ကမ်လူဝေး ● ဆေးရုံ (၁၂)
(မိုးမခ) သြဂတ်စ် ၃၀၊ ၂၀၁၇
အသက် ဆီမီးက ခမ်းခြောက်လုနီးနီး
သက်တမ်းတိုး ရှေ့ဆက်ဖို့
ပိုက်ဆံထုပ်ကိုပိုက်ရင်း ရောက်လာ။
လေထဲမှာရှိတဲ့ လေကို
လေထဲက ဟတ်ယူ ရှူသွင်းဖို့
ပါးစပ်ဟ မေးထိုးရင်း ကြိုးစား။
ခန္ဓာရှိ ဝေဒနာရှိ
မရှောင်နိုင်တဲ့တရား
ဝေဒနာကင်းဖို့ ခန္ဓာကိုထားခဲ့ရမလား။
ဆေးဝါးတွေက
အသက်ကို သက်တမ်းမလွန်အောင် ဆွဲဆန့်
တရက် တမနက်ကလဲ
တခါတလေ ဈေးကြီးလှ။
ဒီနေရာက
အသက်ကို အရယူပြီးပြန်ခဲ့
သို့ပေမဲ့
ပြန်စရာ အိုးမဲ့ အိမ်မဲ့။ ။
ကမ်လူဝေး