(မိုးမခ) မေ ၂၅၊ ၂၀၁၇
မောင်ဥက္ကလာတယောက် မိုးမခစာပေစင်မြင့်က ပျောက်ကွယ်နေလို့ ဖျားနေလား၊ ကားနေလား။ ဗရမ်းဗတာ မျိုးချစ်တွေကို ကြောက်လို့ ပုန်းရှောင်နေလား။ နိုင်ဂံဂျားရှောင်တိမ်း အလုပ်သွားလုပ်နေလား။
ဒုတိယအကြိမ် အလွန်ငိုက်လို့ကောင်းတယ်ဆိုတဲ့ စစ်နဲ့ငြိမ်းချမ်းရေး ပလုံညီလာခံ စာတမ်းရွက်ဆိုပွဲကြီးကို တက်ချင်လို့ မြန်မာ့အရေးစောင့်ကြည့်သူ (ဘာမှမလုပ်တတ်လို့) ဆိုကာ စာတမ်းဘာတမ်းတွေ ရေးခြစ်နေလား – စဉ်းစားမိတဲ့ ခေါင်းစဉ် တွေက “ကိုယ်ကျိုးစီးပွားစစ်”၊ “လက်နက်ကိုင်မှ ချမ်းသာမည်”၊ “ရော့ပတ္တမြား ရော့နဂါး” … အဲ့ဂလို ဘာလားညာလား ထင် ယောင်ထင်မှား ဖြစ်အောင်နေတာကို ဟိုလိုလိုဒီလိုလို ဘာမှမဟုတ်တဲ့ ကျုပ်အတွက် စာချစ်သူတွေ စိုးရိမ်ပူပန်မှု မရှိကြ ဘူးလို့ ကြားသိရလို့ ဝမ်းသာဂုဏ်ယူမိပါတယ်။ အဲ့ဂလောက် ဂရုစိုက် အလေးပေးတဲ့အတွက် ကျေးဇူးပါ။
အဲ့ဂလို စာချစ်သူတွေ မစိုးရိမ်ပေမယ့် နိုင်ဂံဂျားမှာနေတဲ့ အသိတယောက်က မိုးမခမှာ စာမရေးတာ အတော်ကြာပေါ့ … သူ့အထင်က တရိပ်ရိပ်ကြီးထွားလာတဲ့ မဟာဗမာ၊ ရခိုင် ဗုဒ္ဓဘာသာအစွန်းရောက်တွေက အစိုး(ဆိုး)ရ နှစ်ရပ် အုပ်ချုပ်နေ သော တရားဥပဒေ စိုးမိုးရေးရှိမှန်း မသိရတဲ့ ရွှေပြည်ကြီးမှာ “မီးခိုးရောင် အသားအရည်၊ ပါးသိုင်းမွေး ကျိုးတိုးကျဲတဲ မုတ် ဆိတ်ကျင်စွယ်” (ရုတ်တရက်ကြည့်လိုက်ရင်တော့ အိန္ဒိယမင်းသား ရှာရွတ်ခန်းနဲ့ ခပ်ဆင်ဆင်) နဲ့ ရပ်ကွက်ထဲမှာ လူတကာ နဲ့မသိ၊ မပေါင်းသင်း – အိမ်ထဲမှာ တကုပ်ကုပ်နဲ့ စာဖတ်၊ စာရေး၊ ပျင်းအိပ်နေတဲ့ကောင်။ မိုးလင်းမိုးချုပ် အထက်ဘဝဂ်၊ အောက်အဝီဇိ တုန်လှုပ်အောင် ဒိန်းတလိန်းသံစဉ်တွေနဲ့ ဘယ်ဘုရားအတွက်၊ ဘယ်ဘုန်းကြီးကျောင်းအတွက်၊ ဘယ်ဆွမ်း အသင်းအတွက် များစွာသော အလှုခံတွေကို တံခါးမဖွင့် အလှူငွေမထည့်သူ။ လမ်းစုံလမ်းခွပိတ်ပြီး နိဗ္ဗာန်ရောက်ကြောင်း အပြတ်ဟဲတဲ့ ဓမ္မသဘင်တွေကို ရှောင်ရှားသူ။ အတွဲအကွဲအမူးတွေ ကြီးစိုးတဲ့ ဘုရားပွဲ မရောက်တဲ့ကျုပ်ကို အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ကြီးက တဘက်နိုင်ငံက ခိုးဝင်လာတဲ့ ဘင်္ဂလီ-ရိုဟင်ဂျာ စွပ်စွဲချက်တွေနဲ့ ဧည့်စာရင်းစစ်မယ်၊ အိမ်ထဲမှာ ဘုရားရှစ်ခိုးလား ဘာလားညာလားဆိုကာ အိမ်ထဲအတင်းအဓမ္မဝင် သူတို့ ဥပဒေ၊ သူတို့တရားစီရင်ရေးနဲ့ ဖျောက် ဖျက်လိုက်ပြီလားလို့ ဖွဘုတ်ကနေ message တောက်မေးလို့၊ ရွှေပြည်ကြီးရဲ့ ထပ်တိုးရန် သူတပါးဖြစ်တဲ့ မျက်ကန်းမျိုးချစ် ဆိုသူတွေရဲ့ေ-ာက်တလွဲ ရမ်းကားမှု ကင်းလွတ်အောင် တားမရဆီးမရ ထွက်တော်မူတဲ့ မျက်နှာမွေးများကို အခုအချိန်ကစပြီး မကြာခဏရိတ်ကာ၊ ခပ်ထိတ်ထိတ် သတိတရားလေးနဲ့ နေပါမယ်လို့ ပြန်ဖြေလိုက်တယ်။ ပြီးတော့ အလှူးလေး ဘာလေး ထည့်နိုင်အောင် မိုးမခအယ်မင်းထံမှ ငွေချေးအုံးမှ။
နောက် အထက်အညာနေ မိုးမခစာဖတ်မိတ်ဆွေတယောက်ရဲ့  အမေး “လား” ကတော့ “ပြည်သူနဲ့အတူ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီး” တည်ဆောက်နေချိန်မှာ အချိန်နဲ့တပြေညီ တဝုန်းဝုန်း တဒိုင်းဒိုင်း တိုးကြပ်လာတဲ့ ရွှေရန် ဂုံမြို့ဟောင်းကြီးမှာ သတင်းမီဒီယာလောကကို အုတ်အော်သောင်းနင်း ဖြစ်သွားခဲ့တဲ့ ကမ္ဘာ့အဆင့်အတန်းမီ “အဆင့်မြင့်” ခရီးသည်ဝန်ဆောင်မှု (Service) နဲ့ မြို့ တခွင် ပြဲပြဲစင် ကျော်ခွရိုက်နှက် ပြေးလွှာနေတဲ့ “YBS – Yes Bullshit” ဘတ်စ်ကား စနစ်ကို – ဝန်ကြီးချုပ် စီးပြတာကို အဟုတ်မှတ်ကာ လိုက်စီးကြည့်ပြီး ဘုမသိဘမသိ ငွေပြန်အန်ဖို့ ပြောမိလို့၊ တွန်းပို့တဲ့အတိုင်း အတွင်းထဲကို အတင်းတိုးမဝင်လို့၊ မြန်မြန်သွက်သွက် တက်မဆင်းလို့၊ ဟောက်ဟမ်းနေတာကို ကြည့်မိလို့ လက်မြန်ခြေမြန် စပယ်ယာ၊ ကားသမားရိုက်ချက်နဲ့ ဇီဝိန်ချုပ်ငြိမ်းသွားပြီလားလို့ စိုးရိမ်မိကြောင်း ဖုန်းဆက်ပြောလို့ တနေ့ကအဖြစ်ဆိုးကို ပြန် တွေးမိပြီး ကြက်သီးဘဲသီးထ ကြောက်မိပြန်တယ်။
