(မိုးမခ) ဇွန် ၁၀၊ ၂၀၁၇
ပထမဦးဆုံး သတိပြုမိသည်မှာ စွတ်စိုထိုင်းမှိုင်းမှု ဖြစ်သည်။ စွတ်စိုထိုင်းမှိုင်းမှုနှင့်အတူ တိတ်ဆိတ်မှုကိုလည်း သူဂရုပြုမိ သည်။ တိတ်ဆိတ်မှု အားကောင်းလွန်း၍ပဲလား၊ ဒါမှမဟုတ် သူ့ရဲ့ ကြားနိုင်မှုစွမ်းရည်ကပဲ ပုံမှန်ထက်မြင့်တက်သွားလို့ပဲလားတော့ မသိ။ သူ့နားထဲမှာ သေးမျှင်စူးရှသော အသံတချို့ကို ကြားနေရလေသည်။ တစီစီနှင့် စူးစူးရှရှ အော်မြည်နေသော အ သံများဟာ ပိုးကောင် မွှားကောင်တွေရဲ့ အသံဗလံတွေများလား။
တစီစီနှင့် အာခေါင်ကွဲလုမတတ် စူးစူးဝါးဝါး ခြစ်အော်နေသော အသံများဟာ တခါတခါတော့လည်း သူနှင့် ခပ်လှမ်းလမ်းမှာ။
တစ်ခါတစ်ခါတော့လည်း သူနှင့် နီးကပ်သည့်နေရာမှာ။ တခါတခါမှာ ထိုအသံများဟာ သူနှင့်နီးကပ်လွန်းသည့်အတွက် သူ့ အရေပြားထဲက တိုးထွက်လာသည့် အသံများပေလားဟု ထင်ယောင်ထင်မှားဖြစ်ရလေသည်။
အလင်းရောင်နည်းနည်းနှင့် အေးစက်ထိုင်းမှိုင်းသည့် လိုဏ်ခေါင်းထဲကို ရောက်ရှိနေသူတဦးထံမှာ ထိုအသံမျိုး ထွက်မလာ နိုင်ဘူးလား။ သူ့ရဲ့ အာရုံသိစိတ် တမျိုးမျိုးထဲကပဲဖြစ်ဖြစ်။ ချွေးစေးတွေ စိမ့်ထွက်နေတဲ့ အရေပြားထဲကပဲဖြစ်ဖြစ် တမျိုးမ ဟုတ် တမျိုးပေါ့။
ရှည်လျားလွန်းသော လိုဏ်ခေါင်းထဲကိုရောက်နေလို့နှင့် တူသည်။ အလင်းရောင်မှာဆံခြည်တမျှင်မျှလောက်ပင် မရှိလေတော့မြင်နေသမျှအရာအားလုံးမှာ ပြာမှုန်လို့နေသည်။ မြင်ကွင်းထဲမြင်နေသမျှ သဲသဲကွဲကွဲတခုတလေပင် မရှိ။ အားလုံးဟာ မှောင်မှောင်ရီရီ။
တချို့နေရာတွေမှာတော့ ပြာမှုန်သော အလင်းစလေးတွေ။ ပြိုးခနဲ ပြက်ခနဲနှင့်။ အဲဒီ မှုန်မှုန်ရီရီ အလင်းစ သေးသေးလေးအောက်မှာ သူ့လက်ချောင်းတွေကို ကွေးချည်ဆန့်ချည်လုပ်ကြည့်တော့ လက်ချောင်းလေးတွေကို သူ သေသေချာချာမြင်နေရသေးသည်။ တချို့နေရာတွေ ရောက်လို့ သူ့လက်ချောင်းတွေကို ကွေးချည်ဆန့်ချည်လုပ်ကြည့်တော့ သူ့လက်ချောင်း ရှည်ရှည်သွယ်သွယ်လေးတွေကို မမြင်ရတော့ပြန်။ ဝန်းကျင်သည် အမှောင်ထုအောက်မှာ နစ်မြုတ်ငြိမ်သက်လျက်။
