ဝင်းအောင်ကြီး (မောင်အောင်မွန်) – မုန့်ဟင်းခါးတစ္ဆေနှင့် ပြည်ဝင်ခွင့်ဗီဇာ

 
ဝင်းအောင်ကြီး (မောင်အောင်မွန်) –  မုန့်ဟင်းခါးတစ္ဆေနှင့် ပြည်ဝင်ခွင့်ဗီဇာ

ကျနော်တွေးမိသလို ရေးပါမည် (၂၅၈)
(မိုးမခ) မေ ၂၉ ၊ ၂၀၁၇

(၁)
ကလေးဘ၀က ရွာမှာညဘက်ကစားကြရင်း၊ မမသန်းရင် တစ်ပဲဖိုးဆိုတော့ ဆိုင်မဟုတ်ဘူးဟဲ့ဆိုကာ အလကား ကျွေးလိုက်တဲ့ ငါးပြုတ်ရည်နဲ့ မုန့်ဟင်းခါး ၊ တကယ့်ဟင်းမဖြစ်သေးဘူ။ အသက်နည်းနည်းကြီးလာ တော့ ဆိုင်မှာစတိုင်နဲ့ထိုင်စားရပြီ။ ဘူးသီးကြော်၊ ပဲကြော်၊ ငါးပေါင်းကြော် ကြိုက်ရာရွေး–ပြီတော့ နံနံပင်တွေ ဘာတွေနဲ့၊ စားပြီးသွားတော့ ဟင်းရည်တောင်းသောက်လိုက်သေး။ မုန့်ဟင်းခါး ၁၀ ပြား၊ အကြော် ၅ ပြား၊ စုစုပေါင်း ၁၅ ပြား။
(၂)
၁၉၇၁ ခု၊နှစ်က မြန်မာတစ်ပြည်လုံး ပြည်သူ့အားကစားလှုပ်ရှားမှု ပထမရတဲ့ ဟင်္သာတမြို့အကြောင်း အသံလွှင့်ဖို့ အား-ကာမှ တက္ကသိုလ်စိုးဝင်းနဲ့ သွားကြတော့ တစ်သက်မေ့မရတဲ့ မုန့်ဟင်းခါးစားရပြန်ပြီ။ ဘဲဥပြုတ်၊ ဘူးသီးကြော်၊ ပဲကြော်၊ငါးဖယ်ကြော်အပြင် ငါးသလောက်ဥ ပါထည့်စားလို့ ပြည့်မောက်နေတဲ့ ပန်းကန်ထဲ မုန့်ဖတ်ပျောက်ကာ ဆိုင်ရှင်က ဟင်းရည် အကြိမ်ကြိမ် ထပ်ထပ်ထည့်ပေးရပုံကတော့ တစ်သက်တာ စားဖူးသမျှ မုန့်ဟင်းခါးတွေထဲ အဆင့်အမြင့်ဆုံး။
ဆရာတင့်တယ်ရဲ့ ၀တ္ထုထဲ မုန့်ဟင်းခါး အကြောင်း ရေးထားတာ ဖတ်ရင်း စာလုံးမည်းတွေက မုန့်ဖတ်ဖြူဖြစ်၊ ငှက်ပျောအူတွေက အငွေ့တထောင်းထောင်းနဲ့ ခုန်ထွက်လာသလိုလည်း ခံစားဖူးပါရဲ့။သြော် တံခိုးကြီးပါဘိ မုန့်ဟင်းခါး။
(၃)
မြန်မာပြည်တစ်နံတစ်လျား ဒေသအလိုက် သူ့နည်းသူ့ဟန်နဲ့ မုန့်ဟင်းခါး စားကြပုံများ ကြည့်၊ ပဲသီးစိမ်း၊ ခရမ်းချဉ်သီး၊ ငါးချဉ် ထည့်စားသူများ၊ နံနံပင်နေရာမှာ ပူတီနံ အစားထိုးသူတွေကလည်းမရှား။ ဟော အညာကျတော့ ပဲကိုအားထားကာ မုန့်ဟင်းခါးဟင်းချက်စား။
