ကံကြမ္မာ
ကမ်လူဝေး
(မိုးမခ) စက်တင်ဘာ ၁၀၊ ၂၀၁၇
ငါ့ခေါင်းပေါ်ကျလာတဲ့ အုန်းသီးဟာ
အုန်းပင်အောက်ရောက်နေမိ တဲ့ ငါ့ရဲ့မှားယွင်းမှု
တိုက်ဆိုင်မှုဖြစ်နိုင်သလို ကြိုတင်ကြံစီမှုလည်းဖြစ်နိုင်
အုန်းပင်က ဘယ်သူစိုက်ခဲ့သလဲ
အုန်းပင်က ဘာလို့ အုန်းသီး သီးရသလဲ
အုန်းသီးဟာ ဘာလို့ကြွေသလဲ အချိန်ကိုက်
အုန်းပင်အောက် အချိန်ကိုက် ဘာလို့ ငါကရောက်ရှိ
အားလုံးဟာ မေးခွန်းများ
အဖြေမရှိသောမေးခွန်းများ
သေချာတာက
ငါ့ခေါင်းပေါ် အုန်းသီးတလုံးရောက်ရှိခဲ့
ငါ့ရဲ့ခေါင်းဟာ ကွဲကြေ
ဒါဟာ ဘဝ ကံကြမ္မာ လို့ဆိုရမလား။ ။