုင်များသည် လည်းကောင်း ပကတိအနေအထား မဲ့သွားတော့သည်။ သားငှက်တိရိစ္ဆာန်များသည် လည်းကောင်း၊ ဇာတိသားများသည်လည်းကောင်း အာဏာရှင်၊ဓနရှင်များကို ငြိုငြင်ကျိန်ဆိုကြတော့သည်။ရေကြီးခဲ့သည်။ မြေပြိုခဲ့သည်။ ရတနာတူးဖော်ရာတွင် အသုံးပြုရန် လောဘတကြီးသိုလှောင်ထားသော ယမ်းတိုက်များ ပေါက်ကွဲပြီး မီးကြီးလောင်ခဲ့သည်။ ရတနာမြေနှင့်ဖွားဘက်တော်ဖြစ်သော မူးယစ်ဆေးဝါးကလည်း တနယ်လုံးကို ဖျဉ်းနာစွဲသလို စွဲစေခဲ့ပြီ။
ဥရုချောင်းအတွင်းရေနီနီများစီးဆင်းနေသလို၊ သွေးချင်းချင်းနီသော ခေတ်များကလည်း မပြတ်စီး၏။ ကျွန်တော်တို့ ရထားကုမ္ပဏီရပ်နား သွားသည်။သူနှင့်ကျွန်တော် လမ်းခွဲကြရသည်။
ကျွန်တော်သူ့ကို သတိရနေသည်။ ကျွန်တော့်ရထားတွဲ ဖက်ဖူးရောင်လေးသည် အဝိဉာဏကဖြစ်သော်လည်း ထိုစဉ်က စကားပြောနေ သည်ဟု ထင်မိသည်။
ဖားကန့်ကျောက်စိမ်းမြေတွင် မဟာအဝီစိသို့ ရောက်လုခမန်း တွင်းနက်နက်ကြီးများရှိနေပြီ။ တူးဆွခြင်းမခံထားရသော မြေမှန်ဟူ၍ ရှား လေပြီ။ ဒေသခံမိသားစုများအနေဖြင့် ချမ်းသာတာဆင်းရဲတာအပထားဦး၊ မူးယစ်ဆေးဝါးဒဏ်နှင့် သဘာဝရေမြေဖောက်ပြန်မှုဒဏ်ကိုတော့ ဒက်ထိခံနေကြရပြီ ဖြစ်၏။ ပြည်နယ်အတွင်းရှိ အကျဉ်းထောင်များတွင် ရောက်ရှိနေကြသူအများစုမှာ ‘ယစ်ဆေး၏သားကောင်များ’။ တနည်းဆိုခွင့်များရပါလျှင် ခေတ်စံနစ်၏သားကောင်များ။
မကြာသေးခင်ကပင် ရေမဆေးကျောက်ရှာသူများသည် ရုန်းရင်းဆန်ခတ်ဖြစ်ခြင်းများ၌ လုံခြုံရေးရဲတပ်သားများ၏ကျည်သင့်ခဲ့ကြသေး သည်။ ဘယ်သူမှန်သည် ဘယ်ဝါမှားသည်ဟူ၍ ကျွန်တော်မတွေးတတ်ပါ။ ဓမ္မနှင့်အဓမ္မလွန်ဆွဲပွဲ၏ ရက်စက်မှုကိုသာ အော့နှလုံးနာလိုက်သည်။ ဆာလောင်နေသူအား ဖြေသိမ့်ပေးတတ်သည့်သွားလေသူ အနော်ရထာမင်းစောကို ကျွန်တော် မတမ်းတချင်တော့ပါ။
နာရီကို အမှတ်တမဲ့ကြည့်ဖြစ်သည်။
ညနေငါးနာရီခွဲသွားပြီ။ မိုးက တဝေါဝေါသွန်ချနေဆဲ။ မိုးများထဲမှာ ရထားတွဲလေးသည် ကြံ့ကြံ့ခံနေဆဲ။ ထိုင်ရာမှ အသာထရပ်လိုက်ပြီး အိမ်ပြန်ဖို့စဉ်းစားရတော့သည်။ မကြာမီ မှောင်လာတော့မည်။ လူငယ်ဘဝကို ပြန်တွေးမိသောစိတ်က ယခုတော့ မိုးစိုမှာ ဖျားနာမှာ မပူပင်တော့သလို ဖြစ်ရသည်။
ပလက်ဖောင်းလေးပေါ်မှဆင်းကာ မိုးရေထဲဖြတ် နံပါတ် ၁ သံလမ်းကိုကျော်ပြီး ရထားတွဲလေးနားကပ်သွားမိသည်။ အရောင်အဆင်းသည် မွဲနေရှာပါပြီ။’ လူမွဲလေးများအတွက် သီးသန့်တွဲများဖြစ်သွားရှာပြီလား ‘ ဟု ဝမ်းနည်းစွာ တွေးမိသေးသည်။ အပေါ်ကိုမော့ကြည့်တော့ ပိတ်ထားသော ပြတင်းပေါက်ကိုတွေ့ရသည်။ ထိုနေရာလေးသည် အတိတ်ကာလက တွဲထိန်းခုံနေရာ။
တနည်းဆိုရသော် ကျွန်တော့်နေရာ လေး ဖြစ်၏။ ပြတင်းပေါက်အောက်နားမှ တွဲနံပါတ်လေးကိုပွတ်သပ်ရင်း နှုတ်ဆက်လိုက်ပါသည်။ သူသည် အရင်ကလို ကျွန်တော့်ကို စကားပြန်မပြောနိုင်တော့ပါ။
သူ့အရွယ် အိုစာလွန်းလှပါပြီ။ ရထားတွဲလေးသည် လှုပ်ခတ်သွားသလို ထင်လိုက်မိသည်။ အံသြလွန်း၍ အဆင်းအတက်တံခါးကြီးကို တွန်းဖွင့်လိုက်မိသည်။ တဖက်ခြမ်းတံခါးပေါက်မှတက်လာသော တောင်းရမ်းစားသောက်နေရသူ တယောက်ကို တွေ့လိုက်ရပါသည်။
…….
ခြံဝင်းတံခါးသော့ကိုဖွင့်ပြီးဝင်လိုက်ချိန်တွင် ခွေးကလေး ၃ ကောင်က ရွှင်မြူးစွာ ဆီးကြိုကြသည်။ မိုးရေထဲမှာ သူတို့ ၃ ကောင်လုံးကို ထွေးပွေ့လိုက်မိသည်။ ထမင်းအိုးထဲမှ ထမင်းများနှင့်ဟင်းများကို နှယ်ဖတ်ပြီး ဝေငှကျွေးလိုက်သည်။ အားပါးတရစားနေကြသော သူတို့ကို ကြည့်ရသည်မှာ ပီတိဖြစ်စရာ။ခြံတံခါးပိတ်ထားခြင်း၊အားကိုးစရာမရှိခြင်းနှင့် ဆာလောင်ခြင်းက သူတို့ကို နှိပ်စက်သွားသလား စိုးရိမ်မိသည်။
ထိုနေ့ညက ကျွန်တော့်အတွက် ထမင်းမချန်ထားမိလိုက်ပါ။ သို့သော် သူတို့ ၃ ကောင်နှင့်အတူ ဆာလောင်ခြင်းမရှိဘဲ နှစ်ခြိုက်စွာ အိပ်ပျော်ခဲ့ပါသည်။