၁။
အလွမ်းနေ့တွေအကြောင်း “ဆောင်း” လို့ရေးဖို့လိုပြီ
မြူနှင်းတွေအကြောင်း ဆောင်းအရိပ်ထဲပြန်ခိုဝင်လာ
ဇာတိရွာငယ်လေးရဲ့ တိတ်ဆိတ်မှုထဲပြန်ခိုလှုံလို့
မိခင်စိတ်ဟာ သဘာဝရှုခင်းတွေပေါ်ဝဲကျ မြူတွေလိုအုံ့မှိုင်းနေတယ်
ဖြူလွနေတဲ့ မြူခိုးတွေပေါ့ ခြေလှမ်းတလျှောက်
ရင်ဖောက်ဝင်လာကြသလို ပွေ့ဖက်လို့
မြူ..အိမ်ပြန်ခဲ့ပါပြီ
ရောင်စုံအိပ်မက်များထဲ ငယ်ဘဝအရိပ်များ ပေရေညစ်နွမ်းနေတုန်း။ ငယ်ဘဝစာမျက်နှာများထက် မြူ့အကြောင်း အကောင်းလုပ်ရေးစရာများလည်းမရှိ။ ကိုယ့်အလောင်း ဟာ သေလွန်ပြီးမှ ကိုယ်တိုင် ပြန်ပြန်ကောက်လာရသလို လောကထဲ လက်တွေ့ဘဝထဲမှာ ကိုယ့်ဘဝကိုယ် မြူစိတ်နာမိသလိုပါပဲကွယ်။ ကိုယ့်ဘဝကိုယ်မှာ ကိုယ်တိုင်ရေးဆွဲခွင့်မရ ကိုယ်စီဘဝစာမျက်နှာများလည်း လူယဉ်ကျေးယန္တရား စည်းစနစ်တွေအောက် စိတ်ရောက်ခဲ့သလို လက်ရောက်ခဲ့သလိုနဲ့ ကျိုးကြေမွလို့။ မြူဆိုတဲ့ ကောင်မလေးတယောက်ရဲ့ ဘဝအစ ခပ်ငယ်ငယ်ဘဝတုန်းကတော့ ကံကောင်းခဲ့ပါတယ်လို့ ပြောမယ့်သူတွေ ရှိလည်း သေချာတာကတော့ မြူဟာ ……
၂။
ရွာမှာ ကောင်းကင်ပြာပြာအောက် သဘာဝပတ်ဝန်းကျင်ရှုခင်းများထဲ မြူ့စိတ်ညွတ်နူးရာ သဘာဝတရားကြီးကိုချစ်မက်သလောက် မြူဟာ အစဉ်အလာအယူအဆတွေကိုမုန်းတီးနေတဲ့ ကောင်မလေးတယောက်။ ပတ်ဝန်းကျင် အလှအပများကြား လေနုအေးထဲ လွတ်လပ်ပျော်မြူးလို့ လောကထဲ ကမ္ဘာထဲခြေလှမ်းကာစ အပျိုအရွယ် မိန်းကလေးတယောက်။ ကောင်ကင်ထဲ ပျံဝဲ တိမ်ဆိုင်တိမ်လိပ်လေးများ ကြည့်ငေးချင်နေရ ငှက်ဖြူဖြူလေးတကောင်။ လောကဟင်းလင်းပြင် ကောင်းကင်ကျယ်ကြီးထဲ စိတ်လွှတ်ပျံသန်း ချင်တဲ့ စိတ်ကူးယဉ်ဆန်ဆန် …ဇရက် (ဆက်ရက်) မလေး မြူ။
မြူဟာ ကျေးတောသူပါပဲ။ တောသူဆိုတော့ ရှင်တို့ကြားဖူးမလားတော့မသိဘူး။ အော် ..မေ့လို့ ကြားဖူးကြမလားဆိုတာ ကလည်း မြူဟာ တောင်ပေါ်ရွာလေးတရွာက တောသူမလေးတယောက်ပါပဲ။ ကျေးလက်တောရွာက အမျိုးသမီးငယ်လေးတွေဖြစ်နေကျ သမားရိုးကျဇာတ်လမ်းတခုက ကြုံနေကျအဖြစ်အပျက်တွေလိုပါပဲ။ ဇာတ်အိမ်ဖွဲ့ ဇာတ်နာလောက်တာမျိုး မရိုးနိုင်တဲ့ ဇာတ်လမ်းကလေးတွေလိုပေါ့။ အကြောင်းအရာမယ်မယ်ရရ မရှိပဲ ဇာတ်နာသွားတဲ့ဇာတ်လမ်းမျိုးနဲ့ မှုန်ကုပ်ကုပ် အိမ်လေးကနေ မြို့ပေါ်ရောက်လာခဲ့ပုံမျိုးလိုပါပဲ။ အော် ..မေ့လို့ လူမသိသူမသိဆိုတာထက် မြူ့အကြောင်းကိုတော့ ရွာက လူတွေက အကုန်သိကြတာပါပဲ။ အဲတာကြောင့်လည်း မြူမြို့ကိုထွက်လာခဲ့တာပေါ့။ အရှက်တရားကြောင့်တော့မဟုတ်ပါ ဘူး။ မြူ့ကိုနားအလည်ဆုံး အမေကိုယ်၌က နားမလည်ပေးတော့တဲ့အခါ မြူလည်းမြို့ပေါ်ကို တိတ်တဆိတ်ထွက်လာခဲ့ တယ်။
၃။
ပုံရိပ်တွေ အထပ်ထပ် မြင်နေရတယ်။ အတွေးထဲ လှိုက်လှိုက်မောနေရ မြူ့စိတ်တွေက ဝေဝါးနေတယ်။ အာရုံထဲမှာ မြင်ကွင်းဟာ တိမ်တွေပေါ်တက်လာရသလို မိုးကောင်းကင်အမြင့်ကြီးက ပြုတ်ကျလာခဲ့သလို တုန်ရင်မောဟိုက်နေတဲ့ စိတ်နဲ့။ လေဟာနယ်ထဲ ရောက်နေသလိုပဲ မြူ့လက်က အဆက်မပြတ်လှုပ်ရှားလို့ နှုတ်ခမ်းက တိုးတိုးဖွဖွ ငြီးငြူနေတယ်။ စိတ်ကူးထဲပုံရိပ်တွေပဲ အထပ်ထပ်မြင်ယောင်ကြည့်လို့ အိပ်ရာပေါ်မှာ စိတ်ဆန္ဒတွေ တဆက်ဆက် ချုပ်တီးတုန်ရီနေရတယ်။ ပင်ပန်းလိုက်တာကွယ်။ ဟိုးအဝေးကြီးက ပြေးလာရသလို မောပန်းလိုက်တာ။ ချစ်စိတ်ဟာ ပျိုရွယ်စအချိန်များမှာ တပြိုင်နက် လူးလွန့်လှုပ်ရှားလာနေသလို တကိုယ်တည်း စိတ်ကူးဆန္ဒတွေကျိတ်မှိတ် မြိုသိပ်လို့ သွေးသားဆန္ဒကို ခဏခဏဖြေဖျောက်နေရတာကြာတော့လည်း မြူစိတ်ပင်ပန်းလာမိတယ်။ အရိုင်းစိတ်ဟာ ငယ်နုစဉ်အခါ နှလုံးသားနုနုလေးများမှာ ဒဏ်ရာအမာရွတ်များအဖြစ် ကျန်နေခဲ့မယ်ဆိုတာ အစကတည်းက မြူသိရင်သိပ်ကောင်းမှာပဲကွယ်။ အခုတော့ မှားလားမှန်လား မစဉ်းစားတတ်သေးခင်အချိန်မှာပဲ စိတ်ရဲ့အလိုနောက် တကောက်ကောက်လိုက်မိ မြူအခါခါသာယာနေမိတော့တယ်။ ဒီလို အဖြစ်တွေကို ဘေးပတ်ဝန်းကျင်မှာလည်း ပြန်ပြောပြ ဖွင့်ဟတိုင်ပင်လို့မရ တကိုယ်တည်းကျိတ်မှိတ်ဖြေဖျောက်လို့ အသိ ဉာဏ်နုနုလေးနဲ့ ရနိုင်သလောက် ခုခံကာကွယ်လို့ လေဟာနယ်ထဲ အခါခါရောက်နေတဲ့ဘဝကို ကြည်နူးနေမိတယ်။ ဘဝ ဟာ ကျေနပ်ပျော်ရွှင်စရာတွေပါလား။ အရိုင်းစိတ်ဟာ ပန်းကလေးလို နုညံ့သိမ်မွေ့လွန်းလှပါလားရယ်လို့ ထင်ရတဲ့အထိ မြူဟာ စိတ်အလိုနောက် တကောက်ကောက်လိုက်လို့။ အိပ်ရာလေးထက်မှာ တွန့်ကြေနေတဲ့ ဝေခွဲမရမှုတွေနဲ့။
မြူ့စိတ်ကူးကို တကယ့်လက်တွေ့ အခြေအနေတခုအဖြစ် ဖန်တီးယူရမှာကိုတော့ မြူလည်းကြောက်မိတာပေါ့။ တောင်ပေါ်လေက အေးတယ်ဆိုပေမယ့် ပတ်ဝန်း ကျင်ကပြောလာမယ့်စကားလုံးတွေဟာ ပူလောင်လိမ့်မယ်မှန်း မြူခန့်မှန်းမိတာပေါ့။ မြူလည်း လူသားတဦး ရိုးရာယဉ်ကျေးမှုအစဉ်အလာများကြား အသိဉာဏ်ရှိတဲ့မိန်းကလေးတဦးသာ ဖြစ်ပါတယ်။ မြူ့စိတ်ဟာ ဘယ်လောက်လွတ်လပ်ချင်နေပါစေ အစဉ်အလာတွေကို မုန်းတီးနေပါစေ ပတ်ဝန်းကျင်ရဲ့လှိုင်းတံပိုးလို စကားလုံးတွေကို မြူနဲ့အတူ မြူ့မိသားစုဟာ ခံနိုင်လိမ့်မယ်မထင်ဘူး။ လက်နက်နဲ့ ထိုးနှက်တိုက်ခိုက်မှဆိုတာထက် စကားလုံးတွေနဲ့ ထိုးနှက်မှုကလည်း ဘဝတွေသေဆုံးသွားနိုင်ကြသလို ဘဝတွေရှင်သန်နေကြရတယ်လေ။ စကားလုံးတွေကြောင့်လည်း အချိန်တိုင်းအသက်မရှိတော့သလို အရှက်တရားကင်းမဲ့မှုများဖြင့်သာနေကြရတတ်ပါသေးတယ်။ အခုအချိန်အထိတော့ မြူ့ စိတ်ကို ချုပ်တည်းထားနိုင်နေသေးတယ်။ လူတွေမရိပ်မိအောင်လောက်သာပဲ ရမ္မက်ဆန္ဒထကြွနေရပါတယ်။ အခုလည်း မြူပိုပြီး မောဟိုက်လာတယ်။ လှုပ်ရှားနေတဲ့လက်ကိုအသာအယာ ဖြေလျော့ချလိုက်တော့ မြူ့လက်ထဲမှာ စေးကပ်နေတဲ့ အနာဂတ်မဲ့မှုများ။
၎။
မြူတို့ရွာကလေးဟာ သိပ်သာယာတာပါပဲ။ ပတ်ဝန်းကျင်မှာလည်းကျေးလက်ဒေသ အနံ့အသက်များဖုံးလွှမ်းလို့ သဘာဝတ ရားကြီးရဲ့ ပြုလုပ်ဖန်တီးလို့မရနိုင်တဲ့ အလှတရားတွေအပြည့်ရှိနေသေးတယ်။ အေးမြတဲ့တောင်ပေါ်လေတဖြူးဖြူးအောက်က လေနုအေးအေးနဲ့အတူ ချယ်ရီပန်းများလည်းပွင့်လို့ တောင်ပေါ်ဒေသပတ်ဝန်းကျင် အလှအပတရားများက ရိုးသွားခြင်း မရှိ မမြဲကြည်နူးလန်းဆန်းစေတဲ့ အရာများပါပဲ။ တောင်တွေလိုကာရံထားတဲ့ ရိုးရာယဉ်ကျေးမှု စည်းမျဉ်းစည်းကမ်းတွေကြား မှာ မြူ့စိတ်ဟာ လွတ်လပ်ပြီး နေလို့မရသလို တကယ့်အပြင်ပတ်ဝန်းကျင်မှာလည်း မြူတို့ပတ်ဝန်းကျင်တခုလုံးကို ကာရံ ထားတဲ့ မားမားမတ်မတ် တောင်များ။ အပြင်ဘက်က လှမ်းမျှော်ကြည့်လိုက်ရင်လည်း တကယ့်အေးချမ်းမှုတွေ စိတ်အေးချမ်းသာယာဖွယ်ရာ အလှတရားများနဲ့ တောင်တန်းတွေ ဟာ မြူနဲ့ မြူ့ပတ်ဝန်းကျင်ကို အုပ်မိုးကာရံထားတယ်။ မြူတို့ အသိုက်အမြုံလေးကို ကာရံထားတယ်။ မြူတို့ တိုင်းရင်းသားတွေကို ကာရံထားတယ်။ ဒါပေမဲ့ အပြင်က တောင်တန်းတွေဟာ မြူ့ စိတ်တွေကိုတော့ လုံးလုံးမကာရံထားနိုင်ပါဘူး။ မြူ့ငယ်စဉ်ဘဝပတ်ဝန်းကျင်မှာ ရိုးရာဆန်တဲ့ ကျေးလက်လူနေမှုပတ်ဝန်းကျင်က အစဉ်အလာတောင်တွေလိုကာရံထားကြပေမယ့် အဲဒီ ကာထားတဲ့ အစဉ်အလာတောင်တွေကို မြူက စိတ်ကူးနဲ့ ဇွတ်ဖယ်ရှားလို့။
ရွာကလေးက သိပ်ကိုအေးချမ်းလှပါတယ်။
ဒါပေမဲ့ ယမ်းငွေ့တွေက သိပ်မွှန်နေတာပဲ။ အေးချမ်းမှုတွေနဲ့ အစဉ်အဆက်တည်ရာ မြူတို့တောင်ပေါ်ဝန်းကျင်ထဲ ယမ်းငွေ့တွေ မှုန်ထူနေတာ သိပ်အကျည်းတန်တာပဲ။ သိပ်ကို အရုပ်ဆိုးတာပဲကွယ်။ မကြာခဏဆိုသလို တောင်တွေပေါ်က ကြားရတဲ့ သေနတ်သံတွေ။ တခါတလေကျတော့လည်း ပတ်ဝန်းကျင်အနီးအနားကလေးကတင်မှာပဲ အသက်လု သွေးချောင်းစီးသေနတ်သံများ။ မြူငယ်စဉ်ကတည်းကကြားနေကျဆိုပေမယ့် ရိုးသွားခြင်းမရှိပဲ အသက်အရွယ် ရောက်လာလေ ပိုမိုကြောက်ရွံ့နေမိတဲ့ အသက်သွေးသံတွေ အယူအဆ အရိုင်းတေးသံတွေပေါ့။ လူ့အသက်ဆိုတာကလည်း ဘယ်လိုအချိန်မျိုးမှာမဆို ပြီးဆုံးသွားတတ် ကုန်ဆုံးချုပ်ငြိမ်းသွားတတ်တာဆိုတော့လည်း အချိန်တိုင်း အသက်တချောင်းအတွက် ကျီးလန့် စာစားနေခဲ့ရတဲ့ တောင်ပေါ်တိုင်းရင်းသားများပါပဲ။
ဒီလို တောင်ပေါ်ဒေသ တောင်ပေါ်တိုင်းရင်းသားများစိတ်ထဲက လွတ်လပ်လိုမှုများ။ အသွေးထဲအသားထဲက အစဉ်အဆက် တောင့်တနေကြတဲ့ တန်းတူညီမျှလိုမှုများ။ တော်လှန်ရေးဆိုတာကို ကိုယ်ယုံကြည်ရာအဓိပ္ပာယ်ဖွင့်ဆို စွဲကိုင်ထားတဲ့အယူ အဆအသီးသီးနဲ့ တိုက်ပွဲများစွာ ဖန်တီးလို့။ မြူတို့ဟာ လွတ်လပ်ရေးကိုသာရသွားခဲ့ပေမယ့် လွတ်လပ်ရေးရပြီးချိန်မှစပြီး တိုင်းရင်းသားလူမျိုးများ သွေးစည်း မညီညွတ်တော့တာကလည်း ယနေ့အချိန်အထိဆိုပါတော့။ တောင်ပေါ်ဒေသ အေးချမ်းတဲ့ ပတ်ဝန်းကျင်ကို အရောင်အမျိုးမျိုးဆိုးနေတဲ့ အဲဒီတိုက်ပွဲတွေ သိပ်မုန်းဖို့ကောင်းတာပဲ။ အပြင်ကတိုက်ပွဲတွေကို ကြောက်နေရရုံမှမဟုတ်တာ။ မြူက စိတ်ထဲကတိုက်ပွဲတွေကိုလည်း တိုက်နေရသေး တာလေ။ မြူ့ရဲ့ လွတ်လပ်တဲ့အတွေးအခေါ်အယူအဆများကလည်း စိတ်နဲ့ တိုက်ပွဲများစွာဖန်တီးထားသလိုပါပဲ။ မြူ အပြင်ကတိုက်ပွဲတွေကို ကြောက်နေရသလို စိတ်ကူးတိုက်ပွဲများကိုလည်း စိတ်ထဲ ကြောက်ရွံ့တုန်လှုပ်နေမိပြန်တာပေါ့။
၅။
အဲဒါတွေ ဖြစ်တဲ့အချိန်တုန်းက မြူအသက်လည်း သိပ်မငယ်တော့ပါဘူး။ ဘဝမှာ အမြဲတမ်း အများနဲ့မတူတဲ့ အယူအဆတွေနဲ့ ပတ်ဝန်းကျင်ကလူတွေကို တိတ်တဆိတ် တော်လှန်နေတဲ့ မြူ အဲဒီအချိန်တွေကို ကောင်းကောင်းမှတ်မိတာပေါ့။ အစဉ်အလာအယူအဆတွေနဲ့ ရှေးရိုးစွဲ ကျေးလက်ပတ်ဝန်းကျင်က မြူ့စိတ်နဲ့မကိုက်ညီတော့တာ ကြာပါပြီလေ။ ပျိုရွယ်ငယ်နုစအရွယ်မှာ စိတ်နဲ့လည်း ကိုယ့်အနီးအနားပတ်ဝန်းကျင်ကို ပုန်ကန်တော်လှန်တတ်ကြတဲ့လူငယ်သဘာဝပဲလို့ ဆိုဆိုပါလေ။ မြူကတော့ မာနစိတ်ကလေး တစွန်းတစနဲ့ ကျေနပ်စွာတော်လှန်လို့ မြူ့ဘဝကို ကျေကျေနပ်နပ်နေထိုင်နေတာပါပဲ။ အဖြစ်အပျက်တွေကလည်း ဖိတ်ခေါ်ထားသလိုကိုရောက်လာခဲ့ပါတယ်။ မြူ့စိတ်က သီးခြားကွဲထွက်နေ ပုန်ကန်ရခြင်းကိုပျော်နေ ဘဝအမှားထဲလွတ်နေတဲ့စိတ်နဲ့နေထိုင်လို့ အမှန်တရားဆိုတာထက် မြူထင်မှတ်နေတဲ့ နတ်ပြည်က တိမ်ပေါ်မှာရှိတယ်ဆိုတဲ့ အစွဲအလန်းတွေနဲ့။ ချုပ်တည်းရတာများလို့ လွတ်ထွက်သွားတဲ့ အခိုးအငွေ့လိုပေါ့။ တင်းကျပ်မှုကို ဖောက်ခွဲပစ်တဲ့ လေပူပေါင်းလိုပါပဲ။ တခါကလို့ပြောရမလားမသိပါဘူး။ အဲဒီ ကြုံလာတဲ့အခြေအနေတခုမှာ မြူဟာ ပျော်ရွှင်စွာလိုက်ပါကခုန်လိုက်မိတော့တယ်။
တောင်ပေါ်မှာ ဆီးနှင်းတွေက ပိန်းပိတ်နေအောင် ကျမနေပေမယ့် မြူတို့တောင်ပေါ်သူတွေတောင် အေးတယ်လို့မှတ်နေရတဲ့မနက်ခင်းစောစောတခုမှာ လေအေးအေးတွေက မြူတို့အားလုံးကို စိမ့်နေအောင် လွှမ်းခြုံထားတယ်။ တပ်မတော်သားတွေဆိုတာကို မြူတို့တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ အနီးအနားကရာကလေးတွေမှာနေတဲ့သူတွေကတော့ လမ်းချင်းမတူလို့ လူချင်းမတွေ့ချင်တဲ့ သူတွေလို့အဓိပ္ပာယ်ဖွင့်ပါတယ်။ ပိတ်ကားပေါ်မှာ မြင်ရလေ့ရှိတတ်တဲ့ မြင့်မြတ်တဲ့စိတ်ထားဆိုတာ စစ်သားတွေမှာ တကယ်ရှိသလားမရှိဘူးလား မြူစဉ်းစားနေမိတယ်။ တောင်ပေါ်ဒေသမှာတော့ မြူတို့လိုတိုင်းရင်းသားများရဲ့ တန်းတူညီမျှရပ်တည်လိုမှုဆိုတဲ့ အယူအဆတွေကသာ အသံပိုကျယ်နေပါလိမ် မယ်။ မြူတို့လည်း ငယ်စဉ်ကတည်းက စစ်သားတွေကိုမတွေ့ချင်ခဲ့ပါဘူး။ အမြဲတမ်းယမ်းနံ့စွဲနေတဲ့ မြူတို့ရဲ့ တောင်ပေါ်ကျေးလက်ဒေသ ရွာငယ်လေးတွေမှာ တောထဲတောင်ထဲ စစ်သားတွေနဲ့တွေ့တယ်ဆိုတာဟာ ကံကောင်းစေတဲ့အတိတ်နိမိတ်တော့မဟုတ်ပါဘူး။ ကျားနာဆိုတာ တွေ့တဲ့သားကောင်ကို အလွတ်မပေးတတ်သလိုပဲ လူမရှိတဲ့တောထဲမှာ လက်နက်ကိုင်စစ်သားတွေနဲ့ တွေ့တာဟာ သိပ်တော့ ကံမကောင်းစေတတ်ဘူးလေ။ သိပ်အေးလွန်းတဲ့ တောင်ပေါ်မနက်ခင်းအအေးဓာတ်တွေဆိုတာကလည်း အဲဒီ တောက်လောင်နေတဲ့မီးတွေကိုငြှိမ်းသတ်စေနိုင်တာတော့ မဟုတ်ပါဘူး။ ဟုတ်ပါတယ်။ အဲဒီနေ့က အဲဒီမနက်စောစော မြူတွေအုံ့ဆိုင်းနေတဲ့အချိန် မြူတို့တောထဲ တောင်ထဲမှာ စစ်သားတွေနဲ့ တွေ့ခဲ့ရပါတယ်။
၆။
ဇာတ်နာဖို့ဆိုတာမျိုးဟာ မြူတို့ကျေးလက်မှာတော့ မြို့ပေါ်မှာထက် ပိုလွယ်ပါတယ်။ တောင်ပေါ်အစွန်းအဖျားဒေသတွေက အမှုအခင်းတွေဆိုတာကလည်း ရုပ်ရှင်ထဲက ထက် အပြင်လောက ပျောက်ပျက်ဖို့ ပိုလွယ်နေပါဦးမယ်။ ထမင်းစားရေသောက် ကိုယ့်အနာဂတ်ကျပျောက်သွားတဲ့ကိစ္စအတွက် မြူတို့ကဘာကို အပြစ်ပုံချရမှာလဲ။ ဘယ်သူ့ကို တိုင်တည်နေကြဦးမှာလဲ။ ကံကြမ္မာက မျက်နှာမပေးလို့ အရောင်မထွက်တိုင်းမွဲတယ်ဆိုတဲ့ နေ့စဉ်ဘဝအဖြစ်အပျက်တွေထဲမှာပဲ မြူတို့က ကိုယ့်ဘဝကိုယ် ရေးသားနေရတာ မဟုတ်လား။ စိတ်ထွက်ပေါက်ဟာ ပိတ်လှောင်နေတဲ့ကြားကပဲ ရုန်းကြွ မြူတို့ကဟားတိုက် ဖောက်ချလို့။ လောကကို ထီမထင် မော့မကြည့်တတ်တဲ့ မာနတွေနဲ့။ မြူတို့ဟာ အရင်က အခြေအနေအဖြစ်အပျက်ကို ပြန်လွမ်းနေတာတော့မဟုတ်ပါဘူး။ ဒါပေမဲ့ မြူတို့အားလုံးဟာ ကြုံလာရမယ့် နောက်တနေ့မနက်ဖြန်တွေမှာ ကိုယ့်မျက်နှာကိုယ်သစ်လိုလှပါသေးတယ်။ မြူတို့ အရှုံးတော့ မပေးခဲ့ပါဘူးလေ။
တဖက်နိုင်ငံဆိုတဲ့စကားကို ရှင်တို့ဘယ်လိုမြင်ပါသလဲ။ အလည်အပတ်သွားစရာနေရာဈေးဝယ်စရာအကောင်းဆုံး နေရာ တခုလို့ ထင်ချင်လည်း ထင်နေနိုင်ပါတယ်။ နှစ်နိုင်ငံ ကုန်စည်များ စီးဆင်းရာနယ်စပ်ကိုရော သင်ရောက်ဖူးပါသလား။ လူကုန်ကူးခြင်းဆိုတာ အဘယ်နည်း။ မြူတို့ကို လိုက်လံဝေငှနေတဲ့ လက်ကမ်း ကြော်ငြာ စာရွက်တွေ။ ကျေးလက်နေ တိုင်းရင်းသာတွေအသိပညာပေးတဲ့ မိုက်ခရိုဖုန်းကထွက်လာတဲ့ ပေါ့ပေါ့ပါးပါး လူအထင်ကြီးလိုမှုတွေ။ ဒီလိုအရပ်ဒေသမှာတော့ တဖက်နိုင်ငံရယ် နယ်စပ်ရယ် လူကုန်ကူးမှုဆိုတာတွေကို ဝင်ငွေလို့သာအဓိပ္ပာယ်ဖွင့်တတ်ကြပါတယ်။ အိမ်ကလေးကနေ အိမ်ကြီးဖြစ်ဖို့ နပ်မမှန်တဲ့ထမင်းလုပ်တွေထဲ ဆီဦးထောပတ်ကလေးထည့်နိုင်ဖို့ဆိုတာ ကလည်း သတ္တိကိုရှေ့တန်းတင်ကြရတဲ့ကိစ္စတွေပါပဲ။ လတ်တလောအခက်အခဲကို ဖြေရှင်းဖို့နည်းလမ်းဆိုတာ နယ်စပ်ဒေသနေ့စဉ်အဖြစ်အပျက်များမှာ သိပ်ခက်ခက်ခဲခဲကြီး ကြိုးစားနေစရာတော့မလိုပါဘူး။ ဘာသာတရားရဲ့အဆုံးအမအောက်မှာ သင်နေထိုင်ဖူးခဲ့ရင်တော့ မြူ့စကားလုံးတွေက ခါးသက်ကောင်းခါးသက် နေပါလိမ့်မယ်။ သင်တို့ လူကုန်ကူးခံရဖူးပါသလားဆိုတဲ့မေးခွန်းနဲ့ လူကုန်ကူးခံနေရပြီဆို ဘယ်ဖုန်းနံပါတ်ကိုဆက်သွယ်ပါဆိုတာကို မြူတို့မသိပါဘူး။ မြူတို့သိတဲ့ဖုန်းနံပါတ်ဆိုတာက လမ်းဘေးက လူခေါ်တဲ့ ကြော်ငြာဘုတ်တွေမှာ လွယ်လွယ်ကလေး ကပ်ထားပါတယ်။ ဟုတ်တာပေါ့ မြူတို့ဟာ တချို့သူတွေ မထင်မှတ်လောက်တဲ့ အခြေအနေတွေနဲ့ ဘယ်သူမှတွေးဖူးမှာမဟုတ်တဲ့ အတွေးမျိုးနဲ့ ကိုယ့်ကိုကိုယ် ရောင်းစားလို့ရတဲ့ငွေကို ကျေနပ်စွာယူပြီး တဖက်နိုင်ငံကို မြူတို့ အေးဆေးစွာဝင်ရောက်လာခဲ့ပါတယ်။
၇။
ရုပ်ရှင်ပိတ်ကားတွေပေါ်မှာတော့ သုံးနှစ်ခန့်ကြာသော် စာတန်းဟာ အိပ်ငိုက်နေတတ်တဲ့အချိန်မှာ ထထိုးတတ်ပါတယ်။ နိုင်ငံတော်အလံကို အလေးပြုပါ။ ပြီးတဲ့အခါ ကိုယ့်ဘဝနဲ့ကိုယ်မှာ အနာဂတ်ကို ရိုးသားစွာ ကြိုးစားအားထုတ်ပါ။ အဲဒီလို မြူတို့ဖတ်ခဲ့မိဖူးတဲ့ စာတွေကလည်း စာအုပ်တွေထဲမှာပဲ ကျန်ရစ်နေတတ်ကြပါတယ်။ မြူတို့ဘဝ အဓိပ္ပာယ်မှာက သည်းခံမှုတွေပါတယ်။ စောင့်ဆိုင်းနေရမှုတွေရှိတယ်။ မှောင်နေတဲ့အခန်းထဲလည်းမဟုတ်သလို အလင်းရောင်ကောင်းစွာရရှိတတ်တဲ့ နေ့ရက်တွေတော့လည်း မဟုတ်ခဲ့ပါဘူး။ မြူသည်းခံခဲ့ရပါတယ်။ မြူ အချိန်တစ်ခုထိ အဲဒီမှာရှိနေ စောင့်ဆိုင်းနေခဲ့ရတယ်။ ဒီနေရာမှာ ရမ္မက်ရဲ့ ကျေးကျွန်ဆိုတဲ့စကားကို ကျေးဇူးပြုပြီး မြူ့အတွက် မသုံးကြပါနဲ့။ မြူတို့ဟာ တန်ရာတန်ဖိုးတစ်ခုအတွက် တန်ရာတန်ကြေးကို ကျေနပ်စွာပေးဆပ် စိတ်ရှည်စွာ စောင့်ခဲ့ကြသူတွေပေါ့။ အချိန်တော့ နည်းနည်းကုန်သွားပါတယ်။ ငြီးငွေ့စွာ ဖြတ်သန်းကျော်လွှားခဲ့ရတဲ့နေရက်တွေပါပဲ။ မြူကတော့ အချိန်တိုင်း အချိန်တိုင်း မြူတို့ဇာတိ ရွာကလေးကိုပြန်ချင်နေတုန်းပါပဲ။ ဘယ်လိုပဲ အခြေနေတွေကြုံနေရပါစေ မြူပြန်ဖို့ကြိုးစား အားထုတ်ခဲ့တာချည်းပါပဲ။ အဲတာကလည်း သိပ်ခက်ခဲတဲ့ ကိစ္စတစ်ခုတော့ မဟုတ်ခဲ့ပါဘူး။
တဖက်နိုင်ငံမှာတော့ နှစ်အနည်းငယ်ကြာတဲ့အခါ မြူဆိုတဲ့ မိန်းကလေးဟာ ကျလူဖြစ်သွားမှာပဲမဟုတ်လား။ မြူ့အသွေး အသားတွေက တစစခန်းခြောက်သွားမှာပဲ မဟုတ်လား။ သူတို့ ရိုးအီသွားကြမှာပါပဲ။ မြူ့ထက်ပိုပြီး လတ်ဆက်သောချိုမြိန်သော သစ်သီးတွေ ရာသီအလိုက် ပေါ်နေဦးမှာပါပဲ။ နှစ်စဉ်နှစ်တိုင်း မြူ့လိုမိန်းကလေးတွေ တဖက်နိုင်ငံကို ရောက်နေဦး မှာပါပဲ။ မြူဆိုတဲ့ တချိန်က အလွန်ချိုမြိန်ဖူးခဲ့တဲ့ သစ်သီးတလုံးကလည်း အချိန်တခုမှာ နွမ်းလို့ ဖျော့ကျနေခဲ့ပါပြီလေ။ အခု မြူပင်ပန်းလှပါပြီ။
မြူ့အတွက်က လွယ်ကူစွာ ဖြတ်သန်းလာခဲ့တာမဟုတ်သလိုပဲ သိပ်မွန်းကျပ်ပိတ်လှောင်ခဲ့တာမျိုးတော့ မဟုတ်ပါဘူး။ မြူ တည်ငြိမ်စွာ ဖြတ်ကျော်ဖို့ ကြိုးစားခဲ့တာပါ။ အခုအချိန်မှာတော့ မြူ့စိတ်က ဘာကိုမှမတွေးလွတ်လပ်တဲ့ လေကိုသာမွတ်သိပ်လို့ ခြေလှမ်းများကလည်း မြူတို့အရပ်ဒေသ တောင်ပေါ်ရွာကလေးဆီပဲလှည့်လို့ အိမ်ပြန်ရောက်ချင်စိတ်နဲ့သာ အသက်ရှင်နေရတာမျိုးပါ။ မြူ အားမငယ်ပါဘူး။ အခုမြူအားတွေရှိနေပြီလေ။ လောကထဲ ဖြတ်သန်းဖို့ အသိတွေရှိခဲ့ ရခဲ့ပြီးပြီလေ။ အခုမြူဟာ အရင်လို မနူးမနပ်ကောင်မလေးတယောက်မှ မဟုတ်တော့တာ။ အဲဒီနှစ်တွေမှာ မြူ အတော်အတန်တော့ ရင့် ကျက်ခဲ့ပြီးပါပြီ။
၈။
မြူတို့ အရပ်ဒေသမှာတော့ ဟိုးအရင်ကအတိုင်းပါပဲလေ။ တောင်ပေါ်မှာ မြူနှင်းတွေ ဝေနေသေးသလိုပါပဲ။ မြူလာခဲ့ရာ လမ်းတလျှောက် မနက်ခင်းအလင်းရောင်ဟာ ပါးလျလျသာတိုးကပ်လို့ အနာဂတ်အသစ်များလည်း အလင်းထဲမှုန်ဝါးဝါး စတင်မြင်တွေ့ရလို့ မြူ့ခြေလှမ်းတွေဟာ အိမ်အပြန်လမ်းပေါ်မှာ တောင်ပေါ်ဒေသ မြူတွေနဲ့အတူ လွင့်နေတယ်။ မြူ့စိတ်ကလည်း သိပ်ကိုပေါ့ပါးလွတ်လပ်နေပါတယ်။ အော် လူတွေကတော့ပြောကြမှာပါပဲ။ မြူသိပ်ကို ကံဆိုးခဲ့ပါလား ဇာတ်နာခဲ့တယ် ဆိုတဲ့အကြောင်းကိုပဲ ပြောချင်ပြောနေကြမှာ။ ဒါပေမဲ့ ဒီလိုအဖြစ်အပျက်မျိုးတွေဟာ မြူတို့ပတ်ဝန်းကျင်မှာသာ ရှားပါးနေခဲ့တာ။ နယ်စပ်ဒေသလိုနေရာမျိုးမှာတော့ ကြုံနေကျမို့ ရိုးစင်းလွန်းနေပါပြီ။ မြူလည်း ကြုံနေဖြစ်နေ လက်ခံနေတဲ့ လူမှုဘဝ နေ့စဉ်ပတ်ဝန်းကျင်ထဲက ပြန်လာခဲ့တဲ့လူတယောက်ပါပဲ။ အခု မြူ့မှာ အနာဂတ်ကိုမျှော်ကြည့်လို့ရမယ့် ငွေကြေး တစုံတရာနဲ့အတူ တဖက်နိုင်ငံသားက မလိုချင်လို့ မြူနဲ့အတူ ထည့်ပေးလိုက်တဲ့ မြူ့ရင်သွေး သမီးလေးပါလာပြီလေ။ မြူကျေနပ်ပါတယ်။ သမီးလေးအတွက် မိဘနှစ်ပါးဆိုတဲ့ဂုဏ်ပုဒ်ထက် လွတ်လပ်တဲ့ဘဝဆိုတာကို မြူရယူပေးနိုင်တော့မှာလေ။ ရွာမှာသမီးလေးကို မြူစောင့်ရှောက်ရဦးမယ်။ မြူသွန်သင်ပေးရပါဦးမယ်။ အခု မြူ့မှာ အနာဂတ်ရှိနေပါပြီ။ မြူ့ အနာဂတ်ဆိုတာကလည်း မြူ့သမီးလေးရဲ့အနာဂတ်ပါပဲ။ မြူ သမီးလေးကို မြူတို့ရွာကလေးကို ခေါ်သွားရဦးမယ်။ သူ့ကို တချိန်ကျရင် မြူ ပြောပြရဦးမှာပေါ့။ မြူဘာတွေဖြစ်ခဲ့ပြီး သမီးလေးကို ရွာအထိ ဘယ်လိုပျော်ရွှင်စွာခေါ်လာခဲ့တယ်ဆိုတာ ကို။
နိုလှိုင်း
၂၀၁၆ သြဂုတ်လ ၁၀
ည ၁ နာရီ ၁၅