ငါ မပြောနိုင်တဲ့ ဒီအကြောင်း
နရီမင်း
(မိုးမခ) စက်တင်ဘာ ၆၊ ၂၀၁၇
ဒီအကြောင်းဟာ
ငါ မပြောနိုင်တဲ့ အကြောင်းဖြစ်တယ်။
ဒီအကြောင်းကို ပြောရမယ်ဆို
 ငါ ပြောချင်တာ ပြောပစ်လိုက်ရမှာလား
 ငါ ပြောသင့်တာကိုပဲ ပြောရမှာလား
 ငါ ပြောရမှာကိုတောင်
 ငါ မသိဘူး။
 ဒါပေမဲ့
 ဒီအကြောင်းကို
 ဟိုအကြောင်းပဲ သိတဲ့သူတွေကို
 ပြောပြလို့ မဖြစ်ဘူးဆိုတာတော့
 ငါ သိတယ်။
 တကယ်တော့
 ပြောရဲဆိုရဲရှိသူတွေ
 ပြောရေးဆိုခွင့်ရှိသူတွေတောင်မှ
 ဒီအကြောင်းကို လက်ရှောင်
 ရူးချင်ယောင်ဆောင်ကြတယ်။
 ဒီအကြောင်းက 
 ကွန်ထရိုဗာရှယ်လား
 ဆန်ဆေးတစ်လားဆိုတာတော့
 ငါ မသိဘူး။
 ဒီအကြောင်းဟာ 
 တကယ်ဖြစ်ခဲ့တယ်ဆိုတာထက်
 ဇာတ်ညွှန်းအတိုင်း ဖြစ်လာခဲ့တယ် ဆိုပါတော့။
 ရုပ်ရှင်တစ်ကားထဲ မျောပါနေချိန်မှာ
 ဘေးနားကနေ
 ဇာတ်ညွှန်းကို ကြိုပြီး လာရွတ်ပြနေတာမျိုးကို
 ဘယ်သူမှ မကြိုက်ဘူး။
 ဒီအကြောင်းဟာ
 ဟိုအကြောင်းပဲ သိတဲ့သူတွေအတွက်လည်း
 ဘယ်လိုမှ အဆင်မပြေဘူး။
 ဘာပဲဖြစ်ဖြစ်
 ဒီအကြောင်းဟာ
 ငါ မပြောနိုင်တဲ့ အကြောင်းဖြစ်တယ်။
နရီမင်း
၆- ၉- ၂၀၁၇
		၆- ၉- ၂၀၁၇
