![]() |
၂၀၁၄ တုန်းက စောငိုကာတွန်းပါ။ |
ဖွတ်ကလေး၊ တိပ်ပတ်အီကြာအော်နှင့် ခက်သေးကျည်ထောင်ပုကြီး
အီကြာအော်၊ (မိုးမခ) ဇွန် ၆၊ ၂၀၁၇
ခက်သေးရွာကြီးကား နာမည်နှင့် လိုက်အောင်ပင် မခက်လျှင်မနေနိုင်သော ရွာကြီးပင်ဖြစ်သည်။ ခုလည်း လက်နက်ပိုင်များက ဗြိတိရှကိုကိုပြောင်ကို သရော်စာရေးမှုနှင့် တရားစွဲသဖြင့် ဖမ်းထားပြီဟုဆိုသည်။ သရော်စာရေးရန်ပင် အတော်ခက်သော ခက်သေးရွာကြီးပင်ဖြစ်သည်။
”ဆရာအော် ပါးစပ်မှာ တိပ်ကြီး ပတ်လို့ပါလား…၊ တိပ်ပတ်ဆရာတော်ကို အားကျလို့ထင်တယ်”
ခက်သေးရွာလယ်ကောင်တွင် ပါးစပ်ကို တိပ်ပတ်ထားသော အီကြာအော်ကို တပည့်ကျော် ဖွတ်ကလေးက ပြောလိုက်လေသည်။
အီကြာအော်က တိပ်ကို လက်ဖြင့် အသာလေးခွာလိုက်ပြီး
”ရှူး တိုးတိုး ပြောကွ..၊ ရှော့ ရှိတယ်…..၊ အိမ်ရောက်မှ ပြောမယ် လာ လိုက်ခဲ့”
ဤသို့ဆိုလျှင် ဖွတ်ကလေးလည်း အီကြာအော်နောက်မှ အသာလေး လိုက်သွားလေတော့သည်။ အိမ်ရောက်သောအခါ ပါးစပ်မှတိပ်ကို အီကြာအော်က ဖြုတ်လိုက်လေသည်။
”အောင်မယ်လေး အသက်ရှူကြပ်လိုက်တာကွာ…၊ မောလိုက်တာ။ တိပ်ပတ် လမ်းလျောက်ရတာ အတော်မလွယ်တဲ့ကိစ္စပဲ…၊ ငါ့မှာက မာစီးဒီး လှူမယ့် ဒကာလည်း မရှိတော့ လမ်းပဲလျောက်ရတာ..၊ ခက်သေးရွာမှာ အသက်ရှူရတာတောင် ခက်လာပြီ”
”နောက်ကျရင် ကျုပ်တို့ ခက်သေးရွာမှာ အသေရတောင် ခက်လာမလားမသိဘူး ဆရာအော်”
”အေးပေါ့ကွ…၊ ခုတောင် ကိုကြော်သူတန်ခိုးနဲ့ သေမှ ကားစီးဘူးတဲ့သူတွေ တို့ခက်သေးရွာမှာ မနည်းပေဘူး”
”ဒါနဲ့ ဆရာအော် ဘာလို့ တိပ်ပတ်ထားတာလည်း ပြောပါဦး”
”မင်း… သရော်စာရေးတဲ့ ဗြိတိရှ ကိုကိုပြောင်ကို သိတယ် မဟုတ်လား”
”သိတာပေါ့ ဆရာအော်ရဲ့…၊ သူရေးတာတွေက အတော်ရီရတယ် ”ဗြိ”တယ်လေ”
”အခု သူ့ကို ပုဒ်မ ၆၆ဃ နဲ့ ဆွဲ စိထားပြီ”
”ဟုတ်လား…၊ ဘာဖြစ်လို့လည်း ဆရာအော်၊ ပုဒ်မ ဆိုတော့ ပုဒ်ထီးရော ရှိသေးလား”’
”လက်နက်ပိုင်တွေကို သူက ”ကျည်ထောင်ပု” ဆိုတဲ့ သရော်စာနဲ့ သရော်ထားလို့ ရဲက ဖမ်းထားတာတဲ့”
”လက်နက်ပိုင်တွေက သရော်စာဆိုတာ မသိဘူးလား ဆရာအော်”
”မသိပါဘူးကွာ တို့ခက်သေးရွာမှာက စာမဖတ်တတ်ကြတာလည်း ခက်တယ်ကွ၊ ပြင်ညာရေးစံနစ်ကြောင့် အကုန်ခက်ကုန်တာပေါ့ကွာ”
