(မိုးမခ) ဇူလိုင် ၂၅၊ ၂၀၁၇
မြို့တော်သည် မျက်နှာဖုံးများနှင့် ဖြစ်နေသည်။ မြို့တော်တွင်နေထိုင်ကြသည့် မြို့တော်သူ မြို့တော်သားတို့သည်လည်း မျက်နှာဖုံးကိုယ်စီနှင့် ဖြစ်ကုန်သည်။
မျက်နှာဖုံးတို့သည် အရောင်အသွေးစုံလင်လှပနေပြန်သည်။ မျက်နှာဖုံးများနောက်မှ မျက်လုံးများနှင့် အကြည့်တို့သည်လည်း စိတ်အဆင်အသွေး စုံလင်လှသည်။
တချို့က ကျားကြည့် …။
တချို့က ကြောင်ကြည့် ….။
တချို့က ဆင်ကြည့် ….။
တချို့က မြွေကြည့် … ။
အကြည့် အကြည့်တို့သည် စုံလင်လှသည်။
နှာခေါင်းနှင့် ပါးစပ်ကိုပိတ်စည်းထားသည့်မျက်နှာဖုံးများကြောင့် ခုတလော လေတို့သည် သန့်ရှင်းလျှက် …။
နှာခေါင်းနှင့် ပါးစပ်ကိုပိတ်စည်းထားသည့်မျက်နှာဖုံးများကြောင့် ခုတလော ဆူညံသံတို့သည် ဆိတ်သုဉ်းလျှက် …။
အကြောင်းပြချက်ကိုယ်စီနှင့်
မြို့တော်သူ မြို့တော်သားများသည် ဒီဇိုင်းမျိုးစုံ မျက်နှာဖုံးကိုယ်စီနှင့်ဖြစ်သည်။
အကြောင်းပြချက်ကိုယ်စီနှင့်
မြို့တော်သည်ပင် မျက်နှာဖုံးနှင့် ဖြစ်နေပြန်သည်။
ထို့အတူ ….
ဂုဏ်သိက္ခာရှိသော မျက်နှာဖုံးများအကြောင်း တွေးတောမိသည်။
မျက်နှာဖုံးများနောက်ကွယ်မှ မျက်လုံးများအကြောင်း စဉ်းစားမိသည်။
မျက်နှာဖုံးများနောက်ကွယ်မှ သီလအကြောင်း တွေးတောမိသည်။
ဝလစ္စလစ်စိတ်တို့နှင့်အတူ
တချို့က ကျားကြည့် …။
တချို့က ကြောင်ကြည့် ….။
တချို့က ဆင်ကြည့် ….။
တချို့က မြွေကြည့် … ။
မျက်နှာဖုံးတို့သည် မြို့နှင့်အတူ ….
ကျားကြည့် …
ကြောင်ကြည့် …
ဆင်ကြည့် …
မြွေကြည့်တို့ကို … အကာအကွယ်ပေးထားကြရပြန်သည်။