အလင်းရောင်ဟာ ဟိုးခပ်လှမ်းလှမ်းမှာလား။ ဒါမှမဟုတ် သူနှင့် အနီးဆုံးနေရာမှာပဲ ဖျတ်ခနဲဆို ပျောက်ဆုံးသွားခဲ့လေ သလား။ အေးစက်နေသော နံရံများကို ထိစမ်းပွတ်သပ်ရင်း အမှောင်ထဲမှာ သူ တွေးနေမိသည်။ လိုဏ်ခေါင်း၏နံရံများကတော့ မည်သည့်အချိန် ပွတ်သပ်ပွတ်သပ်။ အေးစက်ကြမ်းရှလျက်။ တချို့နေရာတွေဆို လက်ကြား ထဲမှာ ရေများပင် စိမ့် ထွက်နေသေးသည်။
သည်လိုအချိန်မျိုးဆိုလျှင် သူ ရင်တွေ တဝုန်းဝုန်းခုန်သွားပါသည်။ သူရောက်ရှိနေသော လိုဏ်ခေါင်းအပေါ်မှာ ပင်လယ်တ စင်း ရောက်ရှိနေခဲ့ပြီလား။ အဲဒီပင်လယ်ဟာ သိမ်မွေ့နူးညံ့မှုမရှိဘဲ ဟိုယိမ်းဒီယိမ်းနှင့် မုန်ယိုနေခဲ့ပြီလား။ အဲဒီအချိန်မှာ ကြားနေရတဲ့ အသံတွေဟာ လှိုင်းရိုက်သံတွေများလား။လှိုင်းရိုက်သံတဝုန်းဝုန်းနှင့်အတူ စိမ်းစိမ်းရီရီ လရောင်ကိုရော မြင်နေရ ပါသလား။ ဆွတ်ဆွတ်ဖြူနေသော တိမ်များဟာ ကျောက်တုံးကျောက်စိုင်တွေလို အေးစက်လေးကန်စွာနှင့် ရွေ့လျားနေပါ သလား။ အမှောင်ထဲမှာ စမ်းတဝါးဝါး လျှောက်နေရင်းနှင့် ပင်လယ်ကို သူသတိရသွားသည်။ လရောင်ကို သတိရသွားသည်။ လှိုင်းရိုက်သံကို သူ သတိရသွားသည်။ ပုန်းညက်ပန်းရနံ့ကို သတိရသွားပါသည်။ ပင်လယ်။ လိုဏ်ခေါင်းအပေါ်မှာ ဖြတ်စီး နေ သောပင်လယ်ကြီးဟာ ဝေါခနဲ ပြိုကျလာနိုင်ပါသလား။ သူ မွန်းကျပ်သလိုလို ဖြစ်သွားသည်။
နဂိုကတည်းက အသက်ရှူရတာ မွန်းကျပ် နေရသည့်ကြားထဲ လိုဏ်ခေါင်းကျဉ်းကျဉ်းလေးထဲကို စီးဝင်လာမည့်ပင်လယ်ရေလှိုင်းများဆီ သူ အာရုံရောက်သွားသောအခါ …. .. ပင်လယ်ဟာ သူ့အပေါ်မှာ တရိပ်ရိပ်နှင့်စီးနေတာ ဟုတ်ချင်မှဟုတ်မှာပါ။ ဒါဟာ ပင်လယ်ကိုအစွဲအလမ်းကြီးခဲ့သောသူ့အတွက် အာရုံရဲ့ ဖြားယောင်းမှုတခုခု ဖြစ်နိုင်ပါသည်။ ဟိုဖက်နှစ်ကာလတွေတုန်းက ပင်လယ်ဟာ သူ့ဘဝရဲ့အစိတ်အပိုင်းတခုလိုတောင်ဖြစ်ခဲ့ရတာ မဟုတ်လား။ အဲဒီတုန်းက သူဟာ ပင်လယ်ကို ဘယ်လောက်တောင် စွဲလမ်းတပ်မက်ခဲ့သလဲဆိုရင် ညဘက်အိပ်လျှင်တောင် လှိုင်းရိုက်သံကို ဝုန်းခနဲ ဝုန်းခနဲကြားနေရမှ။
အခုတော့လည်း ပင်လယ်ဟာ သူ့ဘဝထဲက ထွက်ခွာသွားခဲ့ပြီဖြစ်သည်။ ပင်လယ်နှင့်အတူ သူ့ကိုချစ်သော မိန်းမတယောက်ဟာလည်း သူနှင့်အနီးဆုံးနေရာကနေ ထွက်ခွာသွားခဲ့ပြီဖြစ်သည်။ တချိန်တုန်းကတော့ ပင်လယ်နှင့်ထိုမိန်းမသာမရှိခဲ့လျှင် သူ့ဘဝဟာ ရူးသွပ်ရွဲ့စောင်းသွားနိုင်သည်ဟု သူ့ကိုယ်သူ ယုံကြည်ခဲ့ဖူးပါသည်။
ထိုအကြောင်းတွေကို သူ့မိတ်ဆွေတယောက်အားပြောပြတော့ ထိုမိတ်ဆွေက ရယ်မောပါသည်။ ထိုနေ့က သူတို့ နှစ်ယောက် ရောက်နေသောနေရာမှာ ခြုံနွယ်ပိတ်ပေါင်း ထူထပ်သော မြို့ကလေး၏အရှေ့ဘက်ခြမ်းမှာဖြစ်သည်။
ထိုနေရာလေးမှာ နွယ်ရိပ်သစ်ရိပ်နှင့် ခြုံနွယ်များထူပြောရုံမက လျှိုများ၊ ချောက်များလည်းရှိနေလေရာ လူအသွားအလာကျဲပါး
ပြတ်တောက်လွန်းလှသည်။ သူ သတိပြုမိသလောက် ထိုနေရာမှာ ဘယ်တုန်းကမှ လူရိပ်လူခြေ မတွေ့ခဲ့ရပါ။
“မိန်းမတို့ ပင်လယ်တို့ဟာ စိတ်ဝင်စားစရာမကောင်းလှပါဘူးဗျာ။ ကျနော်ကတော့ ကိုယ်စိတ်ဝင်စားမှုမရှိတဲ့ ဘာသာရပ်ထဲ မှာ ဘယ်တုန်းကမှ အချိန်ကုန်ခံလေ့မရှိဘူး”
ဒါပေါ့။ ဒီလိုပဲ ဖြစ်ရမှာပေါ့။ ကိုယ်စိတ်ဝင်စားမှုမရှိတဲ့ အကြောင်းအရာထဲမှာ ဘယ်သူက အချိန်ကုန်ခံပြီး ပိတ်လှောင်မွန်း ကြပ်ခံမှာလဲ။
“ရောက်နေတဲ့သက်တမ်းနဲ့ တွက်ချက်လိုက်ရင် နှစ်တွေဆိုတာ ဘယ်နည်းလိမ့်မှာလဲ။ ကျနော် တစိုက်မတ်မတ်ရှာခဲ့တာပေါ့ ”
သူ မျက်မှောင်ကုပ်သွားသည်။ ထိုစကားတခွန်းဟာ သူ့အတွက် ပဟေဠိသဖွယ် ဖြစ်သွားသည်။ မိတ်ဆွေရဲ့ မျက်လုံးညိုညိုတွေကိုကြည့်လိုက်တော့လည်း လေးနက်တည်ကြည်မှုတွေကို သူအသေအချာ မြင်တွေ့နေရလေသည်။ သူဟာ ဘာကိုများပြောချင်နေတာပါလိမ့်။
တိမ်များဖြင့် လှပနေသော ညနေခင်းသည် စက္ကန့်အနည်းငယ်ကြာအောင် တိတ်ဆိတ်သွားပါသည်။ လျှိုတွေ ချောက်တွေ အနီးမှာ မှုန်မှုန်ရီရီဖြစ်နေသောအရာတွေဟာ နှင်းမြူရိပ်တွေများလား။
“ဒါပေမဲ့ ကျနော် တကယ်ရှာခဲ့ပါတယ်။ ကျနော့်ဘဝ သက်တမ်းတလျှောက်လုံး အချိန်တွေပေးပြီးတော့ကို ရှာခဲ့တယ်။ ဒီ စကားကိုလည်း တချိန်ချိန်မှာ လူတယောက်ယောက်ကို ပြောဖြစ်အောင် ပြောရမယ်လို့လည်း စိတ်ထဲမှာ ဆုံးဖြတ်ချက်ချခဲ့ တယ်။ အဲဒီလိုဆုံးဖြတ်ထားတဲ့အတိုင်းလည်း အခု လူတယောက်ကို ပြောနိုင်ခဲ့ပြီပေါ့။ ခင်ဗျားကိုပေါ့”
မိတ်ဆွေရဲ့ မျက်လုံးတွေက သူ့ဆီကိုရောက်ရှိလာလေသည်။
သူ ခေါင်းကို ဆတ်ခနဲညိတ်လိုက်သလား။ မညိတ်မိဖူးလားဆိုတာ သူ့ကိုယ်သူလည်း ဇဝေဇဝါ။ မိတ်ဆွေရဲ့နှုတ်ခမ်းတွေဟာ လှုပ်လှုပ်ရွရွဖြစ်လာပြီး…..