ခက်သေးရွာ၏ အလွတ်ကျက်ပြင်ညာရေးကြောင့် ခက်သေးရွာသားများက စာဆိုလျှင် ရေးထားတိုင်း အဟုတ်ထင်ကုန်တော့ ခက်ပေသည်။ သရော်စာကို အတည်ယူ၍ မဗြိနိုင်ပဲရှိကြသည်မို့ ဂွိသူတွေ ဂွိကြသည်။
”အော် ဆရာအော်က ဆွဲစိခံရမှာကြောက်လို့ ပါးစပ်ကို တိပ်နဲ့ ပတ်ထားတာကိုး”
”ငါက မနေနိုင်လို့ ပြောမိရင် ငါလည်း “ဗြိ” သွားမှာပေါ့”
”ဆရာအော်လည်း တခါတည်း နာမည်ကြီးသွားပြီး ”ဆယ်လီအော်” ဖြစ်သွားနိုင်တယ်”
”မင်းဖာသာမင်းပဲ ”ဆယ်လီဖွတ်” လုပ်ပေါ့..၊ ဆယ်လီလည်း မလုပ်ချင်ဘူး… ငါ့ကို ဆွဲမထည့်နဲ့”
အီကြာအော်က မတောက်တခေါက် သရော်စာရေးသူမို့ ဘယ်နေ့ ၆၆က ခြေထောက်ပေါက်ပြီး တံခါးခေါက်လေမလည်း စိုးရိမ်နေရသည်။ တော်ကြာ ရဲစခန်းက ”ဆရာအီကြာအော်… ခန ကြွခဲ့ပါ”..ဆိုလျှင် မခက်ပေဘူးလား။ ခက်သေးရွာသားအများစုကဲ့သို့ သူလည်းလေ လောကီခက်သေးသားပေမို့ အီကြာအော်က ကြောက်တတ်ပေသည်။
‘ ဒါနဲ့ ဗြိဆရာပြောင်က ဘာတွေများ သွားရေးလို့လည်း”
”လက်နက်ပိုင်လူကြီးတွေက တဘက်နဲ့တဘက် အောက်လက်ငယ်သားတွေကို ဆော်ပလော်တီးခိုင်းပြီး သူတို့ချင်းကျတော့ လည်ပင်းဖက် ဆယ်ဖီးရိုက် စားကြတယ်ဆိုလား”
”ဟုတ်တာတွေရေးထားများဗျာ…၊ လက်နက်ပိုင်ရင် ထောတာ ဘာကြောင့်လည်း ဆရာအော်”
”မင်းကလည်းကွာ ခက်သေးသားပြီပြီ အိပ်ချင်ယောင်ဆောင်နေစမ်းပါ…၊ ဒီမှာ…၊ ငါ့လို တိပ်နဲ့ ပါးစပ်ပိတ်ထား”
”သူ ရေးထားတာလည်း ဟုတ်သားပဲလေ…၊ ကျည်ဆံတွေ ထောင်နေရင် ခေါင်းပုထားရတာ၊ ကျည်ထောင်လို့ မပုရင် တလောက ခက်သေးရွာလယ်ကောင် ဆိုင်ကယ်စီးလာတဲ့သူလို မျက်စေ့လည်လာတဲ့ ကျည်ဆံနဲ့တွေ့ပြီး ဆွေမျိုးမေ့သွားမှာပေါ့ ဆရာအော်ရဲ့”
တလောက ခက်သေးရွာသတင်းအရ မန်းလေးရပ်ကွက်ထဲ ဆိုင်ကယ် စီးလာသူတဦး မျက်စေ့လည်လမ်းမှားလာသော ကျည်ဆံနှင့် နဖူးတွေ့ဒူးတွေ့ ရွာလမ်းလယ်တွင် တည့်တည့် တွေ့ကြသည်ကြောင့် မာလကသွားရှာသည်။ ခက်သေးရွာကြီးတွင်ကား ဆိုင်ကယ်စီးရသည်တောင် ခက်နေပေသည်။ ခက်သေးရဲများကား ကမ္ဘာကျော် စကော့တလန်ယဒ်တောင် အရှုံးပေးရလောက်အောင်ပင် ချက်ခြင်းလို ကောက်ချက် ဆွဲနိုင်ပေသည်။ ထို ကျည်ဆံကား မျက်စေ့လည် လမ်းမှားလာသည် ဟူသတတ်။
”ဟေ့ကောင် ဖွတ်ကလေး မင်းလည်း ဆိုင်ကယ်စီးရင် သတိထားဦး…၊ မော်ဒယ်မလေးတွေနဲ့မတွေ့ပဲ မျက်စေ့လည်ခိုင်းထားတဲ့ ကျည်ဆံတွေနဲ့ တွေ့နေဦးမယ်”