ငါးဖိန်းနဲ့ချက်တဲ့ အင်းသားတို့ရဲ့ရှမ်း မုန့်ဟင်းခါး၊ ငါးပိကဲတဲ့ မွန်တို့နဲ့အပြိုင် ရခိုင်တို့ရဲ့ အာပာလျှာပူ မုန့်ဟင်းခါး ကြုံဖူးတာတွေ ဖတ်ဖူးတာတွေ စုံလင်လှပါဘိ မုန့်ဟင်းခါး။
သို့သော်လည်း နှလုံးသားနဲ့ စားရတဲ့မုန့်ဟင်းခါးကတော့ ကိုယ်တွေ့။
မိမိ အင်မတန်သဘောကျနေသူလေးရဲ့အိမ်က ဖိတ်လို့စားဖို့သွား ပန်းကန်ထဲ မုန့်ဖတ်ကို ဟင်းရည်မထည့်ဘဲ မွှေလိုက်နယ်လိုက်လုပ်နေလို့၊ သူလေးက မျက်စောင်းထိုးကာ လာပြင်ပေးစဉ် သူ့အဖေကြီးမြင်သွားလို့ မုန့်ဟင်းခါး ရေးတဲ့ဖူးစာ မဖြစ်လိုက်တာလည်း ကြုံဖူးပါရဲ့ဗျား။
Radio Moscow မှာအလုပ်လုပ်ကြရင်း ဆိုဗီယက်ယူနီယန်ရောက်ခိုက် ကိုတင့်ဝေက ဟန်ဂေရီကြက် အိန္ဒိပဲနဲ့ ဟင်းချက်၊ အီတလီက မာကိုရိုနီကို မုန့်ဖတ်လုပ်၊နံနံပင်နဲ့တူတဲ့ ရုရှပန်းရွက်စိမ်းထည့်ကာ နိုင်ငံတကာ မုန့်ဟင်းခါးဆိုတော့၊ မခံနိုင်တဲ့ငါးတွေ ဟင်းထဲပါခွင့်ရရေး တန်းစီစောင့်စားနေကြတဲ့ ငါးခူး၊ ငါးကျည်းတို့ကြား ငါးသေတ္တာထဲက မက္ကစီကိုငါးတွေလည်းမရှား။
သြော် ကမ္ဘာအနှံ့မုန့်ဟင်းခါး။
(၄)
နေ့တိုင်းသာ မုန့်ဟင်းခါးနဲ့ဆို တလလုံးဥပုသ်စောင့်မယ် ဆိုတဲ့မွတ်စလင်မလေးရဲ့စကား၊ သူ့သူငယ်ချင်း မကျင်လွမ်ကတော့ မုန့်ဟင်းခါးထဲ အီကြာကွေညှပ်ပြီးထည့်စား။ ဘယ်နေရာမှာ ဘယ်သူ ဘာနဲ့စားစား မခွဲခြားဘဲ အားလုံးပေါ် တန်းတူမေတ္တာထားတဲ့ အမြော်အမြင်ကြီးမားပါဘိ မုန့်ဟင်းခါး။
ဇနီးချက်တဲ့မုန့်ဟင်းခါး၊ သမီးလက်တည့်စမ်းတဲ့မုန့်ဟင်းခါး၊ ဗမာယောက်ျားနဲ့ရလို့ ကြိုးစားထားတဲ့ ဂျပန်မလေးလက်ရာ မုန့်ဟင်းခါး၊ ဘယ်သူ့မှအားမကိုဘဲ ရေးနွေးအိုးတည် အထုပ်လေးဖွင့် အသင့်စားလို့ရတဲ့ Ready Made မုန့်ဟင်းခါး–စသဖြင့် အမျိုးစုံစားလာခဲ့တာ ၇၅ နှစ်ကျော်လာပြီ။ ခုမှပေါ်လာတာက ကျနော်အင်မတန်ကြိုက်တဲ့ ကြက်ဟင်းခါးသီးနဲ့ မုန့်ဟင်းခါးစားဆိုပဲ။
ခါးနှစ်ခါး တွဲလို့ ဖြစ်နိုင်ပါ့မလား သိချင်စမ်းပါဘိ။
