မိုးမခကို ပေးတဲ့စာ

ဆိုင်းဗျူ – လူထုစိတ်ဝင်စားမှုလျှော့နည်းနေသော စာပေခရီးဖြတ်သန်းမှုများ


ဆိုင်းဗျူ – လူထုစိတ်ဝင်စားမှုလျှော့နည်းနေသော စာပေခရီးဖြတ်သန်းမှုများ 

(မိုးမခ) အောက်တိုဘာ ၁၊ ၂၀၁၇လူထုက စာပေကို စိတ်ဝင်စားမှုမရှိတာဟာ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမရှိတာကြောင့်လည်း ဖြစ်နိုင် သည်။ မြန်မာနိုင်ငံတွင် စာပေခရီးဖြတ်သန်းမှု တစ်ခြားနိုင်ငံတွေထက် နောက်ကျနေရခြင်းမှာ တိုင်းရင်းသားလူမျိုးများ ရှိနေခြင်း ၊ မတူကွဲပြားတဲ့ ယဉ်ကျေးမှုဓလေ့ တွေကြောင့်ဖြစ်နိုင်သည်ဟုလည်း
ခံစားမိပါသည် ။ တောင်ပေါ်နှင့် မြေပြန့် စာပေအရေးလှုပ်ရှားတွေ အတုမယူတတ်ခြင်းတို့လည်း ဖြစ်နိုင်သည် ။ စာပေမှအပ အခြားသော အနုပညာတွေက လွမ်းမိုးထားခြင်း ကြောင့်လည်းဖြစ်သည် ။

ရွေးကောင်ပွဲအပြီး အနိုင်ရလာသော အစိုးရသစ်လက်ထက်တွင် ရုပ်မြင်သံကြား အစီအစဉ်များတွင် အရင်အစိုးရက ထုတ်လွှင့်မှုနှင့်မတူသော ရုပ်သံများကို အစီအစဉ်များတိုးလာသည်တွေ့ရသည် ပြောင်းလဲလာသည်ကို တွေ့ရသည် ။ ထိုပြောင်းလဲချက်များမှာ စာပေရေးရာအကြောင်း စာရေးဆရာတွေရဲ့ ဘဝအကြောင်းတွေ၊ စာအုပ်အကြောင်းများကို ထုတ်လွှင့်ပြသ လာသည်မှာ စာပေကို လူထုက စိတ်ဝင်စားခြင်းဖြစ်လာအောင် ဆောင်ရွက်ရာမှာ အထောက်အကူ ကြီးကြီးမားမား ဖြစ်စေသည်ဟု ခံစားမိပါသည် ။

ဤအဆင့်ထက် ပိုမိုတိုးတက်ကောင်းမွန်လာစေရန်အတွက် လူထုသည် စာဖတ်ခြင်း၊ စာပေနှင့်ပတ်သက်တဲ့ ပွဲတော်များတွင် စိတ်ဝင်စားမှုရရှိရန် ထိတွေ့ဆောင်ရွက်ရန် ၊ အစိုးရနှင့် အရပ်ဘက်အဖွဲ့အစည်းများက လုပ်ဆောင်သင့်ပေသည် ။ မြန်မာပြည်သူလူထုမှာ စာဖတ်ခြင်း ၊ စာပေ၌မွေ့လျှော်ခြင်း ၊ စာပေခရီးဖြတ်သန်းမှုမှာပါဝင်ခြင်း တို့တွင် လက်တွဲပါဝင်လိုသည့်စိတ်နဲ့ ဆန္ဒတို့ နည်းပါးနေပါသည်။

မြန်မာပြည်သူလူထု အများအားဖြင့် စိတ်ဝင်စားမှုဖြစ်နေသော အကြောင်းအရာများကို ကြည့်မည်ဆိုရင် သီချင်းဆိုပြိုင်ပွဲ၊ မော်ဒယ်ပြိုင်ပွဲများဘက်တွင် ပိုမိုကြည့်ရှု အားပေးမှု စိတ်ဝင်စားမှု ရှိနေကြသည် ။ ပြည်နယ်နှင့်တိုင်းများတွင်လည်း ဒီပြိုင်ပွဲတွေဘဲ ရှိနေသည် ။ မနှစ်က၂၀၁၆ခုနှစ် မြဝတီရုပ်သံလှိုင်းမှာ ကြေညာသွားဖူးသည်။ စာပေပြိုင်ပွဲပထမဆု က ငါးသိန်းတဲ့။ ဒီနှစ် ၂၀၁၇မှာ ကျင်းပတဲ့ ငြိမ်းချမ်းရေးဂီတပွဲတော် သီချင်းဆိုပြိုင်ပွဲ ပထမဆုအဆိုရှင်က သိန်းသုံးရာ ရမှာတဲ့။  ပြိုင်တဲ့သီချင်းကလည်း အချစ်သီချင်းဖြစ်နေသေးသည်။