”ဆရာအော့တပည့်ပဲ အရှောင်အတိမ်းမှာ ကျွမ်းပါတယ်”
‘အမေပုကရော ဘာမှ မပြောတော့ဘူးလား ဆရာအော်”
”မင်းကလည်းကွာ အမေပုလည်း ကျည်ဆံတွေကြားထဲ ကြိုးစားပြီး ခေါင်းပုနေရတာ…၊ မတော် မျက်စေ့လည်ခိုင်းထားတဲ့ လူငယ်တွေနဲ့ တွေ့မှာ စိုးရိမ်သကွ…၊ တလောက လူငယ်တယောက် မျက်စေ့လည်ပြီး နေပူတော်က ပရဆေးပင်တွေကြားထဲ ကိုယ်ရောင်ပျောက်သွားတယ် မဟုတ်လား”’
”အင်း…၊ အပုမတော် တလှမ်းဖြစ်သွားရင် မလွယ်ဘူးနော် ဆရာအော်”
”အေးကွ တို့ခက်သေးရွာက စာရေးဆရာတွေလည်း အရေးမတော် တပုဒ်နဲ့ လက်ထိပ်နမ်းရသူတွေ မနည်းတော့ဘူး”
”ခက်သေးရွာမှာ အမေပုတို့ တက်ပြီးရင် ပြောင်းလဲပြီဆို ဘာတွေများ ပြောင်းလဲသွားလည်း မသိဘူး ဆရာအော်’
”ပြောင်းလဲတာကြည့်ချင်ရင် ခက်သေးရွာထိပ်က ပြောင်းခင်းထဲသာ သွားကြည့်ပေတော့ ဖွတ်ကလေးရေ”
”အမေပု ခမျာလည်း ရွာလူကြီးဟောင်းတွေကို ချော့နေရတာနဲ့ တို့ခက်သေးရွာလည်း ခက်ကြီးရွာလို့ နာမည်ပြောင်းရမလို ဖြစ်နေတယ်”
”ခက်ရှုပ်မှူးကြီးရွာဆိုရင်ကော ဆရာအော်”
”မင်းပြောတာနော် …၊ ငါမပါဘူး”
ခက်သေးသားတို့ထုံး နှလုံးမူပြီးသကာလ အီကြာအော်က ကိုယ်လွတ်ရုံးတော့သည်။ သူလည်း ဗြိမှာ ကြောက်နေရသည် မဟုတ်ပါလား။
”ဗြိဆရာပြောင်ရဲ့ စာမှာ သရော်စာလို့ ရေးထားတယ် မဟုတ်ဘူးလား ဆရာအော်ရဲ့”
”အေးလေ ရေးထားတာပေါ့…၊ အဲဒါကြောင့် မရိုမသေ သရော်ဦးဆိုပြီး တရားစွဲတာနေမှာ”
”ဆရာအော်လည်း သတိထားပြီးရေးဦးနော်…၊ အရေးမတော် ဗြိ နေဦးမယ်”
”အေးပေါ့ကွာ…၊ ခက်သေးကျည်ထောင်ပုကြီးဆိုတော့ ငါလည်း ၆၆ မျက်စေ့လည် အလည်မလာအောင် ကလောက်ထောင်ပြီး ပုရပေဦးမှာပေါ့”
ထိုစဉ်တွင် မီးဖိုချောင်ထဲမှ ဒေါ်အွန်မေးထွက်လာပြီး
”ကိုအော်ရေ… ကျည်ထောင်တာတွေ ကျည်လှဲတာတွေ လုပ်မနေနဲ့ဦး…၊ အဲဒါတွေနဲ့ သူတို့လို ကျုပ်တို့က ထမင်းမစားရဘူး…၊ အခု… ဆီနဲ့ဆန်နဲ့က ပြတ်သွားပြန်ပြီ…၊ ကိုခိုနီဆိုင်မှာ ထုံးစံအတိုင်း အကြွေးနဲ့ သွားဝယ်ပေးပါဦး”
ဤသို့ဆိုလျှင် အီကြာအော်လည်း လိုအပ်သည်ကို ညွှန်ကြားသည့် ဒေါ်အွန်မေးအမိန့်တော်ကြောင့် မနေသာတော့ပဲ ကျည်ထောင်ပုခက်သေးရွာလယ်ကောင်သို့ အရဲစွန့် ဇက်ကလေးပုကာ ဆန်၊ ဆီ အကြွေးဝယ် ထွက်တော်မူရလေတော့သတည်း။ ။
သဗ္ဗေသတ္တာကမ္မသကာ
အီကြာအော်