ဖြစ်ပုံက Air-Con မဖွင့်ရင် တစ်ရာပဲ ပေးရမယ်ဆိုတဲ့ ထုတ်ပြန်ချက်ကိုေ-ာက်ဂရုမစိုက် အရေးမလုပ်၊ Air-Con မဖွင့်လို့ နှစ်ရာပေးဖို့ ငြင်းဆိုတဲ့ ကျုပ်ရှေ့ က တုန်တုန်ချိ့ ချိ့  သက်ကြားအဖိုးအိုတယောက်ကို ကားပေါ်က ကန်ချခံရမယ်ဆိုတဲ့ စပယ် ယာရဲ့  ကြိမ်းဝါးခြိမ်းသံကို ပြန်ကြားမိပြီး၊ တိုင်းဒေသလွှတ်တော် ကြားနာပွဲကို မတက်ရောက်၊ အဖြေမဲ့နေတဲ့ ခေါင်းရှောင်ကြီးရဲ့ တဆင့်ချင်းတဆင့် တိုးတက်လာပြီဆိုတဲ့ ဘတ်စ်ကား စီမံကိန်းအလွဲကို တွေးတွေးပြီး ရင်လေးကာ၊ မကြာခင် ရေချပြေး ဆွဲတော့မယ့် လက်လုပ်လက်စားတွေအတွက် ဈေးကြီးလှတဲ့ “အဆင့်မြင့်” Water Taxi (ဝါ) Water Bus ဆိုတဲ့ မဟာစီမံကိန်း အတွက်ပါ နှစ်ထပ်ကွမ်း ရင်လေးထိတ်လန့်မိကာ၊ အလွဲတွေ လွဲအုံးမှာ မြင်ယောင်နေသေး။
နောက် စိုးရိမ်သူတယောက်က ရပ်ကွက်ထဲက ငယ်သူငယ်ချင်းတယောက်။ မကြာခဏ အစားမှားပြီး ဝမ်းပြဿနာတတ်တဲ့ ကျုပ်ကို မတွေ့တာကြာပြီမို့ … အတွက်အချက်၊ အမျှော်အမြင်ကြီး၊ လေ့လာအားကောင်း၊ နည်းမှန်လမ်းမှန် စီမံခန့်ခွဲမှုများနဲ့ မြို့တော်စည်ပင်သာယာ ဖွံ့ဖြိုးတိုးတက်ရေးကို လွှတ်တော်နဲ့ ပြည်သူစကား နားမထောင်၊ နားမယောင် ကြိုးပမ်းဆောင် ရွက်နေခဲ့တဲ့ ဝန်ကြီးချုပ်ရဲ့  အောင်မြင်မှုတွေထဲက အအောင်မြင်ဆုံး ထိုင်းနိုင်ငံ Floating Market နဲ့အပြိုင်ဖြစ်လာမယ့် ကမ်းနားရေပေါ်ဈေး (မိုးတဖြိုက်ရွာတာနဲ့ ရေလျှံရေမြုပ်လို့) – ဝယ်သူကျဲကျဲ၊ ရောင်းသူဝက်ဝက်ကွဲ “အဆင့်မြင့်” ရေပေါ်ည ဈေးတန်းကို အထင်ကြီးပြီး သွားရောက်ကြည့်ရှုကာ လိုင်စင်မလို၊ ကျန်းမာရေး စီစစ်မှုမရှိ၊ ရောင်းချင်တာ ရောင်းနေကြတဲ့ လမ်းဘေးဈေးသည်တွေရဲ့ မသန့်ရှင်း အစားအစာတွေ၊ ယင်နားစားတွေ စားမိပြီး ဝမ်းတော်သွား ချုပ်ငြိမ်းသွားတယ်လို့ အိပ်မက်ဆိုးမက်ကြောင်း ပြောတော့မှ ချောင်းတဟွတ်ဟွတ်၊ နှပ်တရှုပ်ရှုပ်နဲ့ လက်အိတ်မပါ တဗြစ်ဗြစ် အသုတ်စုံ သုတ် ပေးတဲ့ ရပ်ကွက်ဈေးထဲက အသုတ်သည်ကြီးကို ပြေးမြင်မိကာ ဒီတခါ ပိုက်ဆံလေး စုမိရင် ဆေးစစ်ကြည့်မလား စဉ်းစားမိ။