စာပေကို ဘယ်လောက်ထိ မြင့်တင်သလဲဆိုတာ သိသင့်နေပါပြီ ။ အခမ်းအနားနဲ့ ရုပ်သံလှိုင်းကပါ ထုတ်လွှင့်ပေးသင့်ပါသည်။  ပြည်သူလူထု စိတ်ဝင်စားမှုရှိလာအောင် ရုပ်သံလှိုင်းကနေ အပတ်စဉ် ၊လစဉ် ၊ကဗျာရွတ်တဲ့ အစီအစဉ်၊  ဝတ္ထုတိုဖတ်တဲ့အစီအစဉ်များ ထုတ်လွှင့်ပြသပေးလျှင် လူထု၏စိတ်ဝင်စားမှုအာရုံကို ရရှိလာမည်ဟု ယုံကြည်မိပါသည်။ ပြည်နယ်နှင့်တိုင်းအသီးသီး မြို့ကျေးရွာတို့တွင် စာပေနဲ့ပတ်သက်သည့် စာပေပွဲတော်များ ကျင်းပပေးခြင်းသည်လည်း လူထုစိတ်ဝင်စားမှုကို ရရှိနိုင်သည် ။ဘာကြောင့် စာပေခရီးဖြတ်သန်းမှုကို လူထုစိတ်ဝင်စားမှုမရှိရတာလဲ စဉ်းစားစရာအချက်ဖြစ်လာနေပြီ ။

စာပေကိုလူထု ပြန်ပြီးတော့ စိတ်ဝင်စားမှုရှိလာအောင်၊ သူတို့စိတ်တွေနဲ့ နီးစပ်ထိတွေ့မှု ရှိလာအောင် ဘာလုပ်ကြမလဲ ။ မြန်မာနိုင်ငံလူဦးရေ သန်း၆၀ ကျော်ရှိပေမဲ့ စာအုပ်အုပ်ရေ  ၅၀၀ ရောင်းကုန်ဖို့ မနည်းကြိုးစားနေရသည်ကို ကြည့်ခြင်းအားဖြင့် လူထုက စာပေကို ဘယ်လောက် အတိုင်းအတာထိ စိတ်ဝင်စားမှုရှိနေသလဲဆိုတာ သိနိုင်ပါသည် ။  အလွန်ဝမ်းနည်းစရာကောင်းလှပါသည် ။ငြိမ်းချမ်းရေးကဗျာရွတ်ပြိုင်ပွဲ၊ ဆောင်းပါးပြိုင် ဝတ္ထုတိုရေးပြိုင်ပွဲတို့ကို ဘာကြောင့် မလုပ်နိုင်ရတာလဲ ။
မြန်မာနိုင်ငံတွင် စာပေခရီးဖြတ်သန်းမှုကို လူထုက စိတ်ဝင်စားမှု၊ ထိတွေ့ဖို့ရန် ယခင်ကထက် နီးစပ်လာစေရန် တော်လှန်ရေးလုပ်ရအုံးမည် ဟု ခံစားမိပါသည် ။

ရပ်ကွက်တိုင်း၊ မြို့ရွာတိုင်း၊ ပြည်နယ်နှင့်တိုင်းတို့ တွင် စာပေပွဲတော်ကို ကျင်းပပေးရမည်။ စာကြည့်တိုက် နှင့် စာအုပ်အလုံအလောက် ထားရှိပေးရမည် ။ စာပေဟောပြောပွဲ ကျင်းပပေးရမည် ။ လမ်းစ ဖွင့်ပေးရမည် ။ စာပေအကြောင်း သမိုင်းတွေကြားရလျှင် လူထု၏ ဥာဏ်ပညာ၊ အတွေးအခေါ်၊ စဉ်းစားတွေးခေါ်မှု အဆင့်သည် နောင်တချိန် ကမ္ဘာမှာ မြန်မာကို ဂုဏ်ယူနိုင်ကြမည့်ပန်းတိုင်ကို ဖြစ်ပေါ်လာစေနိုင်သည်ဟု ယုံကြည်မိပါသည် ။

စာပေက မဆွဲဆောင်နိုင်သောကြာင့် ဆိုးကျိုးများဟာ လူငယ်များ မူးယစ်ဆေးဝါးကျေးကျွန်အဖြစ် ရောက်ခဲ့ကြသည် ။ လူကုန်ကူးလည်း ခံခဲ့ရပြီ။ ထိုမျှမက သူများနိုင်ငံ၏ လုပ်အားကျွန် ဖြစ်ခဲ့ရပြီ ။  ဘာကျွန် ဖြစ်ခံရမအုံးမှာလဲ ။ နှစ်၆၀ကျော် ခဲ့ပြီ ။  အခုတော့ ကမ္ဘာမှာ မြန်မာဦးနှောက်တွေ နောက်ကျမကျန်ဖို့ ရှေ့ခရီးကို စဉ်းစားရပေတော့မည် ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts