မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ – အပိုင်း (၃၄)

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ – အပိုင်း (၃၄)
(မိုးမခ) ဇူလိုင် ၁၉၊ ၂၀၁၇

● အမှန် အမှားနှင့် အစွန်း
ဤသို့ ငြင်းခုံကြ ကွဲပြားနေကြသည့်ကာလတွင် အားလုံး ကိုယ့်အကြောင်းပြချက်နှင့်ကိုယ် မှန်နေကြသည်။ ဗဟိုဌာနရှိသူများ ကတော့ လက်ရှိ ပါတီဗဟိုသည် အရှေ့မြောက်ရှိ ၁၉၇၅ မေလတွင် ပြန်လည်ဖွဲ့စည်းသည့် သခင်ဗသိန်းတင်ဦးစီးသည့် ဗဟိုကော်မတီဖြစ်ရာ လက်ရှိပါတီဗဟိုကို နာခံရမည်ဆိုသည့်အကြောင်းအချက်ဖြင့် လက်ရှိပါတီဗဟိုဘက်က ရပ်ခံကြသည်။ မိမိတို့ကလည်း ပဲခူးရိုးမပါတီဗဟို၏ စွန့်လွှတ်မှု၊ တိုက်ပွဲဝင်မှု ရပ်ခံမှု ထူးခြားမှုတို့နှင့်အတူ အရှေ့မြောက်၏ပါတီ၏ ဗဟိုနာခံမှု အားမေးခွန်းထုတ်ကာ ရပ်ခံခဲ့ကြသည်။ ကိုယ်အကြောင်းပြချက်နှင့်ကိုယ် မှန်နေသည်ဟု ဆိုရမည်။

၇၅ ပါတီဗဟိုကို ထောက်ခံသူများထဲကအချို့ကလည်း ပဲခူးရိုးမပါတီ ဗဟိုကို ပြင်းပြင်းထန်ထန်ဆန့်ကျင်ကြသည်။ ပါတီ ဥက္ကဌ သခင်သန်းထွန်း သခင်ဇင်တို့ကိုပင် လူပုဂ္ဂိုလ်အရ တိုက်ခိုက်သူပေါ်လာသည်။ မိမိတို့အတွက် ထိထိခိုက်ခိုက် ခံစား ရသည်။ ထိုသတင်းအား မိမိတို့ထံသယ်လာသူက ကိုမြမောင် (ကိုအောင်ကျော်ဇော) ဖြစ်သည်။ ဗဟိုဌာနတွင်ရှိသည့် ကို သန်းမောင်ဆိုသည့် လူငယ်တဦးက လမ်းစဉ်အမှားများ ကျူးလွန်သည့် သခင်သန်းထွန်း သခင်ဇင်တို့၏ ဓါတ်ပုံများကို ဖြဲ ဆုတ်၍ အိမ်သာတွင်းထဲပစ်ချလိုက်သည်ဟု ဆိုပါသည်။

ထိုစဉ်က ဗဟိုကတိုက်ရိုက်ကိုင်သော စခန်းများဖြစ်သည့် ဘာသာပြန်နှင့် ပုံနှိပ်ဌာန ပြည်သူအသံဆိုင်းအဖွဲ့နှင့် ကြွက်တွင်း တို့အား မိမိတို့အပြင်ဌာနရှိ ရဲဘော်များဝင်ရောက်ခွင့်မရှိ၍ ထိုဌာနတွင်း ဖြစ်ပျက်နေသည်များကိုမသိရပါ။ ထိုစဉ်က ကြွက် တွင်းတွင်ရှိနေသည့် ကိုမြမောင် ခေါ် ကိုအောင်ကျော်ဇော (ဗိုလ်ကျော်ဇော၏သား) သည် ကိုစိုးနိုင် မိမိတို့နှင့် ခင်မင်နီးစပ် သူဖြစ်ပေရာ သူပြော၍သာ သိရပေသည်။

ထိုစဉ်က သခင်သန်းထွန်း၊ သခင်ဇင်၊ သခင်ဗသိန်းတင်တို့ ဓါတ်ပုံများကို ၂ လက်မပတ်လည်ခန့် ဆေးရောင်စုံပုံများ အရှေ့ မြောက်ရှိဌာနတပ်တို့တွင် ဖြန့်ချိထားရာ ဆုတ်ဖြဲခံရသည့်ဆိုသည့် သခင်သန်းထွန်း သခင်ဇင်တို့၏ဓါတ်ပုံများမှာ ၎င်းတို့ဌာနရှိ ထိုဓါတ်ပုံများဖြစ်သည်။ ဆုတ်ဖြဲသည်ဆိုသည့်လူငယ်မှာ ပေါ်တူဂီသန်းမောင် (ကွယ်လွန်) ဖြစ်သည်။ ကိုသန်းမောင်မှာထိုစဉ် အသက် ၂ဝ ခန့် လူငယ်တဦးသာဖြစ်ပြီး မန္တလေး ပုလင်းဝင်းမှ ကိုသက်ခိုင်တို့ စည်းရုံးလာသောသူတဦးဟု သိရသည်။ သူ အနေနှင့် ၇၅ ဗဟိုဘက်က ပြတ်ပြတ်သားသားရပ်တည်နာခံပြီး ပဲခူးရိုးမ ဗဟိုနှင့် လမ်းစဉ်ကို အပြင်းထန်ဆုံး ဆန့်ကျင်လိုက် ပုံရသည်။ မိမိတို့အတွက် စိတ်ပျက် နာကျင်ဘွယ်ရာ ဒေါသထွက်စရာဖြစ်ခဲ့သည်။

ဤသို့ ၇၅ ဗဟိုကိုထောက်ခံသူများဘက်မှသာ စွန်းကြသည်မဟုတ်။ မိမိတို့ ပဲခူးရိုးမ ဗဟိုကို ထောက်ခံသူများဘက်ကလည်း စွန်းကြသည်။ အခြားသူ စွန်းသည်ထက် မိမိကအစွန်းဆုံးဖြစ်မည်ထင်သည်။ ဤသို့သော လမ်းစဉ်ဆိုင်ရာကွဲပြားမှု အရှေ့ မြောက်ရှိ  ပါတီတပ် ဒေသဆိုင်ရာတို့၏တည်ဆောက်မှုပိုင်း လျော့ရဲမှုများကြောင့် မိမိစကားတခွန်း လွှတ်ကနဲပြောမိသည်။ ထိုစကားမှာ “မုန်းကိုးကို အရင်အာဏာပြန်သိမ်းမိဘို့လိုတယ်” ဆိုသည့်စကားဖြစ်သည်။ ဤသို့မိမိပြောလိုက်ခြင်းသည် ပဲခူး ရိုးမပါတီဗဟို၏ ပါတီတည်ဆောက်ရေးမူများကို စွဲလမ်းနေခြင်းကြောင့်လည်း ဖြစ်နိုင်ပါသည်။ သို့တည်းမဟုတ် တရုတ်ပြည် ယဉ်ကျေးမှုတော်လှန်ရေးကာလက မော်စီတုန်းပြောကြားသည့် ဌာနချုပ်ကို အမြောက်နှင့်ပစ်ကြဆိုသည့် ဆော်သြခဲ့မှုကို စိတ်ထဲတွင် စွဲနေ၍ဖြစ်ပုံရသည်။

တကယ်တော့ပါတီတွင်းရောက်ခါစ အခြေအနေအားလုံးကို ဆုပ်မိကိုင်မိမဖြစ်သေးမီ ကောက်ချက်ချ ရန်စောလွန်းသော်လည်း လွှတ်ကနဲထွက်သွားသည့်စကားတခွန်းဟုဆိုရမည်။ မိမိကလည်း ကိုမြမောင်အကြောင်း မသိ၍ ပြောမိလိုက်ခြင်းဖြစ်သည်။ ထိုစဉ်က ကိုမြမောင်က ကြွက်တွင်းတွင်နေသော်လည်း ကိုစိုးနိုင်နှင့်မိမိတို့ရှိရာ နိုင်ငံရေးဌာနသို့ ရောက်လာလေ့ရှိပြီး မိမိတို့ နှင့် ပွင့်လင်းစွာပြောဆိုသူ သဘောထားနီးစပ်သူအဖြစ် ရင့်ဖွင့်လိုက်မိခြင်းဖြစ်သည်။ ကိုမြမောင်ကား သူ၏ခံစားချက် ထင် မြင်ချက်များနှင့် သူသိသည်များကို မြိုသိပ်ထားတတ်သူမဟုတ်ချေ။ ဘွင်းဘွင်းထုတ်ပြောလိုက်ရမှ နေသာထိုင်သာရှိသူတဦး ဖြစ်ပေရာ မိမိတိုးတိုးတိတ်တိတ်ပြောဆိုမှု အားလည်း ကျန်သူများသိသွားကြတော့သည်။ သို့ဖြစ်ရာ မိမိအားလည်း ဗဟို လူကြီးအချို့ အမြင်ကြည်လင်နိုင်ကြမည်တော့ မဟုတ်ပေ။ မည်သို့ဆိုစေမိမိ၏ မပြောသင့်သော အစွန်းရောက်သော အမြင် ဖြစ်ပေရာ မိမိအမှားသည်မိမိတာဝန်သာဖြစ်ပေတော့သည်။

● ဒီမိုကရေသစ်
ထိုသို့မိမိတို့အနေနှင့် အရှေ့မြောက်ရှိ CPB ရောက်ရှိပြီး နိုင်ငံရေးအရ လမ်းစဉ်ဆိုင်ရာကွဲလွဲမှုများရှိနေသော်လည်း CPB အားစိတ်ပျက်ခဲ့မရှိသေးပေ။ နိုင်ငံရေးအရ အမြင်မတူသည်ကို ငြင်းခုံသည်ကတဖက်၊ ပါတီအဖွဲ့အစည်းကပေးသည့်တာဝန် ကို တက်ကြွဆောင်ရွက်သည်တဖက် ဖြစ်သည်။ ဤသို့ CPB အား စိတ်ပျက်ခဲ့ခြင်းမရှိသည်မှာ အကြောင်းချက် နှစ်ချက် ကြောင့်ဖြစ်သည်။

ပထမအချက်မှာ ပါတီတွင်းတိုက်ပွဲကို ယုံကြည်မှုကြောင့်ဖြစ်သည်။ CPB သည် ပါတီတွင်းဝေဖန်ရေးနှင့် ဝေဖန်ရေးကျင့်သုံးသည့်ပါတီဖြစ်သည်။ မိမိတို့သည်လည်း ဝေဖန်ရေး ကိုယ့်ကိုကိုယ်ဝေဖန်ရေးကို အစည်းအဝေးတိုင်း၌ တက်ကြွပွင့်လင်းစွာ ကိုင်စွဲထားသည်ဖြစ်ရာ ပါတီတွင်းပြဿနာများကို တစုံတရာ ကိုင်တွယ်ဖြေရှင်းနိုင်မည်။ ထိမ်းသိမ်းနိုင်မည်ဟု ယုံကြည်ခဲ့ သည်။ ပါတီတည်ဆောက်ရေးကို လုပ်နိုင်လိမ့်မည်ဟု ယုံကြည်ခဲ့သည်။ ထို့ပြင် နိုင်ငံရေးပါတီတရပ် အထူးသဖြင့် ကွန်မြူ နစ်ပါတီတရပ်တွင် လမ်းစဉ်နှစ်ရပ်တိုက်ပွဲ အတွေးအခေါ်နှစ်ရပ်တိုက်ပွဲသည် ရှောင်လွှဲ၍မရနိုင်ရာ မိမိတို့သည် ထိုတိုက်ပွဲ တွင် မလွှဲမသွေပါဝင်ရမည်ဟု ယုံကြည်ခဲ့၍ဖြစ်သည်။

ဒုတိယအချက် ထိုစဉ်က လက်ရှိလူ့အဖွဲ့အစည်းကို ပြောင်းလဲရန်မှာလက်နက်ကိုင်တိုက်မှဖြစ်မည်။ ထိုလက်နက်ကိုင်တိုင်ပွဲ ကို မားမားမတ်ရပ်၍ဦးဆောင်နိုင်သည်မှာ လက်ရှိအချိန်တွင် အနှစ် ၃ဝ နီးပါးကြံ့ကြံ့ခံရပ်တည်ခဲ့သည် ဗမာပြည်ကွန်မြူ နစ်ပါတီ CPB သာရှိသည်ဟု ယုံကြည်ခဲ့၍ဖြစ်သည်။ထိုစဉ်ကာလက အင်အားသောင်းနှင့်ချီ ၍ရှိသည့် တောင့်တင်းခိုင်မာသည့် လက်နက်ကိုင်တပ်ဖွဲ့နှင့် မဆလအစိုးရအားစစ်ရေးအရ ယှဉ်နိုင်သည်မှာ CPB တပါတီသာရှိသည်။ ထိုစဉ်က ကျန်အများစုလက်နက်ကိုင်အဖွဲ့များမှာတိုင်းရင်းသားအဖွဲ့များသာဖြစ်ပြီး ဦးနု၏ ပဒပအဖွဲ့မှာလည်း အင်အားလောက်လောက်လားလားမရှိသည့်ပြင် မိမိအနေနှင့်လည်း ယုံကြည်မှု မရှိပေ။

မိမိတို့၏ ယုံကြည်မှု အရ ၁၉၄၈ ခုနှစ်တွင် ဖဆပလတွင်းမှ ဆိုရှယ်လစ်အုပ်စုများက CPB အဖွဲ့ဝင်များအား လိုက်လံဖမ်းဆီးပြီး မတရားသင်းကြေညာခဲ့၍ CPB အနေနှင့် မလွှဲမရှောင်သာ လက်နက်ကိုင်တိုက်ခိုက်ခဲ့ရသည်။ “၁၉၄၈ ခုနှစ် မတ်လ ၂၈ ရက်နေ့ မနက် အရုဏ်ဦးမှာ ပထမဆုံးထွက်ပေါ်လာတဲ့ သေနတ်သံဟာ ဗမာပြည်သမိုင်းအသစ်ကို သယ်ဆောင်လာတာ ဖြစ်တယ်” ဆိုသည့် သခင်သန်းထွန်း၏ပြောကြားချက်သည် လှပသည့် နိုင်ငံရေးစကားတခွန်းဖြစ်ခဲ့သည်။ လက်ရှိကာလတွင် လည်း စစ်ထောက်လှမ်းရေးခေါင်းဆောင်များကိုယ်တိုင်ကလည်း မကျေနပ်ရင် လက်နက်ကိုင်တိုက်ကြ လိုက်တောင်ပို့ပေးဦး မည်ဟု ဆိုနေသည်မဟုတ်ပါလော။

ထို့ပြင် ၁၉၆၂ ခုနှစ်တွင် စစ်တပ်က အာဏာသိမ်းခဲ့သည်။ စစ်အာဏာရှင်စနစ်ဖြင့် တိုင်းပြည်ကိုအုပ်ချုပ်ခဲ့သည်။ ၁၉၇၄ ခုနှစ်တွင်လည်း စစ်တပ်ကစိတ်တိုင်းကျ ရေးဆွဲထားသည့် အခြေခံဥပဒေတရပ်ဖြင့် တပါတီအာဏာရှင်စနစ်ကို ထူထောင် ထားခဲ့သည်။ ဤသို့သောအခြေအနေအောက်တွင် အာဏာရှင်ကို တွန်းလှန်ပြီး အလုပ်သမား၊ လယ်သမား၊ ဓနရှင်ပေါက်စ၊ ပညာတတ်များနှင့် အမျိုးသားအရင်းရှင်တို့အား စုစည်းပြီး အာဏာရှင်များကိုတော်လှန်၍ ပြည်သူဒီမိုရေစီအာဏာရှင်စနစ်ထူထောင်မည် (ဝါ) ဒီမိုကရေစီသစ်လူ့အဖွဲ့အစည်းတရပ်ထူထောင်မည်ဆိုသည်မှာ မှန်ကန်သည့် သုံးသပ်ချက်တရပ်ဟု မိမိယူဆခဲ့သည်။

ဗီယက်နမ်အပါ အင်ဒိုချိုးနားသုံးနိုင်ငံ၏ အောင်ပွဲသည်လည်းကောင်း၊ မိမိတို့ဖြတ်သန်းခဲ့သည့် အလုပ်သမားကျောင်းသား တို့၏ စစ်အာဏာရှင်တို့အားဆန့်ကျင်သည့်တိုက်ပွဲများသည်လည်းကောင်း၊ မိမိပြေးလွှားပုန်းအောင်းခဲ့သည့် တနှစ်တာ ကာလအတွင်း တွေ့ကြုံခဲ့ရသည့် လူထု၏ထောက်ခံကူညီမှုများကြောင့်သော်လည်းကောင်း၊ မိမိအား CPB နှင့်လက်နက်ကိုင် တော်လှန်ရေးအပေါ် ယုံကြည်မှုအပြည့်အဝပေးနေသည်ဟု ဆိုရပါမည်။

ထို့ကြောင့်လည်း အရှေ့မြောက်ဒေသရောက်ရှိပြီး ပါတီတွင်း တပ်ဖွဲ့တွင်း မတူသောအမြင်များ ကြုံတွေ့ခဲ့သော်လည်း ပါတီ တွင်း၌ ဝေဖန်ရေး၊ ကိုယ့်ကိုကိုယ် ဝေဖန်ရေးကို ကိုင်စွဲပြီး ပါတီတွင်းတိုက်ပွဲနှင့်ဖြတ်ကျော်မည်ဟူသော စိတ်ဓါတ် ယုံကြည်မှု ဖြင့် CPB နှင့် လက်နက်ကိုင်တော်လှန်ရေးကို ယုံယုံကြည်ကြည်ဖြင့် ဆက်လျှောက်ခဲ့သည်။ ထို့ပြင် ထိုကာလက စစ်အာ ဏာရှင်စနစ်ဆန့်ကျင်ရေးအတွက် မိမိအနေဖြင့် အခြားလမ်းလည်းမတွေ့ခဲ့ပေ။

● ရဲဘော်မြမောင် ရဲဘော်ခိုင်အောင်

ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော၏ သားနှစ်ယောက်ဖြစ်သော ကိုအောင်ကျော်ဇောနှင့် ကိုကျော်ဇောဦးသည် အရှေ့မြောက် အခြေခံဒေသရောက်တော့ ရဲဘော်မြမောင်နှင့် ရဲဘော်ခိုင်အောင်ဖြစ်သွားသည်။ ကိုအောင်ကျော်ဇောက အဘယ်ကြောင့် မြမောင်အမည်ယူခဲ့သည်ကို မသိသော်လည်း ကိုကျော်ဇောဦးက ကိုခိုင်အောင်အမည်ယူသည်ကတော့ ၁၉၇၅ ဇွန် ကျောင်း သားသပိတ်တွင် ပါဝင်၍ ထောင်ကျသွားသော ရခိုင်ကျောင်းသား ကိုဦးလှစော၏ ကဗျာဆရာနာမည် မောင်ခိုင်အောင်ကို ယူထားသည်ဟု နားလည်မိသည်။