“သူများတွေတော့ မပြောတတ်ဘူး။ ကျနော်ကတော့ အသေအချာကို ပြောနိုင်ခဲ့ပြီ။ ကမ္ဘာလောကကြီးထဲမှာ ကျနော် စိတ်အ ဝင်စားဆုံးအရာဟာ ဘာလည်းဆိုတာ ကျွန်တော် သေသေချာချာကို ရှာဖွေတွေ့ရှိသွားခဲ့ပြီ”
မိတ်ဆွေရဲ့ မျက်လုံးတွေဟာ ဝင်လုဆဲနေရောင်အောက်မှာ တောက်ပလာသလိုပါပဲ။ ဒီစကားလေးတခွန်း ပြောဖို့အရေး ဘာဖြစ်လို့များ ဒီလောက်တောင် စိတ်တွေလှုပ်ရှားနေရပါလိမ့်။ လူတိုင်းလူတိုင်းဟာ တခုမဟုတ်တခု၊ တမျိုးမဟုတ် တမျိုး စိတ်ဝင်စားကြမှာပဲပေါ့။ တခုခုအပေါ်မှာ ရူးသွပ်တိမ်းမူးကြမှာပေါ့။
တချို့က ဂီတ၊ တချို့က နည်းပညာ၊ တချို့က အားကစား၊ တချို့က အနုပညာ၊ တခုမဟုတ်တခုတော့ တပ်မက်ခုံမင်ကြမှာပေါ့။ အဲဒီအကြောင်းအရာလေးကို ပြောပြရုံမျှနှင့် သူ့ရဲ့မျက်လုံးတွေဟာ ဒီလောက်တောင်တောက်ပလာရပါသလား။
“ကျနော်စိတ်အဝင်စားဆုံးက ဘာလဲ။ သိလား”
မိတ်ဆွေဟာ မျက်နှာချင်းဆိုင်ရပ်နေရာက သူ့ကိုကျောခိုင်းလိုက်သည်။ သူစိတ်အဝင်စားဆုံးအရာဟာ ဘာများဖြစ်နေပါ လိမ့်။ သူ မပြောတတ်ပါ။
“ကျနော်စိတ်အဝင်စားဆုံးအရာဟာ”
မိတ်ဆွေရဲ့စကားသံဟာ ရပ်တန့်ငြိမ်သက်သွားပြန်သည်။ တအောင့်နေတော့ ရုတ်တရက် သူ့ဖက်သို့လှည့်လိုက်ပြီး………
”ကမ္ဘာလောကကြီးထဲမှာ ကျနော်စိတ်အဝင်စားဆုံးအရာဟာ လိုဏ်ခေါင်းပဲဗျ။ သိလား။ လိုဏ်ခေါင်းပဲ”
ညနေခင်းဟာ သွေးဆုတ်ပြီး ဖြူဖတ်ဖြူလျှော်ဖြစ်သွားသလိုပါပဲ။ လူတစ်ယောက်ဟာ ဘာကိုမဆို စိတ်ဝင်စားခွင့် ရှိပြီးသားပါ။ သို့သော်လည်း ထိုမိတ်ဆွေက လိုဏ်ခေါင်းကို စိတ်အဝင်စားဆုံးဟုဖွင့်ပြောလာသောအခါ..
မိတ်ဆွေ၏မျက်နှာကို အံ့အားသင့်စွာ သူကြည့်လိုက်သည်။ မိတ်ဆွေဟာ သူ့ရဲ့မျက်လုံးတွေကို စူးစူးရဲရဲ ပြန်ကြည့်လိုက်ပြီး …. ….
