ဆောင်းလူ

Saung Luu – Essay

ညဏ်များတဲ့ .. စာ
ဆောင်းလူ
အောက်တိုဘာ ၂၊ ၂၀၁၃


မုဒိတာ မင်း ရဲရဲရင့်ရင့်ကြီးကို လွမ်းလိုက်စမ်းပါ …။ အလွမ်းဆိုတာ နူးညံ့တယ် …ညက်ညောတယ် ..။ စိတ္တဇဆန်တာတောင် အလွမ်းဟာ ညက်ညောတယ် …။ 
ငါရေးတဲ့ စာ ကဗျာတွေအတိုင်း … ငါ့မသိစိတ်တွေဆိုတာ နိုးလေရာမနက်တိုင်းရဲ့ လင်းတ၀က် ..မှောင်တ၀က် ..လမ်းမထက်မှာ ဘ၀တွေက ဖုတ်ဖတ်သီခါ။ ဒါတွေဟာ စိတ္တဇမဟုတ်ပါဘူး။ လစ်လျူရှုခြင်းတွေကို မင်းအသက်ရှင်နေသမျှကာလပတ်လုံးမှာ အတိုင်းသား ကြားနေလိမ့်မယ်..။ 
မုဒိတာ .. တခါတလေမှာ ငါရိုက်ကူးခဲ့တဲ့ ပုံတွေရဲ့သက်ဝင်မှုတွေကို တွေတွေ ငေးငေး စိုက်ကြည့်ကောင်း စိုက်ကြည့်နေလိမ့်မယ် ..။ ဒါပေ မယ့် ငါကိုယ်တိုင် ပါဝင်သရုပ်ဆောင်နေရတဲ့ လောကအသက်ဝင်ခြင်းတွေမှာတော့ တွေနေလို့ ..မရ၊ ဝေနေလို့ မရ ..။ လူတွေကသာ ပြောကြတာ .. ပြဒါးတလမ်း ..သံတလမ်းတဲ့ …။ 
ယုံကြည်မှုတွေနဲ့အတူ နိုးထလိုက်စမ်းပါ … အမှန်က ငါတို့ကကို မိုက်မဲတာပါ ..။ ဘ၀ အသုံးလုံးလည်း မကြေခဲ့ဘူး ..။ ဘာနဲ့တိုင်းတာထားမှန်းမသိတဲ့ အမှားကို အမှားလို့ ရှေးရိုးစဉ်ဆက် လိုက်နာခဲ့တယ်။ ဘာနဲ့ ချိန်တွယ်ထားမှန်းမသိတဲ့ အမှန်ကို အမှန်လို့ …အမှန်လို့ ယူဆခဲ့တယ်။ ငါတို့ယူဆခြင်းတွေဟာ ပုံစံခွက်နဲ့အတူ နှစ်ပေါင်းများစွာ ကြာညောင်းစေခဲ့တယ်။
တကယ်တော့ ..ရင်းပြီးမှ သိရတာက … လူလို့ သတ်မှတ်ထားတဲ့ .. တိရိစ္ဆာန်နဲ့ အသိညဏ် မတိမ်းမယိမ်းသာရှိတဲ့ သက်ရှိတွေဟာ ညဏ်များတယ်။ ငါကိုယ်တိုင်တောင် ညဏ်များတဲ့အကောင်လေ ..။ 
ကဗျာဆရာက ကဗျာရေးတယ် ..
စာရေးဆရာက စာရေးတယ် …
ပန်းချီဆရာက ပန်းချီဆွဲတယ် …
ကဗျာဆရာ ဂီတာတီးမယ် ..
စာရေးဆရာ ပန်းချီဆွဲမယ် …
ပန်းချီဆရာ … ကဗျာရေးတယ် …
ဘ၀တွေက သိုသိုသိပ်သိပ်နဲ့… ဒုက္ခသိပ်ဆန်လာတယ် …။ လိုလိုလားလားကို ဒုက္ခကို သယ်ကြတယ် …။ ဒုက္ခနဲ့ ဘ၀ကို အချိုးချပစ် လိုက်ကြတယ် …။ မထူးဘူး ..။ မဆန်းတဲ့ လောကမှာ … ယစ်မူးနေသလိုပဲ ..။ 
အကြိုက်ဆုံးအကြောင်းကို ပြောပါဆိုရင် …. ဂေါ်ဂင်ကိုကြိုက်တယ် ..။ မိုနေးကိုကြိုက်တယ် …။ ဗဲန်ဂိုးကိုကြိုက်တယ် …။ မိုင်လီဆိုင်းရပ်စ်ကိုကြိုက်တယ် … ကစ်တီပယ်လ်ရီကိုကြိုက်တယ် … လေဒီဂါဂါကိုကြိုက်တယ် .. ဟော့ကီဟေးလ်ကိုကြိုက်တယ် … နစ်ကစ်ဘလက် ကိုကြိုက်တယ် …။ ကော်ပီကို ကြိုက်တယ် .. ။ မူရင်းကို ကြိုက်တယ် …။ ဂျက်ဒန်နယ်ကိုကြိုက်တယ် ..တို့ဟူးသုပ်နဲ့ အရက်ဖြူကိုကြိုက်တယ် ..။ 
မိုင်လီဆိုင်းရပ်စ် hammer licking လုပ်တော့ သာရေးတမျှားမျှားနဲ့ ဝေဖန်ကြတယ် …။ လေဒီဂါဂါ ကိုယ်လုံးတီး ပါဖော့မန့်လုပ်တော့ သောက်ရူး သောက်ပေါ ထင်ကြတယ် ..။ တကယ်က အဲ့လူတွေကိုယ်တိုင်ကိုက ဘ၀ကို licking လုပ်၊ ကိုယ်လုံးတီးနေကြတာကြ ရေငုံနှုတ် ပိတ်နေကြတယ် …။ 
မကြိုက်ဆုံးအကြောင်းကို ပြောပါဆိုရင် … အာဏာရှိမှ ပါဝါပြတတ်သူတွေ .. . စိတ်ကြီးဝင် လူသိမ် လူမွှားတွေနဲ့ ဟန်ဆောင် ပန်ဆောင် အလုပ်လုပ်သူများအကြောင်းပဲ …။ 

မုဒိတာ .. ခု ငါတီးနေတဲ့ ဂီတကြိုးတွေ ဆွေးမြေ့နေပြီကွ ..။ ဒါပေမယ့် မုဒိတာ ..မင်းသိမှာပါ … စိတ်ဂီတကြိုးတွေကတော့ ခုထိ လတ်ဆတ် တုန်း …။ အဲ့ဒါကို မင်း စားသုံးကြည့်လိုက် ….ချိုမြနေလိမ့်မယ် ..။ 

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts