ညိမ်းအေးသာ
(မိုးမခ) ဇူလိုင် ၁၀၊ ၂၀၁၇
 မျက်နှာကျက်ပန်ကာဟာ တဝီဝီလည်နေတယ် 
တိုင်ကပ်နာရီသံ တချက်ချက်မြည်နေတယ် 
ငါ့စိတ်ကို မျက်နှာကျက်ပန်ကာပေါ်ထားရမလား 
တိုင်ကပ်နာရီလက်တံပေါ် တင်ရမလား
တယုတယဆေးလိမ်းပေးဖူးတဲ့ 
သူ့ ခြေကျင်းဝတ်က ယားတတ်တဲ့ နေရာလေး 
သက်သာပါရဲ့လား 
လွမ်းစရာကို နာစရာနဲ့ ဖြေရတယ်တဲ့ 
အဲလိုဖြေမလို့ ချေကြည့်လိုက်တော့ 
စာရင်းကိုက်ရုံမက 
နာစရာကတောင် တခုနှစ်ခု ပိုနေပါသေး 
လွတ်သွားတဲ့ငါး ဝေလငါးလောက် ကြီးသားလို့ 
သူများကြားအောင် ညည်းတွားဖို့ 
သူ့မှာ အားရော အားပါ့မလား
မြှုံးထဲက ငါးရံ ငါးခူ ငါးသလောက်လေးများနဲ့ ပျော်ပါးဖို့
အချိန် နည်းနည်း ထပ်ရရင် လိုချင်ဦးမယ် 
သူ့အချစ်တွေကို လက်ဖဝါးထဲထည့် 
အကုန်ဆုပ်ကိုင်ပြီး မြိုချချင်မိခဲ့ 
ဘယ်လိုနေရာကိုမှ 
အမှုန်အမွှားလေးအဖြစ်နဲ့တောင် 
ပျံ့နှံ့တာ သည်းမခံချင်လို့ 
ငါ့စိတ်ကို မျက်နှာကျက်ပန်ကာပေါ်ထားရမလား 
တိုင်ကပ်နာရီလက်တံပေါ် တင်ရမလား 
သင့်တွင်ဖြေရှင်းရန် အမှန်တရားမရှိဘူးလား
လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ပြီ 
သင်သွားလိုရာ သွားနိုင်သည်
လောလောဆယ် မျက်ရည်မစဲသေးမီ 
ဘိလပ်ရေ အမြှုပ်ထတာနဲ့ ဓနုမရဲ့ပတ်သက်ပုံကို
ဘာမဆိုင် ညာမဆိုင် ငိုင်တွေး.. ။
။
။