အဖေက ဖြူဖြူထောင်ထောင်မောင်းဖြစ်သော်လည်း သားနှစ်ယောက်ကတော့ မဲမဲသဲသဲ ပါးသိုင်းမွှေး မုတ်ဆိတ်မွှေးများ နှင့်ဖြစ်သည်။ နှစ်ယောက်စလုံး စကားအတော်ပြောနိုင်ကြသည်။ ကိုမြမောင်က ခပ်ပိန်ပိန်ပါးပါး၊ ကိုခိုင်အောင်ကတော့ ခပ် တုတ်တုတ်ခိုင်ခိုင်ဖြစ်သည်။ အကျင့်စရိုက်က အနည်းငယ်ကွဲပြားသည်။ ပို၍ကွဲပြားသွားသည်က နိုင်ငံရေးအယူအဆ ဖြစ်သည်။ ကိုမြမောင်ကတော့ ပဲခူးရိုးမကို သံယောဇဉ်ရှိသည်။ ကိုစိုးနိုင်နှင့် နီးစပ်သည်။ ကိုခိုင်အောင်ကတော့ ၇၅ ဗဟို လူကြီးများအားထောက်ခံသည်။ သို့နှင့် ကြွက်တွင်းတွင် ညတည၌ငြင်းကြခုံကြရင်း ညီအကိုနှစ်ယောက် သေနတ်ထဆွဲကြပြီး ပစ်မည် ခတ်မည်ဖြစ်ကုန်၍ ဘေးက ဆွဲကြ လွဲကြဖြစ်ကုန်ကြရသဖြင့် နာမည်ကျော်များဖြစ်သွားကြသည်။ ဆွဲကြလွဲကြ သူများကတော့ ကိုအုန်းနှင့် ကိုငြိမ်းမြင့်တို့ဖြစ်သည်ဟု သိရသည်။

နိုင်ငံရေးအရငြင်းခုံကြရာမှ ညီအကိုချင်းသေနတ်ဆွဲရသည်အထိလည်းဖြစ် ဗိုလ်ကျော်ဇော၏သားများလည်းဖြစ်သဖြင့် ၎င်း သတင်း ပါတီဗဟိုထိရောက်သွားပြီး ဥက္ကဌသခင်ဗသိန်းတင်ပင် သူ၏မိန့်ခွန်း အတွင်းထည့်သွင်းပြောဆို၍ ဝေဖန်ရသည်အထိ ဖြစ်သွားပေတော့သည်။ ထိုအချိန်ကား ၁၉၇၆ ခုနှစ် နှစ်ကုန်ပိုင်းခန့်ဖြစ်ပေမည်။ ထိုအချိန်ကာလက မြို့ပေါ်က ရောက် လာကြသည့် ရဲဘော်များအတွင်း နိုင်ငံရေးအရ လမ်းစဉ်ဆိုင်ရာကွဲလွဲမှု မည်မျှပြင်းထန်သည်ကို ဖေါ်ပြခြင်းဖြစ်သည်။

၁၉၆၄ ခုနှစ် CPB ပါတီဗဟိုမှ ချမှတ်ခဲ့သည့် ၆၄ လမ်းစဉ်နှင့် လက်ရှိ ၇၅ ပါတီဗဟို၏ သဘောထားကွဲပြားမှုအားလည်း ကောင်း၊ လက်ရှိ အရှေ့မြောက်ဒေသအခြေအနေများနှင့်ပတ်သက်၍လည်းကောင်း၊ အပြင်းထန်ဆုံးဖေါ်ပြခဲ့ခြင်းဟုလည်း ဆိုနိုင်ပါသည်။

ဆက်လက်ဖေါ်ပြပါမည်။
မောင်မောင်စိုး (Mg Mg Soe)

ဓာတ်ပုံ – ရဲဘော်မြမောင် ခေါ် အောင်ကျော်ဇော (ဗိုလ်ကျော်ဇော၏သား)