ပိုက်ဆံရဖို့အရေး တွေးကြည့်တော့ နာမည်ရ စာရေးဆရာရဲ့ စာအုပ်တအုပ်ကိုတောင် အုပ်ရေ တစ်ထောင်ထက် ပိုမထုတ်နိုင် သေးတဲ့၊ အလွန်စာဖတ်နည်းတဲ့ လူဦးရေ (၅၅) သန်းကျော်ရှိသော ဒီတိုင်းပြည်ကြီးမှာ စာရေးဆရာဘဝနဲ့ ကျန်းမာရေး ကုန်ကျစရိတ်အတွက် စုနိုင်မှာမဟုတ်။ “ပြည်သူနှင့်အတူခေတ်ကြီး”မှာ ငွေအလွယ်ရနိုင်တဲ့နည်းက နေ့စား တနေ့ ခုနှစ်ထောင်-တစ်သောင်းနှုန်းနဲ့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ကြီးရဲ့ ဆန္ဒပြပွဲတွေလိုက်၊ အတိုက်အခံ ပါတီကြီးတွေရဲ့  မဲဆွယ်ပွဲ၊ လှုံဆော်ပွဲတွေ ထောက်ခံ၊ ဘယ်ဆရာတော်ကျောင်း၊ ဘယ်ဘေးညာဘေးအတွက် အစုအဖွဲ့ဖွဲ့ပြီး အလှုခံ။ နောက်ဆုံး နယ်စပ်မှာ ဘယ်လူမျိုးအတွက်ဆိုကာ “ဥပမာ – ပျူအမျိုးသား လွတ်မြောက်ရေးတပ်ဦး” ကြေညာချက် ထုတ်ပြီး လက်နက်ကိုင်ကာ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်တောင်း စီးပွားရေးလုပ်ဖို့ ငြိမ်းချမ်းရေးစကားဆို .. ဒီနည်းဒီလမ်းတွေနဲ့မှ ဖြစ်တော့မည်။
ကဲ … ရှိစေတော့။ အဲ့ဂလို ဘာဖြစ်နေလား၊ ညာဖြစ်နေလား စိုးရိမ်တကြီး မေးနေကြသူတွေကို ဟိုတခါတုန်းကလို လုလု အောင်၊ နန်းခင်ဇေယျာ၊ ရွှေရေးထင်ထင်တို့ကို ဝဲဘေးယျာရှေ့ နောက်ထားပြီး သတင်းစာရှင်းလင်းပွဲလုပ် မဖြေရှင်းတော့ဘဲ ဘာမှပေးစရာမလို၊ ဘာမှမရတဲ့ မိုးမခအွန်လိုင်း စာမျက်နှာကပဲ အခုလို ဖြေရှင်းလိုက်တာကို နားလည်ခွင့်လွတ်ပါ။ နောက် တခါဆို အရှင်းအလင်းတော်တဲ့ ပြည်ထဲရေးနဲ့တွဲပြီး ရှင်းလင်းအလင်းပြပါမယ်။
အဲ့ဂါနဲ့ စကားမစပ် ပြောချင်တာက ပွင့်လင်းတိုးတက်လာတဲ့ ဒီမိုကရေစီခေတ်ကြီးမှာ ရှေ့ ပြောနောက်ကြည့် သတိထားပြီး ပြောဆိုရေးသားဖို့ ပြောတဲ့အသိတချို့ ကို ကြုံတုန်းကျေးဇူတင် ပြောပြချင်တာက အလွန့်အလွန် Sensitive, Thin-skin ဖြစ်လွန်တဲ့ အာဏာပိုင်တွေနဲ့ ငြိစွန်းမှာကိုလည်း မစိုးရိမ်ပါနဲ့ ပန်းနုသွေးနဲ့ ကျုပ်လိုကောင်က အမေကျော်ဒွေးတော်လွမ်း၊ နယ်ချဲလက်ကိုင်တုတ်လို့ ဖွဘုတ်မှာ စွပ်စွဲပြောဆိုခံနေရတဲ့ ဟို ဘိလပ်မြေကပြန်လာပြီး ရွှေပြည်မှာ သရော်စာနဲ့ ဟိုကလိ ဒီကလိလုပ်နေတဲ့ ဗြိတိသျှကိုကိုမောင်လို ကျုပ်တို့တိုင်းပြည်ကို အကြိမ်ပေါင်းများစွာ ဂျောက်ထဲမကျအောင် အသက်ပေးစွန့် လွှတ် ကယ်တင်ခဲ့သော၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက် ကြီးပွားချမ်းသာအောင် ကိုယ်ကျိုးမကြည့် အုပ်ချုပ်ခဲ့သော၊ တပြည်ထဲနေ တိုင်းရင်းသားညီနောင်များအား စောင့်ရှောက်ကာကွယ်ပေးနေသော၊ အမျိုးသားရင်ကြားစေ့ရေး နဲ့ ငြိမ်းချမ်းသာယာရေးကို ပြည်သူ့မျက်နှာကြည့် လုပ်ဆောင်နေသော၊ နိုင်ငံတော်သယံဇာတများကို တံခါးမရှိ ဓါးမရှိ ကျူးကျော်ဝင်ရောက် သိမ်းယူနေ သော တိုင်းတပါးသားတွေအား ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ချေမှုန်းနေသော၊ အမျိုးဘာသာ သာသနာ ရှင်သန်ထွန်းကားရေးကို မေတ္တာတရားနဲ့ တည်ဆောက်နေသော၊ လွှတ်တော်တွေထဲမှာ တိုင်းကျိုးပြည်ကျိုးအတွက် အထက်ကစေခိုင်းတဲ့အတိုင်း မိန့်မိန့်ကြီးထိုင် ထမ်းရွက်နေသော ပြည်သူ့ကျေးဇူးရှင် တပ်မတော်သားတွေရဲ့ စွမ်းဆောင်ချက်များကို ဂုဏ်ပြုဂုဏ်ဖော် ထားသော သမိုင်းဖြစ်ရပ်မှန် မော်ကွန်းဝင်၊ အကယ်ဒမီဆုပေါင်းများစွာ ချီးမြှောက်ထိုက်သော “ပြည်ထောင်စုသစ္စာ” မှတ် တမ်း ရုပ်ရှင်ကြီးကို “ကျည်ထောင်စုသစ္စာ” ဆိုပြီး သရော်ရေးသားတာမျိုး မလုပ်ဝံ့ပါ။
အဲ့ဂလိုမျိုး မရေးမပြောဝံ့တတ်သလို ကျုပ်လိုကောင်က အစဉ်အမြဲ “အစိုးရနှစ်အုပ်စုနဲ့အတူ” ရှိနေမှာပါ။ ဘာလိုပဲဖြစ်ဖြစ် အခု ဒီစာရေးနေချိန်မှာ … နေပူတော်မှာ စစ်နဲ့ငြိမ်းချမ်းရေး ဒုတိယအကြိမ် ညီလာခံကြီး စတင်ကျင်းပနေပြီဆိုတော့ နောက် တပတ်၊ နှစ်ပတ်လောက်ဆို ရွှေပြည်ကြီး ငြိမ်းချမ်းနေလောက်ပြီ။ အဲဒီအခါ မုတ်ဆိတ်ပြန်ထားပြီး ကုလားသီချင်း တပုဒ်နဲ့ လမ်းစုံလမ်းခွမှာ လွတ်လွတ်လပ်လပ်၊ ပျော်ပျော်ကြီးကနိုင်ဖို့ ကကွက်တွေ ကျင့်ထားအုံးမှ။