ပြောင်းလာတဲ့ခေတ်ကိုး၊ ကြည့် ယောင်္ကျားချင်းယူကြ မိန်းမနှစ်ယောက်ကလည်း လင်မယား၊ ဒီတော့ ကြက်ဟင်းခါးသီးနဲ့ မုန့်ဟင်းခါးလည်း ခါးချင်းထပ်မြတ်၊ ခါးချင်းထိငြိ၊ ခါးချင်းပူးထူးပေါ့၊ မဟုတ်ဘူးလား။ အင်း မုန့်ဟင်းခါးရူး မြူးပြီးရမ်းကာ ကျနော်သွားစားမိပြီ။
(၅)
ဘာလုပ်ရမှန်း မသိလေကြောက်လေလေ၊ ဒါ့ကြောင့် အိပ်ပျော်သွားတော့ ကြောက်စိတ်နဲ့သေသွားပြီ၊ အစွဲကြောင့် မုန့်ဟင်းခါး တစ္ဆေဖြစ်သွားတယ်။ ထမင်းလုံးတစ္ဆေထက် မုန့်ဟင်းခါးတစ္ဆေက ပိုပြီးအဆင့်မြင့်မည် ဟန်ကျပြီ- စူးစမ်းဖို့ရာ ပြည်မြန်မာကိုအသွား၊ ပြည်တော်ဝင်ခွင့် ဗီဇာမပါလို့ မင်္ဂလာဒုံလေဆိပ်မှာ တားသူကြီး စီးထားတာက လားလား ငါ့ကိုမြောင်းထဲ ကန်ချတဲ့ ဖိနပ်မျိုး။
တစ္ဆေက လူကိုကြောက်နေရပြီလား၊ နည်းနည်းခြောက်ကြည့်ရ ကောင်းလေမည်လား။ ဗမာလို စကားပြောလို့တော့ အရသား၊ ကျုပ်ကတစ္ဆောပါဆိုတော့ သင်္ချိုင်းတွေပျောက်လို့ ပြည်တွင်းတစ္ဆေတွေတောင် ဟိုရောက်ဒီရောက်နဲ့ ဘုံတွေမလုံလောက်တဲ့။
မုန့်ဟင်းခါး သန့်စင်မွေးဖွားရာ ဘူမိနက်သန်မှာ ကြက်ဟင်းခါးသီးနဲ့တွဲစားသူ ရှိမရှိ တစ္ဆေမျက်စိနဲ့ ရှာအကြည့်၊ မြင်လိုက်ရတာက အဲဒီလို စစ်ဖိနပ်တွေ ပခုံးပေါ်ထမ်းကြ ခေါင်းအထက်ရွက်ကြ၊ ရင်ခွင်ပိုက်ကြနဲ့ လူတွေ အများကြီး။ ငါဟဲ့တစ္ဆေလို့ ကြောက်စိတ်ဖယ်ကာ ဖြဲခြောက်ကြည့်တော့ ဟေ့ ဟေ့ ငါတို့မျိုးချစ်မျက်ကန်း တစ္ဆေမကြောက်လို့ ပြိုင်တူအော်ကြလေပြီ။
(၆)
တက်ကြွဆန္ဒစောသူ တယောက်က ဖိနပ်နဲ့ပစ်ပေါက်လိုက်လို့ ရှောင်တိမ်းခုန်အလိုက် ကျနော်လည်း တစ္ဆေတံခိုးပြယ်ကာ ပြန်အကျ၊ အိပ်ယာပေါ်ဆန့်ဆန့်လေး။ ဒါပေမယ်လို့ အိုတစ္ဆေ ငါမသေ၊ လူပြန်ဖြစ်လာပြီ။
လူလူ မုန့်ဟင်းခါးက မခွဲမြမခြား အကုန်လုံးအား တန်ဖိုးထားတဲ့လူ၊ အသက်ရှင်နေသေးသလား ဖြည်းဖြည်း မ၀ံ့မရဲနဲ့ အသက်ရှူကြည့်တော့ နှာခေါင်းထဲ အပြေးလေးဝင်လာတာက မုန့်ဟင်းခါးဟင်းအနံ့သင်းသင်းဗျား။
၂၀၁၇ ခု၊ မေလ (၂၈)ရက်နေ့