“လိုဏ်ခေါင်းတွေကို ဘာဖြစ်လို့စိတ်ဝင်စားရတာလည်းလို့ တစုံတယောက်က မေးလာခဲ့ရင်လည်း ပြန်ဖြေဖို့အဖြေက ရှိပြီး သားပါ။ ကျနော်လိုဏ်ခေါင်းတွေကို ဘာ့ကြောင့် စိတ်ဝင်စားရတာလဲ… သိလား ”
မိတ်ဆွေကတော့ ဘယ်လိုနေသည်မသိ။ သူ့ကိုယ်ထဲမှာတော့ ပူနွေးသွားပြီး သူ့ရင်က တဒိတ်ဒိတ်နှင့် လှုပ်ခုန်လာလေသည်။
မိတ်ဆွေက တချက်ပြုံးလိုက်ပြီး…..
“ကျနော် လိုဏ်ခေါင်းတွေကို ဘာလို့စိတ်ဝင်စားရတာလဲဆိုတော့”
သူ့ခန္ဓာကိုယ်က ဆတ်ခနဲလှုပ်သွားသည်။ ကဲ…. ပြောစမ်းကိုယ့်လူ။ မြန်မြန်ပြောပစ်လိုက်စမ်း။ လိုဏ်ခေါင်းတွေကို ဘာဖြစ်လို့စိတ်ဝင်စားရသလဲဆိုတာ။ မိတ်ဆွေဟာ တည်ငြိမ်စွာပြုံးလိုက်ပြီး..
“လိုဏ်ခေါင်းထဲမှာ ပျော်ရွှင်မှုတွေ ရှိလိမ့်မယ်ထင်လို့ လိုဏ်ခေါင်းတွေကို ကျနော်စိတ်ဝင်စားခဲ့တာပဲ”
ဘုရား…ဘုရား။ သူ့ တကိုယ်လုံး အေးစက်တောင့်တင်းသွားလေသည်။ လိုဏ်ခေါင်းတွေထဲမှာ ပျော်ရွှင်မှုဆိုတာဟာ ဘယ်လိုလုပ်ပြီးတော့များ ဖြစ်တည်နိုင်ပါမည်နည်း။ သူ ခေါင်းကို ခါယမ်းလိုက်သည်။
လိုဏ်ခေါင်းများနှင့် ပျော်ရွှင်မှု………
ပျော်ရွှင်မှုများနှင့် လိုဏ်ခေါင်းများ…..
ထိုနေ့ ညနေခင်းမှာ သူ့မိတ်ဆွေပဲ ရူးသွားခဲ့တာလား။ သူပဲ သွက်သွက်ခါအောင် ရူးနှမ်းခဲ့လေသလား။ ဒါမှမဟုတ် ရူးသွပ်ရွဲ့စောင်းခြင်းကပဲ သူတို့နှစ်ယောက်ထံကိုဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့တာလားတော့မသိ။ လိမ္မော်ရောင်ညနေခင်းသည် တော်တော့်ကို စိတ်ပျက်စရာ ကောင်းသွားခဲ့ပါသည်။
ထူးဆန်းမှုတခုမှာ သူ့မိတ်ဆွေဟာ နောက်တနေ့ကစပြီး သူတို့မြို့ကလေးမှ ပျောက်ဆုံးသွားခြင်းပင်ဖြစ်သည်။ ပြောမည်ဆို
လျှင် ထိုရက်ကစပြီး လိုဏ်ခေါင်းတွေထဲမှာပျော်ရွှင်မှုရှိနိုင်ပါသလားဟူသော မေးခွန်းသည် သူ့သွေးကြောမြွှာတွေထဲကို ဗိုင်း ရပ်စ်ပိုးတမျိုးလို စိမ့်ဝင်ပြန့်နှံ့လာတော့သည်။ သူ့ ဦးခေါင်းဟာလည်း ထိုမေးခွန်းတခုတည်းဖြင့် အမြဲတစေ မူးရီကိုက်ခဲခဲ့ရ သည်။
ဘာပဲပြောပြော ပျော်ရွှင်မှုကိုတော့ သူစိတ်ဝင်စားပါသည်။ ပျော်ရွှင်မှုတွေဟာ သူ့ဘဝထဲက ဆုတ်ခွာသွားခဲ့တာ ကာလ အတန် ကြာမြင့်ခဲ့ပြီမဟုတ်လား။ ထိုစိတ်ကို အခြေခံပြီးတော့ပဲ လိုဏ်ခေါင်းတစ်ခုထဲသို့ သူရောက်ရှိလာခြင်းပင်။ ကနဦး အစက လိုဏ်ခေါင်းတစ်ခုထဲသို့ ဝင်ဝင်ချင်း သူ့ရင်ထဲမှာ သံသယစိတ်တွေ ဖြစ်တည်လိုက်သေးသည်။ လိုဏ်ခေါင်းတွေထဲမှာ ပျော်ရွှင်မှုဆိုတာဟာ ဖြစ်တည်နိုင်ပါ့မလား။ အေးစက်တိတ်ဆိတ်နေသော လိုဏ်ခေါင်းများနှင့် ပျော်ရွှင်မှုဆိုတာဟာ မည်သည့်နေရာမှာများ တွဲဆက်နေပါသလဲ။
အမှောင်များ၊ ညှီစို့စို့ရနံ့များ၊ ချောက်ချားဖွယ်ကောင်းသော တိတ်ဆိတ်မှုများ။ သည်လိုအရာတွေထဲမှာ အဘယ်သို့သော ပျော်ရွှင်မှုများဟာ ရုန်းထွက်လာနိုင်ပါသလဲ။ အမေးပုစ္ဆာများနှင့် သူ့တကိုယ်လုံးကိုက်ခဲနေခဲ့သော်လည်း နာရီပေါင်းများစွာ ကြာမြင့်လာသောအခါမှာတော့ သူ့စိတ်ဟာ တည်ငြိမ်စပြုလာပါသည်။ ထိုစိတ်နှင့်အတူ ဘဝထဲမှ ဆွံ့အပျောက်ဆုံးနေသော ပျော်ရွှင်မှုနှင့်လည်း ပြန်လည်ဆုံတွေ့ရတော့မည်ဟု ယုံကြည်လာခဲ့သည်။ ပျောက်ဆုံးသွားသော သူ့မိတ်ဆွေကိုလည်း လိုဏ်ခေါင်း၏ အတွင်းပိုင်းတနေရာရာမှာ ပြန်လည်ဆုံတွေ့ခွင့်ရလိမ့်မည်ဟု သူယုံကြည်ထားပါသည်။ ထိုမိတ်ဆွေဟာ လည်း သူ့လိုပဲ အေးစက်မည်းမှောင်နေသော လိုဏ်ခေါင်းတွေထဲမှာ ပျော်ရွှင်မှုဆိုတာကို မွတ်သိပ်စွာနှင့် ရှာဖွေနေခဲ့တဲ့လူ မဟုတ်လား။ စိုထိုင်းသောနံရံများကို ထိစမ်းပွတ်သပ်ရင်း ခြေလှမ်းတွေကို ရွေ့လျားလိုက်သည်။
ထူပြိန်းသော အမှောင်ထုထဲမှာ ရွေ့လျားနေရင်းနှင့် ခွေအိပ်နေသော မြွေတကောင်၏ပူနွေးပျော့ပျောင်းသော ဝမ်းဗိုက်သား ကိုပဲ ထိစမ်းမိလေမလား။ ဒါမှမဟုတ် ပျော်ရွှင်မှုဆိုတာဟာ အမှောင်ထဲကနေပြီး ဝုန်းခနဲ ခုန်ထွက်လာလေမလား။ ဒီလိုမှ မဟုတ်ရင် သူ့ရှေ့တည့်တည့်မှာ လူ့အရိုးစုကြီးတွေ ဘွားခနဲပေါ်လာပြီး ဂျောက်ဂျောက် ဂျက်ဂျက်နှင့် လှုပ်ယိမ်းပြနေလေ မလား။ စိတ်လှုပ်ရှားစရာတော့ ကောင်းလှသည်။
ဘာပဲပြောပြော သူကတော့ လိုဏ်ခေါင်း၏ အတွင်းပိုင်းတနေရာရာမှာ ပျောက်ဆုံးနေသော ပျော်ရွှင်မှုကို ပြန်လည်တွေ့ရှိရ လိမ့်မည်ဟု မျှော်လင့်ထားပါသည်။ သူ့ရှေ့တည့်တည့်မှာတော့ လက်ချောင်းများဖြင့် ဆုပ်ကိုင်ထိစမ်း၍ မရနိုင်သော အမှောင်များဖြင့် လေးလံအေးခဲနေဆဲ။
နိုင်ဝင်းသီ