ကဗျာ

စိုးနေလင်း ● စီဒီရွမ် တချပ်ထဲက ဖျားနေတဲ့ကဗျာ

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

စိုးနေလင်း ● စီဒီရွမ် တချပ်ထဲက ဖျားနေတဲ့ကဗျာ
(မိုးမခ) နိုဝင်ဘာ ၁၊ ၂၀၁၇

ခုတော့လည်း…
မိုးဦးကျပေါက်လာတတ်တဲ့ သစ်တုံးမှို
မြက်ကြားမှိုတွေလို
အလျှိုလျှို …
မြွေတွေလို အရေခွံလဲသူလဲ
ဝှက်ထားတဲ့လက်သည်းတုံးတုံးတွေကို ထုတ်ပြသူပြ
ရသမျှ ဇာတ်ဝင်ခန်းမှာ
ပန်းကန်ပဲဆေးရ ဆေးရ
ဈေးကောက်ပဲ ကောက်ရကောက်ရ
အလုပ်အကျွေးပြုပါရစေ ဆိုသူဆို။

“အစွယ်လိုသူမိဘုရား
အသွားစေခိုင်းသူ မင်းဧက္ကရဇ်
လေးပစ်သူ ဘုရားကျွန်တော်..” များ
အော်…ဦးပုညကို သတိရမိသားခဏ
ကမ်းနားသစ်ပင်များသာတောထ
ပြိုကျသွားတဲ့ကမ်းပါးတွေကလည်း
မြစ်ကြောင်းကိုဆို့ပိတ်လို့
တချို့ …။

တိမ်တောင်မို့မို့တွေလို ရောင်ပြောင်းတောက်
လွင့်မြောက်မိုးပျံပူဖောင်းတွေက
တေးသွားအလိုက်လွန့်မြူး
“အလိုက်သင့်… မောင်ဘဦး…
အလိုက်သင့်မောင်ဘဦး…” တဲ့
ပဲ့စင်ပေါ်က မျောက်ကို ဦးနှိမ်ချ
ဆုတောင်းကြ ထောက်ခံကြရင်းက
လူ့တန်ဘိုးဂုဏ်သိက္ခာကိုပြာချ
အမျှဝေဖို့ပြင်နေကြလေရဲ့။   ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts